ဇူလိုင် ၂၁ ရက် ထိပ်တန်းသတင်းများစုစည်းမှု - ဗကသကျောင်းသား ကိုဉာဏ်ဝင်းထက် ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်ခံရ

ရေးသားခဲ့သည်။

ရန်ကုန်၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌဟောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုဥာဏ်ဝင်းထက်ကို မနေ့ကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ နဲ့ ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်တယ်လို့ ဗကသ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကိုဥာဏ်ဝင်းထက်ဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ နှစ်ခု နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရလို့ စုစုပေါင်းထောင်ဒဏ်အနှစ် ၂၀ အထိ ရှိလာပြီလည်းဖြစ်ပါတယ်။

"ဒီရက်ပိုင်းက ကျောင်းသားတွေဆက်တိုက် ထောင်ဒဏ်တွေချမှတ်ခံရတယ်လို့ ကြားပေမဲ့ ဗကသ ရဲဘော် ကိုဥာဏ်ဝင်းထက်ကိစ္စကိုပဲ ကျွန်တော်တို့ သေချာသိထားပါတယ်" လို့ ဗကသ ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဗကသကျောင်းသားအယောက် ၅၀ ကျော်ရှိပြီး အဲဒီထဲက ၃၂ ယောက်ကတော့ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။

အကျဉ်းကျနေဆဲကျောင်းသားတွေထဲ တသက်တကျွန်းအထိ ပြစ်ဒဏ်ချခံထားရသူ ၃ ယောက်နဲ့ သေဒဏ်ချခံရသူ ၁ ယောက်ရှိထားပါတယ်။

KNU နယ်မြေထဲမှာ အရပ်သားထိခိုက်သေဆုံးမှုအယောက် သုံးရာ ကျော်ပြီလို့ KHRG ပြော

ဒူးပလာယာခရိုင်မှာ အများဆုံးသေဆုံး

ဒီနှစ်ဆန်းပိုင်းကစလို့ ဇူလိုင်လ တတိယအပတ်အထိ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေထဲ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူအရေအတွက် ၃၁၇ ယောက်အထိ ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဘီဘီစီကိုပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်ကာ တစ်ရာကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၆ ယောက်သေဆုံးပြီး ၃၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ‌သိရပါတယ်။

"ဒီအရေအတွက်က မနှစ်က တနှစ်လုံးစာထက်ကို ၁၄ ရာခိုင်နှုန်း ပိုများပါတယ်။ လူ့အခွင့်အရေးချိုးဖောက် အခံရဆုံးအခြေအနေပါ" လို့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒစူးက ပြောပါတယ်။

KHRG ရဲ့စာရင်းတွေအရ KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်ထဲက ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးစတဲ့ ဒေသတွေဘက်မှာ အခုလိုထိခိုက်သေဆုံးမှုဖြစ်စဉ်တွေအများဆုံးဖြစ်နေတာပါ။

ဇူလိုင်လ ၁၉ ရက်မှာတင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးထိခိုက်တဲ့ ဖြစ်စဉ်ရှိခဲ့ပြီး စစ်ကောင်စီကတော့ ဒါဟာ PDF တွေလက်ချက်လို့ စွပ်စွဲထားပါတယ်။

ဒူးပလာယာခရိုင်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ KNU ရဲ့ ဒီကနေ့နောက်ဆုံးရ ထုတ်ပြန်ချက်အရ ဇွန်လ တစ်လထဲမှာတင် နှစ်ဖက်တိုက်ပွဲကြီး ၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၄၆ ဦး‌သေဆုံးထားပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုထားပါတယ်။ KNU ဘက်ကတော့ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အရန်ငွေတွေကို စစ်ကောင်စီထုတ်မသုံးနိုင်အောင် လုပ်နေတယ်လို့ NUG ပြော

စစ်ကောင်စီဘဏ္ဍာ‌ငွေရရှိအောင် ကြားခံကူညီပေးနေတဲ့ လုပ်ငန်းရှင်တွေကို အရေးယူမယ်လို့ဆို

စစ်ကောင်စီအတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဝင်ငွေရရှိအောင် ပူးပေါင်းပါဝင်နေတဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်၊ လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးသမားတွေအနေနဲ့ ဒီလုပ်ရပ်တွေအပေါ် တာဝန်ခံရမှာဖြစ်ပြီး ဥပဒေနဲ့အညီ ပြတ်ပြတ်သားသားအရေးယူမယ်လို့ NUG အစိုးရ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဘဏ်တွေမှာ အပ်နှံထားတဲ့ငွေတွေဟာ စစ်‌ကောင်စီကို တဖက်လှည့်နဲ့ ကူညီရာရောက်နေတာကို သိသင့်တယ်လို့ မနေ့ကပြုလုပ်တဲ့ NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

စစ်ကောင်စီဗဟိုဘဏ်က ထုတ်ရောင်းနေတဲ့ ငွေတိုက်စာချုပ် နဲ့ငွေတိုက်လက်မှတ်တွေဟာ တရားမဝင်ဘူး‌လို့ ဦးတင်ထွန်းနိုင်က ပြောခဲ့ပါတယ်။

NUG က ပြင်ဆင်ထားတဲ့ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရလည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အနေနဲ့ဆိုပြီး စစ်ကောင်စီကရယူထားတဲ့ ကြွေးမြီတွေကို ပြည်သူ့ကြွေးမြီလို့ မသတ်မှတ်သလို ပြည်သူ့ဘက်ကလည်း ဒီဝန်ကိုထမ်းစရာမလိုဘူးလို့ ထည့်ပြောပါတယ်။

နိုင်ငံတကာဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံတော်အရန်ငွေတွေကိုလည်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ယူသုံးစွဲနေတာအချို့ရှိနေပြီး ဒါတွေကို သုံးခွင့်မပေးဖို့ သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း၊ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"ဒါတွေက ပြည်သူလူထုပိုင်တဲ့ အရင်းအမြစ်တွေဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ဆီမရောက်အောင် ကြားကာလဗဟိုဘဏ်ကနေပြီးတော့ နိုင်ငံတကာအာဏာပိုင်တွေနဲ့ ချိတ်ဆက်လုပ်နေတယ်" လို့ NUG အစိုးရ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

ဇွန်လတုန်းက စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကိုအမေရိကန်က ပိတ်ဆို့အရေးယူခဲ့ပြီးနောက် စစ်ကောင်စီ အပ်နှံထားတဲ့ ဒေါ်လာ သန်းငါးရာ စင်္ကာပူက ဘဏ်နှစ်ခုမှာ ပိတ်မိနေပါတယ်။

စစ်ကောင်စီဝင်တွေ နဲ့ ဝန်ကြီးတချို့ကို ဥရောပသမဂ္ဂ ထပ်မံပိတ်ဆို့

စစ်ကောင်စီ နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူခြောက်ဦးနဲ့ အဖွဲ့အစည်းတစ်ခုကို ဥရောပသမဂ္ဂ ထပ်တိုးပိတ်ဆို့ အရေးယူတဲ့အကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

လူပုဂ္ဂိုလ်တွေအနေနဲ့ အရပ်သားစစ်ကောင်စီဝင် နှစ်ဦး၊ ဝန်ကြီး သုံးဦးနဲ့ စစ်ထောက်ချုပ် တို့ အရေးယူပိတ်ဆို့ခံရတာဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းလည်း ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပါဝင်လာပါတယ်။

ပိတ်ဆို့ခံရတဲ့ အရပ်သားစစ်ကောင်စီဝင် ဦးအောင်ကျော်မင်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီကမှ စစ်ကောင်စီဝင် ဖြစ်လာတာပါ။ ဦးပိုးရယ်အောင်သိန်း ကတော့ ကယားပြည်နယ်က ကြံ့ခိုင်ရေးအမတ်ဟောင်းလည်း ဖြစ်ပါတယ်။

အရေးယူခံရတဲ့ ဝန်ကြီးသုံးဦးကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တို့ဖြစ်ကြပါတယ်။

စစ်တပ်ရဲ့ အရေးကြီးတဲ့ ရာထူးတစ်ခုဖြစ်တဲ့ စစ်ထောက်ချုပ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းလည်း အရေးယူပိတ်ဆို့ခံရပါတယ်။

အမှတ်(၂)သတ္တုတွင်းလုပ်ငန်းကတော့ ‌ရွှေ၊ ယူရေနီယံ နဲ့ ခဲမဖြူ၊ အဖြိုက်နက် စတဲ့ သတ္တုတူးဖော်ထုတ်လုပ်ခွင့်တွေအတွက် အရေးပါတဲ့ လုပ်ငန်းဖြစ်ပါတယ်။

အီးယူအနေနဲ့ စစ်ကောင်စီ နဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် ၉၉ ဦး နဲ့ အဖွဲ့အစည်း ၁၉ ခုကို အရေးယူပိတ်ဆို့ပြီး အခုပိတ်ဆို့မှုက ခုနှစ်ကြိမ်မြောက်ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။