ဂါဇာက နောက်ထပ်ဆေးရုံတစ်ခု တိုက်ခိုက်ခံရ-နိုဝင်ဘာလ ၂၀ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဂါဇာ၊ အစ္စရေး၊ အင်ဒိုနီးရှားဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, Telegram

ရေးသားခဲ့သည်။

ဂါဇာမြို့မှာရှိတဲ့ အင်ဒိုနီးရှား ဆေးရုံကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသက ဟားမတ်စ်အုပ်ချုပ်တဲ့ ကျန်းမာရေးဌာနက ပြောပါတယ်။

အဲဒီဆေးရုံအနားမှာ တင့်ကားတွေ လှုပ်ရှားနေပြီး အနီးတဝိုက်မှာ သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆေးရုံ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ကြေညာချက်ထဲမှာတော့ ဒီဆေးရုံ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ အစ္စရေးစစ်တပ်အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ အခြေခံ အဆောက်အအုံတွေကို ဆက်ပစ်မှတ်ထား တိုက်ခိုက်နေဆဲ ဖြစ်ကြောင်းနဲ့ ဟားမတ်စ် တပ်ဖွဲ့ တပ်မှူး ၃ ယောက် သေဆုံးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာက အင်ဒိုနီးရှား ဆေးရုံကို တိုက်ခိုက်တာဟာ လူသားချင်းစာနာတဲ့ ဥပဒေကို အထင်အရှား ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ က ဝေဖန်ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်နေမှုတွေ ရပ်တန့်သွားအောင် ကမ္ဘာ့နိုင်ငံတွေ အားလုံးက သူတို့ရဲ့ အရှိန်သြဇာတွေကို သုံးကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ တနင်္ဂနွေနေ့တုန်းက ဂါဇာမြို့ အယ်လ် ရှီဖာဆေးရုံကနေ ကယ်ထုတ်ခဲ့တဲ့ လမစေ့ မွေးကင်းစကလေးငယ် ၂၈ ယောက်ကို အခုအခါ ရာဖာ နယ်စပ်ဂိတ်ကို ဖြတ်ပြီး အီဂျစ်နိုင်ငံထဲ ပို့ဆောင်ပေးဖို့ လုပ်နေပါတယ်။

မွေးကင်းစ ကလေးငယ် ၃၁ ယောက်ကို ဆေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့နဲ့အတူ လူနာတင်ကားတွေနဲ့ တောင်ပိုင်းကနေ ခေါ်ဆောင်လာခဲ့ကြောင်းနဲ့ နဂိုခေါ်လာတဲ့ ကလေးငယ် ၃၉ ယောက်ထဲက ၈ ယောက်သေဆုံးသွားခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

လောင်စာဆီ ပြတ်ပြီး လျှပ်စစ်မီးမရတဲ့ အယ်လ် ရှီဖာဆေးရုံကနေ အဲဒီကလေးငယ်တွေကို ခေါ်ထုတ်လာတာ ဖြစ်ပါတယ်။ အယ်လ် ရှီဖာဆေးရုံမှာ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ရဲ့ မြေအောက် ကွပ်ကဲရေးစခန်းတစ်ခု ရှိနေတယ်လို့ အစ္စရေးစစ်တပ်က ယူဆနေပြီး အဲဒီဆေးရုံကို အဓိကပစ်မှတ်ထား စီးနင်းရှာဖွေနေတာ ဖြစ်ပါတယ်။

အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် ရှာကီယာ ဒဏ်ကြေး၊ ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ အမှုကြေအေး

ရှာကီယာ၊ အခွန်ရှောင်၊ ကြေအေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမှုရင်ဆိုင်ဖို့ တရားရုံးကို ရောက်ရှိလာတဲ့ အဆိုတော် ရှာကီယာ

ကိုလမ်ဘီယာ နာမည်ကြီးအဆိုတော် ရှာကီယာဟာ စပိန်နိုင်ငံမှာ စွဲဆိုခံထားရတဲ့ အခွန်ရှောင်မှုကို ဒဏ်ကြေးပေးပြီး ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ ကြေအေးဖို့ ကတိပြုလိုက်ပါတယ်။

ဘာစီလိုနာမြို့မှာ လုပ်ခဲ့တဲ့ ကြားနာစစ်ဆေးမှု အစမှာ အမှုလိုက်ရှေ့နေတွေနဲ့ ရှာကီယာ အကြား သဘောတူချက်တစ်ခု ရခဲ့တယ်လို့ တရားသူကြီးက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ရှာကီယာ ဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း စပိန်အစိုးရကို ဝင်ငွေခွန်ဆောင်ရမယ့် ဒေါ်လာ ၁၅ သန်းကျော်လောက်ကို အခွန်မပေးရတဲ့ တိုင်းပြည်တွေဆီလွှဲပို့ခဲ့ပြီး အခွန်ရှောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

အခု သူက ဒဏ်ကြေးဒေါ်လာ ၇ သန်းခွဲကျော်ပေးရမှာ ဖြစ်ပါတယ်။

ရှာကီယာက သူ့ကလေးတွေရဲ့ အကျိုးအတွက် အကောင်းဆုံးဖြစ်အောင်နဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတလျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှု သောကတွေကနေ ကင်းလွတ်အောင် ဒီလိုကြေအေးဖို့ သဘောတူခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားမှာ စွန့်ပစ်ပစ္စည်းလောင်စာသုံးမှုကြောင့် ကျန်းမာရေး ထိခိုက်စေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ပြော

ကမ္ဘောဒီးယား၊ ဘရန်းတံဆိပ်အဝတ်ကုမ္ပဏီ၊ စွန့်ပစ် လောင်စာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဝတ်စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကို အုတ်ဖုတ်စက်ရုံတွေမှာ လောင်စာအဖြစ် အသုံးပြုနေ

ကမ္ဘောဒီးယားနိုင်ငံမှာ Adidas နဲ့ Disney အပါအဝင် နိုင်ငံတကာ ဘရန်းတံဆိပ် အဝတ်ကုမ္ပဏီ ၁၉ ခုရဲ့ စက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကို အုတ်ခဲစက်ရုံတွေမှာ လောင်စာအဖြစ် မီးရှို့အသုံးပြုနေတဲ့အတွက် ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာစေတယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေး အဖွဲ့ချုပ်က ပြောပါတယ်။

အဲဒီအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးသူတွေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေထဲမှာ အုတ်ခဲ စက်ရုံ ၇ ခုရဲ့ အပြင်ဘက်မှာ အပုံလိုက်ချထားတဲ့ အဝတ်စတွေ၊ ရော်ဘာနဲ့ ပလတ်စတစ် စွန့်ပစ်စတွေကို တွေ့ရပါတယ်။

အဲဒီစွန့်ပစ်ပစ္စည်းတွေကို မီးရှို့ရာကနေထွက်လာတဲ့ မီးခိုးတွေကြောင့် ဒေသခံတွေ နာမကျန်း ဖြစ်လာကြပြီး ခေါင်းကိုက်ဝေဒနာ၊ အသက်ရှူပိုင်းဆိုင်ရာဝေဒနာတွေ ခံစားနေရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Adidas အပါအဝင် ကုမ္ပဏီတစ်ချိုက ဒီကိစ္စကို စုံစမ်းစစ်ဆေးပါ့မယ်လို့ ကတိပြုထားပေမဲ့ Gap နဲ့ Disney အပါအဝင် တခြားကုမ္ပဏီတွေဆီကတော့ ဘာတုံ့ပြန်ချက်မှ မရသေးပါဘူး။

ကမ္ဘောဒီးယား အာဏာပိုင်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

လိုဏ်ဂူပြိုကျပြီး အိန္ဒိယလမ်းဆောက်လုပ်ရေး အလုပ်သမားတွေပိတ်မိနေတာ ၉ ရက်ရှိပြီ

အိန္ဒိယ၊ လိုဏ်ဂူပြိုကျ၊ အလုပ်သမား ပိတ်မိ၊ ကယ်ဆယ်ရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၉ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်ထုတ်နိုင်ဖို့ ဆက်လက်ကြိုးစားနေ

အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်ခြေမှာ လမ်းဆောက်လုပ်နေစဉ် လိုဏ်ခေါင်းပြိုကျပြီး ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို စိတ်ဓာတ်ကျမသွားအောင် ဆက်ထိန်းထားဖို့က အရမ်းကို အရေးကြီးတယ်လို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

မြေအောက်မှာ ပိတ်မိနေတာ ၉ ရက်ကြာ ရှိသွားပြီ ဖြစ်တဲ့ အဲဒီအလုပ်သမားတွေရဲ့ ကိုယ်ခန္ဓာပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိနိုင်ရေးအပေါ် စိုးရိမ်မှုတွေ တစ်နေ့တခြား တိုးလာနေပါတယ်။

သူတို့အတွက် အောက်ဆီဂျင်တွေ၊ အခြောက်ခံထားတဲ့ သစ်သီးတွေနဲ့ ကုလားပဲတွေကို ပိုက်ကျဉ်းကျဉ်းလေးတစ်ခုကနေ ပို့ပေးနေပါတယ်။ ဒါပေမဲ့ နောက်ထပ် ရက်ပေါင်းများစွာ ဆက်စောင့်ဆိုင်းနေရဦးမယ့်ပုံ ရှိတယ်လို့ သတိပေးထားပါတယ်။

အပြင်ကို ထွက်လာနိုင်မယ့် လမ်းကြောင်းတွေအဖြစ် အခုအခါ တောင်နံရံတွေကို အလျားလိုက်ရော ဒေါင်လိုက်ပါ တူးဖောက်နေပါတယ်။ ဒါပေမဲ့လည်း တောင်ကြောတွေက မြေကြီးတွေဖွာပြီး ကွဲအက်နေတဲ့အတွက် ဒီလို တူးဖောက်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။