အောက်တိုဘာ ၂၃ ရက် ထိပ်တန်းသတင်းများ - မြန်မာမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံးမှာ ဆက်ရှိနေ

မြန်မာမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်တွင်းကနေ ထွက်ခွာနေပေမဲ့ တရုတ်ဟာ မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်နေတယ်လို့ အာဆီယံဒေသတွင်းက ရင်းနှီးမြှုပ်နှံမှုတွေ အကြောင်းဖော်ပြတဲ့ Asean Briefing က ပြောပါတယ်။
အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၀၀ နီးပါးမှာ တရုတ်က ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး အများစုဟာ လျှပ်စစ်ကဏ္ဍမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီပမာဏဟာ မြန်မာမှာပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ပမာဏရဲ့ ၂၃ ရာခိုင်နှုန်းအထိရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဆိုရင် စစ်ကောင်စီဟာ ပြည်ပရင်းနှီးမြှုပ်နှံမှု ၅.၇ ဘီလျံအထိ အတည်ပြုပေးခဲ့ပြီး အဲဒီထဲက ၃ ဘီလျံဟာ တရုတ်ကနေ လာတာဖြစ်တယ်လို့ ISP Myanmar ရဲ့ အချက်အလက်ကိုလည်း ကိုးကားဖော်ပြပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်း(CMEC) အောက်က အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ဆိပ်ကမ်းနဲ့ မီးရထားလမ်းပိုင်းဆိုင်ရာတွေကို လုပ်ကိုင်နေတာလို့ ဆိုပါတယ်။
အဲဒီစီးပွားရေးစင်္ကြန်သာ အောင်မြင်တယ်ဆိုရင် တရုတ်ဟာ သူ့ရဲ့ ထုတ်ကုန်တွေကို တောင်အာရှ၊ အနောက်အာရှ၊ အရှေ့အာဖရိကနဲ့ ဦရောပကို မြန်မာကနေ တဆင့် တင်ပို့နိုင်မှာဖြစ်ပြီး ကုန်ကြမ်း တွေကိုလည်း မြန်မာကနေတဆင့် တရုတ်ပြည်တွင်းကို တင်သွားနိုင်မှာဖြစ်ပါတယ်။
တရုတ်ဟာ ရခိုင်၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်ကနေ တဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲကို ချိတ်ဆက်ထားတဲ့ပိုက်လိုင်းလည်း ကီလိုမီတာ ၇၀၀ ကျော်ရှည်တဲ့ပိုက်လိုင်းလည်း ရှိနေပါတယ်။
၂၀၂၂ ခုနှစ်မှာ အဲဒီပိုက်လိုင်းကနေ တဆင့် ဒေါ်လာ ၁ ဘီလျံခွဲတန်ဖိုးနီးပါးရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်ကို တင်ပို့ထားပါတယ်။
မြန်မာ့စီးပွားရေးအနာဂတ်ဟာ နိုင်ငံတကာ စီးပွားဖက် အထူးသဖြင့် တရုတ်နဲ့ ချိတ်ဆက်နေသလို ပြည်တွင်းမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်း တည်ငြိမ်အောင် လုပ်ဆောင်နိုင်မလားဆိုတဲ့ အပေါ်မှာလည်း မူတည်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို မနေ့ ည ၉ နာရီ ဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Urban Special Operation (U.S.O) အဖွဲ့က ထုတ်ပြန်သလို ဒေသခံတွေကလည်း ပေါက်ကွဲသံ ကြားခဲ့ရတယ်လို့ ပြောပါတယ်။
"ပေါက်ကွဲသံက ကျယ်ပါတယ်။ လေထီးခုန်ကွင်းထဲ ကျပြီးပေါက်တယ်လို့ သိရတာပဲ" လို့ လေတပ်စခန်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ U.S.O ကတော့ ဒီလိုတိုက်ခိုက်မှုကြောင့် စခန်းထဲက လေယာဉ်ဆီ၊ လေယာဉ်ပြုပြင်ရမယ့်ပစ္စည်းတွေနဲ့ လေယာဉ်အချို့ ပျံသန်းဖို့ ရပ်နားထားရတဲ့အကြောင်း အတွင်းသတင်းရရှိထားတယ်လို့ ဒီကနေ့မနက်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ တိုင်းရင်းသားဒေသတွေနဲ့ ပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက်နေတာကြောင့် အခုလိုတိုက်ခိုက်ရတာလို့လည်း U.S.O က ပြောထားပြီး စစ်ကောင်စီရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေအပြင် ပတ်သက်ဆက်နွယ်တာတွေကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးဖော်ဆောင်မယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
အခုလို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှု ဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ဘက်က အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေ ရှိတယ်လို့ မှော်ဘီဒေသခံအချို့က ပြောကြပါတယ်။
အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ၁ နှစ်ပြည့်ပြီ
ဒီနေ့ဟာ စစ်တပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါအရပ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ လူပေါင်း ၆၀ ကျော်သေဆုံးခဲ့မှု တစ်နှစ်ပြည့်ဖြစ်ပါတယ်။
ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့(KIO) တည်ထောင်မှု နှစ်ပတ်လည် ဂီတပွဲ ကျင်းပနေတဲ့နေရာ ဗုံးကြဲ တိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကချင်စီးပွားရေးသမားတွေ၊ အရပ်သားတွေနဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ ကချင်အဆိုတော် အော်ရာလီလည်း ပါဝင်ပြီး ကျန်ရစ်တဲ့ဇနီးဖြစ်သူကတော့ အနန့်ပါဖြစ်စဥ်ကို မမေ့သေးကြောင်းနဲ့ တစ်နှစ်အတွင်းမှာ အိမ်ထောင်ဦးစီးမရှိဘဲ ကလေး ၄ ယောက်နဲ့အတူ ရုန်းကန်လှုပ်ရှားနေရ တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။
‘‘ဒီဖြစ်ရပ်ကို ကျွန်မတော့ မမေ့နိုင်သေးဘူး။ ဒီဖြစ်ရပ်မှာ ဆုံးပါးခဲ့ကြရသူတွေရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းနေတုန်းပဲ လို့ပဲပြောချင်တယ်’’ လို့ သူက ပြောပါတယ်။
အနန့်ပါဟာ စစ်ရေးပစ်မှတ်ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုပေမဲ့ KIO/KIA ဘက်ကတော့ အနန့်ပါဟာ ခရီးသွားတွေ တစ်ထောက်နားတဲ့အရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အောက်တိုဘာလဟာ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ လူပေါင်း ၁၇၀ ကျော်သေဆုံးမှု ၆ လကျော်ထဲကို ဝင်လာတဲ့အချိန်ဖြစ်ပါတယ်။
မြန်မာစစ်တပ်ထဲက ဘယ်လိုအဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဒီလို လူသေဆုံးမှုများပြားတဲ့ လေကြောင်းပစ်ခတ်မှုတွေကို ပစ်မှတ်ရွေးချယ် အမိန့်ပေး စေခိုင်းနိုင်ပါသလဲ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ဖို့ ဘယ်လို အဆင့်ဆင့် ဆောင်ရွက်ပါသလဲ။ အပြည့်အစုံကို ဘီဘီစီ အထူးဆောင်းပါး စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကို ဘယ်သူတွေက အမိန့်ပေးသလဲ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
လောက်ကိုင်မှာ လူကုန်ကူးခံရတဲ့ထိုင်း ၁၂၀ ကိုပြန်ခေါ်မယ်

ဓာတ်ပုံ ရင်းမြစ်, screengrab
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးမှုခံရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို ပြန်လည်ခေါ်ဆောင်ရေး လုပ်ဆောင်သွားမယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူ ကန်ချနာပက်ထရာချော့က ပြောပါတယ်။
ထိုင်းအမျိုးသား အယောက် ၉၀ နဲ့ အမျိုးသမီး အယောက် ၃၀ ဟာ ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့ အခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး သွေးဆောင်ဖြားယောင်းခံရလို့ အဲဒီလုပ်ငန်းထဲ သားကောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
အဓမ္မစေခိုင်းခံနေရတဲ့ ထိုင်းနိုင်ငံသားတွေ ပြန်လွတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက မြန်မာနိုင်ငံခြားရေးဌာန၊ လဝကတို့နဲ့ဆက်သွယ်ပြီး ထိုင်းနိုင်ငံသား ၁၂၀ ဦးရဲ့ အမည်တွေကို ပေးပို့ခဲ့ပြီး ရှာဖွေ ကယ်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို ပြန်လည်လွှဲပြောင်းရေးဖြစ်လာတာပါ။
လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို လောက်ကိုင်ကနေ ခေါ်ထုတ်လာခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက အတည်ပြုထားပါတယ်။
ဒေသတွင်းနိုင်ငံတွေက လူဦးရေ ထောင်နဲ့ချီဟာမြန်မာ - တရုတ် နယ်စပ် မြန်မာဘက်ခြမ်းမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ကိုလူကုန်ကူးခံရသလို ငွေကြေးလိမ်လည်ခံရတဲ့ဖြစ်စဥ်တွေများလာလို့ လက်ရှိမှာ ဒါကို ဖိအားပေး အမြစ်ဖြတ်ဖို့ တရုတ်အစိုးရကကြိုးစားနေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာနက ယွမ် ၅ သိန်းအထိ ဆုငွေထုတ်ထားတဲ့ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ တို့ကို ဝ တပ်ဖွဲ့ UWSA က ရာထူးကနေ ထုတ်ပယ်လိုက်သလို တရုတ်နိုင်ငံ က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလုပ်ငန်းမှာပတ်သက်တယ်လို့ ယူဆခံရတဲ့ တရုတ်နိုင်ငံသားထောင်ချီကိုလည်း မြန်မာစစ်တပ် နဲ့ '' ဝ '' တပ်ဖွဲ့က တရုတ်အစိုးရကို လွှဲပြောင်းပေးထားတာပါ။










