ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးမြို့က ၁၂ ဘီးကုန်ကား အများအပြားကို စစ်ကောင်စီချောဆွဲ
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီက ရိက္ခာထောက်ပို့လမ်းကြောင်းအတွက် ဆိုပြီး ဒေသခံတွေရဲ့ ၁၂ ဘီးကုန်တင်ယာဥ် အပါအဝင် ကုန်တင်ယာဥ် အတော်တော်များများကို ပြီးခဲ့တဲ့ရက်ပိုင်းက အတင်းအကျပ် ချောဆွဲထားတယ်လို့ ဒေသခံ ကုန်တင်ယာဥ်ပိုင်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကလေးမြို့အတွင်းမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ ကားတွေဆီကို စစ်ကောင်စီ ဝန်ထမ်းတွေက အရပ်ဝတ်နဲ့ရောက်လာပြီး ဒရိုင်ဘာလိုင်စင်နဲ့ ဝှီးတက်ကို သိမ်းသွားပြီး သွားယူတဲ့ အခါမှာ ပြန်မလွှတ်တော့ဘဲ ကားတွေကို ခေါ်ထားတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ကလေးမြို့က ထောက်ပို့တပ် ဒကစတပ် (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ကလေး)နဲ့ ကလေးမြို့အဝင် ကားဝင်းမှာ အဲဒီချောဆွဲတဲ့ကားတွေကို ရပ်ခိုင်းထားပြီး အဲဒီနေရာနဲ့ ကားဝင်းတွေမှာ ရောက်နေတဲ့ ကားအစီးရေ ၅၀ ဝန်းကျင်ခန့်ရှိကြောင်း ကလေးမြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဘယ်ကိုသွားရမယ် ဘာလုပ်ရမယ်ဆိုတာ မသိဘူးဗျ။ အခုလို ကုန်ချရင်း အခုလို ခေါ်သွားလို့ ကျန်တဲ့ ကုန်ကားတွေက ကလေးမြို့ကို မဝင်ရဲဘဲ ပုန်းနေရတယ်”လို့ ကုန်ကားမောင်းသူ တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ဟာ ၁၂ ဘီး ကုန်တင်ကား အစီးရေး ၅၀၀ နီးပါးရှိပြီး ဒီကုန်ကားတွေဟာ စစ်ကိုင်းတိုင်း မဟာမြိုင်လမ်းကြောင်းကို ဖြတ်ကာ မန္တလေးမြို့နဲ ကလေးမြို့၊ တမူးမြို့တစ်ဝိုက်က ကုန်တွေကို အတက်အဆင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ကလေးမြို့ဟာ ချင်းတောင်နဲ့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ နေရာမှာရှိတာကြောင့် ကုန်ကားတွေကို အခုလို အတင်းအကျပ် စစ်ကောင်စီက ခိုင်းစေတဲ့ အတွက် ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုပါ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုလို ချောဆွဲတယ်ဆိုတာ အရင်စစ်အစိုးရလက်ထက်တွေမှာ လုပ်နေကြပါ။ ကားခမရတာများတယ်။ ဆီတော့ထုတ်ပေးတယ်”လို့ ကုန်ကားပိုင်ရှင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို မလိုက်ချင်လို့ ကုန်ကား အများအပြားဟာ ကလေးဝမြို့ အနီး မဟာမြိုင်တောအတွင်း နဲ့ ဘေးလွတ်ရာတွေမှာ ပုန်းနေကြတယ်လို့လည်း သူတို့က ပြောပါတယ်။
စစ်ကောင်စီက မတ်လ ၇ ရက်နေ့က ကုန်တင်ကား တချို့ကို ကလေးမြို့ကနေ မိုင် ၁၂၀ ခန့်ဝေးတဲ့ ဟားခါးမြို့ကို ဆန်တွေပို့ခိုင်းခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဟားခါးကို ကုန်ကားတချို့ထွက်သွားပေမဲ့ ကလေးမြို့က နေရာ ၃ ခုမှာ ခေါ်ထားတဲ့ ကားတွေကျန်နေဆဲဖြစ်ပြီး ဘယ်ကိုသွားရမယ်၊ ဘယ်နေ့ သွားရမယ်ဆိုတာကို မသိရသေးကြောင်း လည်း ကုန်ကားမောင်းသူတချို့က ပြောပါတယ်။
"ဟားခါးက ကလေးမြို့ကနေ ကုန်လိုက်ပို့ရင် လိုက်ပို့ရတာ အကြောင်းမဟုတ်ပေမဲ့ မိုင်းထိရင် ကားဆုံးရှုံးနိုင်တယ်၊ လူလည်း အသက်အန္တရာယ်ရှိတယ်"လို့ ကုန်ကားမောင်းသူတစ်ဦးက ပြောတယ်။
ချင်းဒေသခံ လက်နက်ကိုင်တပ်ဖွဲ့ တချို့ကတော့ အခုရက်ပိုင်း ချင်းတောင်ဘက်ကို ခရီးသွားလာတာတွေ မလုပ်ကြဖို့ သတိပေးထားတာ ရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကနေ ဒီနေ့ မတ်လ ၇ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချင်းတောင်ဘက်ကို တက်လာပြီး တိုက်ပွဲတွေ ဖြစ်နိုင်တာကြောင့် ချင်းတောင်ဘက်ကို ကားထွက်ဖို့ မသေချာဘူးလို့ မော်တော်ယာဉ်လိုင်းအသင်းက တာဝန်ရှိသူတွေက ပြောပါတယ်။
“ ဒါပေမဲ့ ကလေးမြို့ကနေ ဟားခါး၊ ဖလမ်း၊ တီးတိန်ဘက်ကို မော်တော်ယာဉ် မတ်လ ၈ ရက်နေ့မှာတော့ ပုံမှန်ပြေးဆွဲနေတယ်လို့ လည်း ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချင်းတောင်ဘက်ကိုတက်လာရင် တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ခရီးသွားလာတာ မပြုလုပ်ကြဖို့ PDF-Zolandက အသိပေး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကလေး-တီးတိန်သွားလာတဲ့ အဓိကလမ်းမကြီးကိုအသုံးမပြုကြဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ၄ ရက်ကြာ ပိတ်ထားခဲ့ပါတယ်။
စစ်ကောင်စီရိက္ခာလမ်းကြောင်းဟာ ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်အပြင် မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ဘက်ကို ပို့ဖို့ရှိတယ်လို့ ကလေးမြို့ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။
စစ်ကောင်စီဘက်ကိုတော့ ကလေးမြို့က ကုန်ကားတွေချောဆွဲတယ်ဆိုတာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။