မြန်မာစစ်ကောင်စီဝန်ကြီး ပါဝင်နိုင်ခဲ့တဲ့ ထိုင်းရဲ့  မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ

မြန်မာ့အရေး ပြင်းပြင်းထန်ထန် ဝေဖန်ကြတဲ့ အာဆီယံနိုင်ငံတချို့ မတက်ရောက်တဲ့ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, SAC MOFA Facebook

ဓာတ်ပုံ ပုံစာ, မြန်မာ့အရေး ပြင်းပြင်းထန်ထန် ဝေဖန်ကြတဲ့ အာဆီယံနိုင်ငံတချို့ မတက်ရောက်တဲ့ အစည်းအဝေး
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံအစိုးရက လက်ခံကျင်းပတဲ့ မြန်မာ့အရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲကို ဘန်ကောက်မြို့မှာ ကြာသပတေးနေ့က ကျင်းပခဲ့ရာမှာ မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်နိုင်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွတ်ပရာ မွတ်ဝီနိုင်းရဲ့ ဖိတ်ကြားစီစဥ်မှုနဲ့ ဖြစ်လာတဲ့ ဒီဆွေးနွေးပွဲဟာ အာဆီယံဆွေးနွေးပွဲ မဟုတ်ပေမယ့် မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံက ကြိုးပမ်း ဆောင်ရွက်မှုတွေကို အားပေးတာလို့ အိမ်ရှင်နိုင်ငံက ဆိုပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေကို ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် အာဆီယံ အဖွဲ့က စုပေါင်းအားထုတ်မှုတွေကို အထောက်အကူပြုနိုင်အောင် ဒီဆွေးနွေးပွဲက ရည်ရွယ်တာပါ” လို့ ထိုင်းနိုင်ငံခြား ရေးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စစ် ကန်ချန ပတ်ထြာချော့ကီက ပြောပါတယ်။

ဒီအလွတ်သဘောဆွေးနွေးပွဲကို အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာ အထူး ကိုယ်စား လှယ်လည်းဖြစ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆော့ခွန်း လည်း တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် လာအို နိုင်ငံခြားရေး ဝန်ကြီး၊ ဗီယက်နမ် ဒုနိုင်ငံခြားရေးဝန်ကြီးတို့လည်း ဒီ‌ဆွေးနွေးပွဲကို တက်ခဲ့ကြပါတယ်။

မြန်မာစစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးအပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာကံဇော်တို့လည်း ဒီအစည်းအဝေးမှာ ပါဝင်ခဲ့ပြီး “ အာဆီယံရဲ့ တူညီဆန္ဒ (၅)ချက်နဲ့ ပတ်သက်၍ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များ” ကို ပြောကြား ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

Thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွတ်ပရာ မွတ်ဝီနိုင်းက ဒီဆွေးနွေးပွဲကို ကျင်းပပေး

ထိုင်းက ဘာ့ကြောင့် မြန်မာ့အစည်းအဝေး ခေါ်တာပါလဲ

Myanmar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြခဲ့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  နိုင်ငံတကာ အစည်းအဝေးတွေသာမက ဒေသတွင်း အာဆီယံရဲ့ အဓိက အစည်းအဝေးတွေကိုပါ မြန်မာ စစ်ကောင်စီက အဆင့်မြင့် ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်တော့တဲ့ အခြေအနေအောက်မှာ ထိုင်းနိုင်ငံရဲ့ ဒီ အလွတ်ဆွေးနွေးပွဲ ဖြစ်လာတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အပေါ်  ကီလိုမီတာ ၂၄၀၀ နယ်စပ်ချင်း ဆက်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ စိုးရိမ်နေပြီး ပြေလည်နိုင်စရာ လမ်းကြောင်း တခုကို ရှာချင်ပုံရတယ်လို့လည်း မြင်ကြပါတယ်။  

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ဒုက္ခသည်တွေရောက်လာမှာ၊ အကြမ်းဖက်မှု ပဋိပက္ခတွေက နယ်စပ်ကို ကျော်လာမှာ” ကို ထိုင်းဘက်က စဉ်းစားနေနိုင်တယ်လို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျု (ISP - Myanmar) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက ဆိုပြီး “အာဆီယံက မြန်မာအစိုးရ ခေါင်းဆောင်တွေကို မဖိတ်တဲ့ ကန့်သတ်ချက် ရှိတယ်၊ ဒီဆွေးနွေးပွဲက အလွတ်သဘောဆိုတော့ ဖိတ်လို့ရ၊ စကားပြောလို့ ရတယ်” လို့ ပြောပါတယ်။

အာဆီယံကချမှတ်ထားတဲ့ မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် အာဆီယံ နိုင်ငံတွေ အကြား ဝေဖန်မှုတွေ ရှိနေသလို မြန်မာကို ပုံမှန်အတိုင်း ပြန်လည် ဆက်သွယ် ဆက်ဆံဖို့ စဥ်းစားမယ်ဆိုရင် အဲဒီ လုပ်ဆောင်ချက်တွေကို မူတည်ကြည့်ပြီး ဆုံးဖြတ်ကြဖို့ ဆိုတဲ့ တိုက်တွန်းတာတွေ ရှိနေပါတယ်။

အခုဆွေးနွေးပွဲကို အာဆီယံရဲ့ အရေးကြီး နိုင်ငံတွေလို့ ဆိုကြတဲ့ အင်ဒိုနီးရှား၊ မလေး ရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် စတဲ့နိုင်ငံက ကိုယ်စားလှယ်တွေ မတက်ခဲ့ကြပါဘူး။

ထိုင်းရဲ့ အခု ပြေလည်စေရေး ကြိုးစားမှု အပေါ် နယ်စပ်အခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စောင့်ကြည့်ကြပါတယ်။

“အရင်တုန်းကလိုပဲ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးလိုက်ရင် နိုင်ငံ့အရေး ပြေလည်သွားမယ်လို့ ထိုင်း (နိုင်ငံရေးအသိုင်းအဝိုင်း) တချို့က မြင်ကြဆဲပဲ၊ အဲဒါကိုက အမှန်လက်တွေ့နဲ့ ဝေးနေတယ်” လို့ ထိုင်းမြန်မာနယ်စပ် တကြောမှာ အခြေစိုက်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)မှာ တွဲဘက်အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့ဖူးတဲ့ ပဒို မန်းမန်းက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အရင် ၁၉၉၀ နှစ်တွေ ကာလမှာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားပေးပြီး အဲဒီအချိန်က မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ဖိအားတွေ ပေးခဲ့ဖူးပါတယ်။

UNSC

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံး ဆုံးဖြတ်ချက်ချမှတ်

အလွတ်သဘောဆွေးနွေးပွဲရဲ့ အလားအလာ

ဒီဆွေးနွေးပွဲမှာ ဘာတွေပြောဆိုခဲ့ကြတယ် ဆိုတဲ့ အသေးစိတ်တွေ ထွက်လာမယ့် ပုံမတွေ့ရသလို ဒီလို ဆွေးနွေးပွဲမျိုးတွေ နောက်ဆက်ရှိနေမယ်၊ မရှိတော့ဘူး ဆိုတာ ကိုလည်း ရေရေ ရာရာ မသိနိုင်သေးပါဘူး။

ဒါပေမယ့် အာဆီယံရဲ့ ကြိုးပမ်းမှု အပြင်ဘက်က လမ်းကြောင်းတခုလား ဆိုတာက တော့ စောကြောစရာပါ။

“ရှေ့ဆက်သွားဖို့တော့ ခက်ခဲပါတယ်၊ ဒါက အစဖြစ်ပြီး လမ်းစလေးတခု ပေါ်လာ ကောင်းရဲ့ လို့တော့ ဆုတောင်းနိုင်တာပေါ့” လို့ ISP Myanmar က ဦးအောင်သူငြိမ်း က ဆိုပါတယ်။

မြန်မာနိုင်ငံ ပဋိပက္ခ ဒီထက်ပိုကြီးမားလာပြီး နယ်စပ်တွေကို လျှံကျလာမယ့် ကသောင်းကနင်း ဖြစ်မှုတွေကို ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရှောင်လွှဲလိုကြမှာပါ။

ဘက် နှစ်ဖက်လုံးက သူတို့ဘက်က နိုင်မှာလို့ မြင်ထားကြတယ်လို့လည်း အာဆီယံ က သုံးသပ်ထားတာပါ။

ဒါပေမယ့် ဒေသတွင်းနိုင်ငံတွေ အကြံပြုနေတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းလာဖို့ အရေးကိုလည်း မြန်မာ စစ်ခေါင်းဆောင်တွေက လိုက်ပါဆောင်ရွက်မယ့်ပုံ မပြသေး ပါဘူး။

အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေ လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆယ်စုနှစ်ပေါင်း များစွာအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ချလိုက်တာနဲ့ အတူ အခု အလွတ်ဆွေးနွေးပွဲ သတင်းက ထွက်ပေါ်လာတာပါ။

မြန်မာအရေး ပြေလည်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ဟာ တချိန် အနိုင်ရသွားမှာပဲ ဆိုတဲ့ အမြင်နဲ့ ချဥ်းကပ်မှုတွေကို ပြောင်းဖို့ သင့်တယ်လို့ ကရင် အမျိုးသား တော်လှန်ရေးသမားက ဆိုပါတယ်။

“ကိုယ့်ဘက်က နိုင်မှာ၊ ဒါ့ကြောင့် ဆွေးနွေးပွဲဆိုတာကို လက်မခံဘူးလို့ ဆိုနေတာ မဟုတ်ဘူး” လို့ ပဒို မန်းမန်းက ပြောပါတယ်။

“စစ်ခေါင်းဆောင်တွေ အဆက်ဆက် ဆွေးနွေးရေးကို ဆိုတာကို ဟန်ပြ သုံးပြီး ဖိနှိပ်ရေးက တဖက်နဲ့ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ဖို့ပဲ လုပ်နေခဲ့တာပါ။ ... မြန်မာစစ်တပ်က ဖိနှိပ်မှုတွေ ရှိနေသ၍ တွန်းလှန် တော်လှန်တာတွေက ဆက်ရှိနေမှာပဲ၊ အခုက အရှိန်မြင့်လာနေပြီ၊ မြန်မာပြည် ပြဿနာက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှ ပြေလည်သွားမှာ၊ ထိုင်းအနေ နဲ့လည်း မြန်မာစစ်တပ်ကပဲ တချိန်မှာ အာဏာပြန်ထိန်းနိုင်မှာ၊ သူတို့နဲ့သာ စကား ပြောပါ ဆိုတာမျိုးကနေ ပြောင်းလဲ မြင်သင့်ပြီ” လို့ သူက တိုက်တွန်းသွားပါတယ်။