အစ္စရေး -ဂါဇာအရေးမှာ အသက်ပေးရတဲ့ သတင်းသမား ၁၀ယောက် ကျော်ရှိလာ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှေ့တန်းမှာ သတင်းယူရင်း အသက်ပေးခဲ့ရတဲ့ သတင်းသမားတွေ ၇ရက်အတွင်း အနည်းဆုံး ၁၂ယောက်ရှိတယ်လို့ CPJ ပြော
ရေးသားခဲ့သည်။

တင်းမာမှု မြင့်မားနေတဲ့ အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်မှာ အစ္စရေးဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို သတင်းယူရင်း ဓာတ်ပုံနဲ့ ဗီဒီယို သတင်းထောက် Issam Abdallah အစ္စဆမ် အဗ္ဗဒူလာ သေဆုံးသွားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လက်ဘနွန် အလံ လွှမ်းခြုံထားတဲ့ အစ္စဆမ်အဗ္ဗဒူလာရဲ့အလောင်းကို သူ့မိသားစု ရှိရာ Khiam မြို့တောင်ပိုင်းကနေ အနားက သင်္ချိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သင်္ဂြိုဟ်ခဲ့ကြရာမှာ သတင်းထောက်တွေနဲ့ လက်ဘနွန်က အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အသက် ၃၇နှစ်ရှိ လက်ဘနွန်မှာနေထိုင်သူ မစ္စတာ အဗ္ဗဒူလာဟာ ၂၀၂၀ တုန်းက ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု ဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းပုံရိပ်တွေကို ကမ္ဘာကို ချပြနိုင်ခဲ့တဲ့အတွက် ရိုက်တာကပေးအပ်တဲ့ သတင်းဓာတ်ပုံဆု ရွေးချယ်ခံရဖို့ ဆန်ကာတင် စာရင်းမှာ ပါ၀င်ခဲ့သူပါ။

သူဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ IS အဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ပွဲတုန်းကလည်း သတင်းတွေ ရယူပေးနိုင်ခဲ့သလို ယူကရိန်းကို ရုရှားက ၀င်တိုက်တဲ့ စစ်ပွဲမှာလည်း သတင်းယူပေးခဲ့သူတယောက် ဖြစ်ပါတယ်။

သူဟာ ပုပ်ရဟန်းမင်းကြီး ခရီးစဥ်ကစလို့ ငလျင်လှုပ်တဲ့ သတင်း အဆုံး သူ့ရှေ့မှောက်မှာ ဖြစ်ပျက်နေတာတွေကို တက်ဆက်ပေးရတာကို အားရကျေနပ်မှုရှိတဲ့ သတင်းသမားတယောက် ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနရဲ့ ဥရောပဆိုင်ရာ ဗီဒီယို အယ်ဒီတာ အယ်လီနော် ဘေးလ်စ်က ပြောပါတယ်။

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကြောင့် သေကြေပျက်စီးရသူတွေထဲ သတင်းသမားတွေပါ၀င်မှု တိုးလာ

အစ္စဆမ် အဗ္ဗဒူလာ လိုဘဲ လက်ရှိ ဖြစ်ပွားနေတဲ့အစ္စရေး- ဂါဇာ ပဋိပက္ခမှာ ဟားမတ်စ်အဖွဲ့က အစ္စရေးတောင်ပိုင်းကို ၀င်တိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကစလို့ အောက်တိုဘာ ၁၇ ရက် အထိ အနည်းဆုံး သတင်းထောက် ၁၅ ယောက် အသက်ပေးခဲ့ရတယ်လို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန် ပါတယ်။

အခု သတင်းရေးနေချိန် အောက်တိုဘာ ၁၇ ရက် အထိ အစ္စရေး နဲ့ ပါလက်စတိုင်း နှစ်ဖက်သေဆုံးသူပေါင်း ၄ထောင်ကျော် ရှိလာတဲ့ ဂါဇာ အရေးမှာ အသက်ပေးခဲ့ရတဲ့ သတင်းသမားတွေအနက် ပါလက်စတိုင်း ၁၁ ယောက် ၊ အစ္စရေး ၃ ယောက်နဲ့ လက်ဘနွန်က ၁ယောက် တို့ ပါ၀င်ပါတယ်။

အခုလို သတင်းသမားတွေ ဂါဇာမှာ ထိခိုက် အနာတရဖြစ် ၊ ဖမ်းဆီး ခြိမ်းခြောက်ခံနေရတဲ့အပြင် သူတို့ရဲ့ အလုပ်လုပ်ရာနေရာတွေ ထိခိုက်ပျက်စီးခဲ့တာနဲ့ ပတ်သက်ပြီး CPJ က စုံစမ်း စစ်ဆေးလျက် ရှိပါတယ်။

ဆက်သွယ်ရေးအခက်အခဲ နဲ့ မီးပြတ်တောက်မှု အကြီးအကျယ် ကြုံနေရတဲ့ အပြင် အစ္စရေးက လေကြောင်းက တိုက်ခိုက်မှု ၊ မြေပြင်ကနေ ထိုးစစ်ဆင်တော့မယ့် အခြေအနေတွေကြားမှာ သတင်းထောက်တွေဟာ ကြီးမားတဲ့အန္တရာယ်တွေကြား သတင်းယူနေရတာ ဖြစ်တယ်လို့ CPJ က ဆိုပါတယ်။

အရပ်သား လူထုကြားက ပေါက်ဖွားလာတဲ့ သတင်းသမားတွေဟာ ပဋိပက္ခအတွင်း အရေးကြီးတဲ့ လုပ်ရပ်တွေကို လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် စစ်အတွင်း နှစ်ဖက် အသင်းအဖွဲ့တွေအနေနဲ့ သတင်းသမားတွေကို ပစ်မှတ်ထား တာမျိုး မဖြစ်သင့်ဘူးလို့ CPJ ရဲ့ အာဖရိက မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အစီအစဥ် ညှိနှိုင်းရေးမှူး ရှရိဖ် မန်ဆူး Sherif Mansour က ပြောပါတယ်။

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသက်ပေးခဲ့တဲ့ရတဲ့ သတင်းထောက်တွေထဲ ပါလက်စတိုင်းတွေ အများဆုံးဖြစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေဆုံး ၊ ပျောက်ဆုံး ၊ ဒဏ်ရာရ ၊ ထိန်းသိမ်းခံနေရတဲ့ သတင်းထောက်တွေကို CPJ က အခုလို ရက်အလိုက် စာရင်း ပြုစုထား ပါတယ်။

အောက်တိုဘာ ၁၃

သေဆုံး

၁. မူဘာရက် - အယ် အာဆက်ခ် ရေဒီယို

၂. အဗ္ပဒူလာ - ရိုက်တာ သတင်းဌာန ဘေရွတ် အခြေစိုက် ဗီဒီယို သတင်းထောက်

ဒဏ်ရာရ

၁. အယ်လ် ဆူဒါနီ - ရိုက်တာ သတင်းထောက်

၂. မဟာ နာဇက် - ရိုက်တာ သတင်းထောက်

၃. အလီ ဘရာခါရာ - အယ်ဂျာဇီးယား ရုပ်မြင်သတင်းအဖွဲ့၀င်

၄. ဂျူခါဒါ - အယ်ဂျာဇီးယား ရုပ်မြင် သတင်းထောက် ကင်မရာသမား

၅. ခရစ်စတီးနား အက်ဆီ - အေအက်ဖ်ပီ သတင်းဓါတ်ပုံသမား

၆. ဒိုင်လင်ကောလင်း - အေအက်ဖ်ပီ ဗီဒီယို သတင်းထောက်

အောက်တိုဘာ ၁၂

သေဆုံး

၁. အာမက် ရှီဟတ်ဘ် - ဆိုး အယ် အာဆရာ ရေဒီယို

အောက်တိုဘာ ၁၁

သေဆုံး

၁. မိုဟာမက် ဖရက်ဇ် အဘူမက်တာ - အလွတ်တန်း ဓါတ်ပုံသတင်းသမား

အောက်တိုဘာ ၉

သေဆုံး

၁. ဆာရိ အယ်တ၀ီးလ် - အယ် ခမ်ဆာ သတင်း၀က်ဘ်ဆိုက် အယ်ဒီတာချုပ်

၂. မိုဟာမက်ဆော့ဘ် - ခဘာ သတင်းအေဂျင်စီ ဓါတ်ပုံ သတင်းထောက်

၃. ဟစ်ရှန် အယ်နွာဂျာ - ခဘာ သတင်းအေဂျင်စီ သတင်းထောက်

အောက်တိုဘာ ၈

သေဆုံး

၁. အာဆက် ရှမ်လက်ခ် - အလွတ်သတင်းထောက်

အောက်တိုဘာ ၇

သေဆုံး

၁. ရာနိဗ် ဇိုဟာ - ဟီးဘရူးဘာသာ နေ့စဥ် သတင်းစာ ဓါတ်ပုံသတင်းထောက်

၂. မိုဟာမက် အယ်ဆာဟီ - သတင်းဌာန ဓါတ်ပုံသတင်းထောက်Fourth Authority

၃. မိုဟာမက် ဂျာဂွန်း - သတင်းထောက်Smart Media

၄. အီဘရာဟင် မိုဟာမက် လာဖီ - ဓါတ်ပုံ သတင်းထောက်Ain Media

ထိန်းသိမ်းခံ/ပျောက်ဆုံး

၁. နဒါး အယ် ၀ါဟီဒီ - ဓါတ်ပုံသတင်းထောက် အယ်လ်နာဂျာ့ ချန်နယ်

ပျောက်ဆုံး

၁. ဟိုင်သမ် အဗ္ပဒဲလ်၀ါဟစ် - ဓါတ်ပုံသတင်းထောက် Ain Media

၂. ရိုဟီး အိုင်ဒန် - ဓါတ်ပုံသတင်းထောက် အစ္စရေး ရာနက် သတင်းဌာန

ဒဏ်ရာရ

၁. အီဘရာဟင် ကွာနန် - သတင်းထောက် Ak Ghad Channel

၂. ဖိုင်ရပ်စ် လူတဖီ - သတင်းထောက် Sky News Arabia