ဒီဇင်ဘာ ၉ ရက် ထိပ်တန်းသတင်းများ - မင်းလှမြို့က စစ်ဆေးရေးဂိတ်ကို PDF တွေ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံး

စမ်းဘုတ်ရွာ စစ်ကောင်စီတပ်စခန်း

ဓာတ်ပုံ ရင်းမြစ်, သာယာဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, စမ်းဘုတ်ရွာ စစ်ကောင်စီတပ်စခန်း
ရေးသားခဲ့သည်။

ပဲခူးတိုင်း၊ မင်းလှမြို့၊ စမ်းဘုတ်ရွာထိပ်က စစ်ဆေးရေးဂိတ်ကို PDF တွေ ဒီဇင်ဘာ ၈ ရက်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲနဲ့တပ်သား စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကြေညာထားပါတယ်။

စစ်ကောင်စီအင်အား ၁၅ ဦး အထိုင်ချထားတဲ့ ပဲခူးရိုးမအစပ်က နေရာကို တိုက်ခိုက်ပြီးတဲ့နောက် စစ်လက်နက်အသုံးအဆောင်ပစ္စည်းတချို့နဲ့ ရုပ်အလောင်းတွေကို PDF ဘက်က ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်လာပါတယ်။

ဒါပေမဲ့ ညပိုင်းလောက်မှာ စစ်တပ်ဘက်က အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကူတွေရောက်ရှိလာတာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ စမ်းဘုတ်စစ်ဆေးရေးဂိတ်ကနေ ပြန်ဆုတ်ခွာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်ကနေ ပြီးခဲ့တဲ့ လတုန်းက စမ်းဘုတ်ရွာတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးအပြောအရ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

နယ်စပ်က စစ်ဘေးဒုက္ခသည်တွေအရေး ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မယ်

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့  တွေ့ဆုံနေပုံ

ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs, Kingdom of Thailand

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံနေပုံ

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ (၈) ကြိမ်မြောက် မဲခေါင်-လန်းချန်း အစည်းအဝေးကာလအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံပြီးတဲ့နောက် ဒီလိုသဘောတူညီချက် ထွက်လာတာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာဘက်ကနေ အထူးအဖွဲ့တစ်ဖွဲ့ ထိုင်းဘက်ကို စေလွှတ်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ရောက်အောင် ကူညီပေးခဲ့လို့ မြန်မာကို ကျေးဇူးတင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာ့အရေးဆိုင်ရာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထိုင်းက ပံ့ပိုးကူညီသွားမယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကတော့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ( HRW) က ထိုင်း - မြန်မာနယ်စပ်က ထိုင်းဘက်ခြမ်းမှာဝင်ရောက်ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက အတင်းပြန်ခိုင်းတာတွေရှိနေတာကြောင့် စစ်ရှောင်တွေမှာ အသက်ဘေးနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကလည်း နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားတာမရှိလို့ မြန်မာနိုင်ငံကိုပြန်နိုင်ကြောင်းပြောခဲ့တာသာဖြစ်ပြီး ဒုက္ခသည်တွေကို လချီလက်ခံထားသလို သူတို့ အတွက်လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးခဲ့တယ်လို့ တုံ့ပြန်ကြောင်းလည်း HRW က‌ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၈၀ ခုနှစ်ကျော်ကစလို့ ဒုက္ခသည် စခန်းကိုးခုဖွင့်လှစ်ပြီး မြန်မာနိုင်ငံက ဒုက္ခသည် ၉၀,၀၀၀ ခန့်ကို ခိုလှုံခွင့်ပြုထားတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် မှာလည်း နောက်ထပ် မြန်မာဒုက္ခသည် ၄၅,၀၀၀ ထက်မနည်းဟာ ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရတာဖြစ်ပါတယ်။

ပြည်ပက လုပ်ခလစာငွေကို ကျပ် ၃,၄၀၀ နှုန်းအထိ ပြည်တွင်းဘဏ်တွေ တိုးမြှင့်ဝယ်ယူ

ရန်ကုန်မြို့ နောက်ဖေးလမ်းကြားတစ်နေရာမှာ မြန်မာကျပ်ငွေကနေ အမေရိကန်ဒေါ်လာသို့ တရားမဝင် ငွေလဲလှယ်မှု လုပ်ဆောင်နေတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ နောက်ဖေးလမ်းကြားတစ်နေရာမှာ မြန်မာကျပ်ငွေကနေ အမေရိကန်ဒေါ်လာသို့ တရားမဝင် ငွေလဲလှယ်မှု လုပ်ဆောင်နေတဲ့မြင်ကွင်း

ပြည်ပဘဏ်ကနေ တိုက်ရိုက်လွှဲပို့တဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာငွေတွေကို တစ်ဒေါ်လာ ကျပ် ၃,၄၀၀ အထိ ပြည်တွင်းဘဏ်အချို့က ပေးဝယ်နေတယ်လို့ ဘီဘီစီ က စုံစမ်းသိရပါတယ်။

အမေရိကန် တစ်ဒေါ်လာကျပ် ၂,၉၂၀ ဝန်းကျင် ပေးဝယ်နေရာကနေ ကျပ် ၅၀၀ နီးပါးအထိ စျေးမြှင့်ပေးလာတာပဲ ဖြစ်ပါတယ်။

တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့ ငွေလဲနှုန်းထားတွေအရ KBZ Bank မှာတော့ လုပ်ခလစာငွေ တစ်ဒေါ်လာကို ကျပ် ၃,၄၀၀ နှုန်းသတ်မှတ်ထားပြီး CB Bank နဲ့ A Bank မှာတော့ ကျပ် ၃,၃၇၀ နှုန်းနဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။

ပြည်ပရောက်အလုပ်သမားလွှဲပို့ငွေနဲ့ ပတ်သက်လို့ ငွေလဲနှုန်းထားမြှင့်တင်ပေးလိုက်တဲ့ အကြောင်းရင်းကိုတော့ စစ်ကောင်စီ ဗဟိုဘဏ်ဘက်က တရားဝင်ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။

နိုင်ငံခြား ငွေဈေးကွက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ဗဟိုဘဏ်ကနေ ပို့ကုန်သမားတွေရဲ့ ပို့ကုန်ဝင်ငွေထဲက ၆၅ ရာခိုင်နှုန်း နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်တယ်လို့ ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့၊သီတာလမ်း ဆန္ဒပြပွဲ ပစ်ခတ်ခံရလို့ နှစ်ဦး သေဆုံး

တာမွေမြို့နယ်က သီတာလမ်းထိပ်မှာ မနေ့ညနေပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, SS/AAMIJ

ဓာတ်ပုံ ပုံစာ, တာမွေမြို့နယ်က သီတာလမ်းထိပ်မှာ မနေ့ညနေပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲ

တစ်ဒါဇင်ကျော်အဖမ်းခံရ

ရန်ကုန်မြို့၊ တာမွေမြို့နယ်က သီတာလမ်းထိပ်မှာ မနေ့ညနေပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့လို့ နှစ်ဦး သေဆုံးပြီး လူတစ်ဒါဇင်နီးပါး အဖမ်းခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သပိတ်အင်အားစုတွေဘက်က ထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်တွေအရ လမ်းမပေါ်မှာ တာယာကွင်းတွေ မီးရှို့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အလျှင်အမြန်ပဲ ရှောင်တိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ လောင်စာဆီ ရှားပါးပြတ်လပ်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု နဲ့ အတူ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေ အကျပ်အတည်းတွေ အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတာလို့ သပိတ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သီတာလမ်းမှာ နေထိုင်သူတချို့ကတော့ မနေ့ညနေပိုင်းက သေနတ်သံတွေ ဆက်တိုက်ကြားခဲ့ရပြီး ဘာဖြစ်တယ်ဆိုတာကို ကနဦးက အတိအကျမသိခဲ့ကြပေမဲ့ နာရီအနည်းငယ်အကြာမှာတော့ ဆန္ဒပြပွဲကို ပစ်ခတ်မှုလို့ သိရှိခဲ့ကြပါတယ်။

‘’အဲဒီနားမှာ ပွဲစျေးရှိတော့၊ အဲဒီမှာလုံခြုံရေးယူနေတဲ့ အရပ်ဝတ်တွေလာပစ်တာ။ နှစ်ယောက်သေတယ်ကြားပါတယ်။’’ လို့ သီတာလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဆန္ဒပြပွဲပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လမ်းကိုပိတ်ထားလိုက်ပြီး စစ်ဆေးဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ သီတာလမ်းမှာနေထိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သီတာလမ်းပစ်ခတ်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာ မရှိသေးပါဘူး။