ပန်းပင်ကြီးလမ်း သပိတ် ဖြိုခွင်းဖမ်းဆီးခံရမှု မျက်မြင်သက်သေပြောပြချက်

Yangon

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁၊ ဒီဇင်ဘာလက ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းမှုအပြီးတွေ့ရတဲ့ ဓါတ်ပုံ
ရေးသားခဲ့သည်။

စက်တင်ဘာ ၁၃ ရက်ညနေပိုင်းက ရန်ကုန်ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင် ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်ချိန်မှာပဲ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ သပိတ်အဖွဲ့၀င် ၂၀ ကျော်ကို ‌ရွှေပြည်သာ စစ်ကြောရေးနဲ့ ကြည့်မြင်တိုင်ရဲစခန်းတို့မှာ ထားရှိထားတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကျပ်မှုကြားကနေ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြဖို့ စုဝေးခဲ့ကြခဲ့တဲ့ ပန်းပင်ကြီးလမ်းက ဆန္ဒဖော်ထုတ်ပွဲဟာ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ပစ်ခတ် ဖြိုခွင်း၊  ဖမ်းဆီးမှုကြောင့် သပိတ်အင်အားစုတွေထဲက လူငယ်တွေနဲ့ မှတ်တမ်းယူသူ သတင်းသမား ၂ ဦးအပါအဝင် လူပေါင်း ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

 

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်ပြီး အသိအမှတ်ပြုရေး ရန်ကုန် သပိတ်အင်အားစုတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်အရပ်ဝတ်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကို ခံခဲ့ရတာပါ။

 

သပိတ်ဖြိုခွင်းချိန်မှာ လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ သပိတ် စမယ့်အချိန်က စက်တင်ဘာ  ညနေ ၄ နာရီ ၄၅ မိနစ်လို့ လျာထားတဲ့အတွက်  ၄ နာရီ ၄၃ မိနစ်မှာ သပိတ် အဖွဲ့၀င်တွေက  ပန်းပင်ကြီးလမ်းပေါ်ကို ထွက်လာဖို့ လုပ်နေတာ ဖြစ်ပါတယ်။

အဲဒီလိုပြင်ဆင်နေတဲ့အချိန်မှာပဲ ပန်းပင်ကြီးလမ်းကို အဖွဲ့၀င်တစ်ဦးက ထွက် ကြည့်လိုက်တဲ့အချိန်မှာ သပိတ်စမယ့် နေရာနဲ့အနီးက ဘုရားလေးနားမှာဆန္ဒပြအဖွဲ့ဝင်တွေထဲက ကြွေးကြော်သံစာတန်းဘန်နာကိုင်တဲ့အဖွဲ့က ရောက်နေတာကိုတွေ့လိုက်ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီအချိန်မှာပဲ  ပန်းပင်ကြီးလမ်းပေါ်က ဆီဆိုင်အနီးမှာ ပြောက်ကျားဦးထုပ်ဆောင်းထားပြီး အရပ်၀တ် ဘောင်းဘီတို ဝတ်ဆင်ထားတဲ့သူတစ်ဦးက ဘန်နာကိုင်ထားတဲ့ အဖွဲ့တွေကို  သေနတ်နဲ့ လှမ်းချိန်တာတွေ့ရတယ်လို့ သပိတ်အဖွဲ့ ၀င်တွေက ဆိုကြပါတယ်။

 

အဲဒီမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့သပိတ်အဖွဲ့ဝင်တချို့က ကျန် သပိတ်အဖွဲ့ဝင်တွေကို အချိန်မီ အကြောင်းကြားခဲ့တာကြောင့် လွတ်မြောက်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

 

လွတ်မြောက်လာသူ တစ်ဦး က “ ဘန်နာကိုင်ထားတဲ့ အဖွဲ့တွေကို ဟေ့ကောင်တွေ မင်းတို့ မပြေးနဲ့ ဆိုပြီးတော့ သေနတ်ကြီးကို ချိန်ပြီး အော်လိုက်တဲ့ အချိန်မှာ ကျွန်တော်က မြင်တော့ အနောက်ကိုလှည့်ပြီးတော့ အားလုံးကို ပြေးကြဆိုပြီး အော်ပြီးတော့ ကျွန်တ်ောလည်း ပြေးတာပေါ့နော်။ ပြေးတဲ့အချိန်မှာ ကျွန်တော်တို့နောက်ကို အရပ်၀တ်တွေနဲ့ ဆိုင်တွေ ဆိုင်တွေ ထဲကနေ ထွက်လာပြီးတော့ တော်တ်ောကို များတယ်။ ကျွန်တ်ောတို့သပိတ်အဖွဲ့ဝင်တွေကို ခြေထောက်တွေနဲ့ ဆောင့်ကန်တာတွေ၊ တွန်းထုတ်လိုက်တာတွေ လုပ်တယ်” လို့  ပြန်လည် ပြောပြပါတယ်။

 

သူကပဲ ဆက်ပြီး ဖမ်းဆီးပုံ အကြောင်းကို အခုလို ဆက်ပြောပြပါတယ်။

 

“ သူတို့က လုံးထွေးပြီး မဖမ်းဘူးဗျ။ လူတစ်ယောက်ကို လဲသွားအောင်လုပ်ပစ်တာ ၊ ပြန်မထနိုင်အောင်လုပ်ပစ်တာ။ ကျွန်တ်ောက ကျွန်တော်တို့ ကားရပ်ထားတဲ့ဆီ မပြေးဘဲနဲ့ စျေးရုံကြီးထဲကို ၀င်ပြေးမယ်ပေါ့။ ကျွန်တော်က လူတွေနဲ့ ရောပြီးတော့ ကျွန်တော်လွတ်နိုင်ခြေ ရှိတယ်ပေါ့။ ကျွန်တ်ော စျေးရုံကို၀င်ပြေးဖို့ လုပ်တဲ့အချိန်မှာ စျေးရုံမရောက်ခင်လေးမှာ ဘယ်လ်တာ တစ်စီးဗျ။ အဲဒီ ဘယ်လ်တာ ကားထဲကနေ လူတစ်ယောက်က အမြန်ထွက်လာပြီးတော့ ကျွန်တော့်ကို ခြေထောက်နဲ့ ဆောင့်ကန်တာ။ သူလည်း အရပ်၀တ်နဲ့ပဲ။ သူဆောင့်ကန်နေတဲ့အချိန်မှာ ကျွန်တော်က ပြေးနေတဲ့ အရှိန်ကို ရပ်လိုက်တော့ သူလိုချင်တဲ့ တားဂတ်ကို မ‌ရောက်လိုက်ဘူး။ သူဟန်ချက်ပျက်သွားတဲ့အချိန်မှာ ကျွန်တော်က အနောက်ကို လှည့်ပြေးပြီးတော့ ကျွန်တော့်ကားရှိတဲ့လမ်းကိုပဲ ကျွန်တော်ပြန်၀င်တယ်။ ကားပေါ်တက်ပြီးတော့ ကျွန်တော်တို့  ပြန်ပြီးတော့ ဆုတ်ခွာလာခဲ့တယ်ပေါ့နော်။ မြေပြင်ဆင်းတဲ့ ရဲဘော် လေးယောက်မှာ တစ်ယောက်ပါသွားတယ်။  ကျန်သုံးယောက်ကတော့ ကားပေါ် ပြန်ရောက်လာပြီး ပြန်ထွက်ခွာခဲ့တယ်။”

 

လွတ်မြောက်လာသူတွေက မြေပြင်ဆင်းတဲ့ သပိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့က လူ လေးယောက် မြေပြင်ဆင်း လှုပ်ရှားခဲ့ပြီး တစ်ဦး အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ တခြားအဖွဲ့တွေက သူတွေပါ အပါအ၀င် ၂၀ ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

 

လွတ်မြောက်လာသူတွေ သပိတ်ပြုလုပ်ရာအနီးကနေ မထွက်ခွာခင်မှာ တခြားအဖွဲ့တွေကို ရိုက်နှက်ဖမ်းဆီးနေတဲ့ အသံတွေ ကြားနေရတဲ့အကြောင်း သပိတ် အဖွဲ့ထဲက တစ်ဦးက ဆိုပါတယ်။

 

"ကျွန်တ်ောတို့ ကားပေါ်ရောက်နေတဲ့ အဲဒီအချိန်မှာ တော်ကြပါတော့ ဘာမှ မလုပ်ကြပါနဲ့တော့၊ မရိုက်ကြပါနဲ့တော့ဆိုတဲ့ မိန်းကလေးအသံတွေလည်း ကြားရတယ်။ သေနတ်ပစ်သံတွေလည်း ကြားရတယ်။ ထုထောင်းတဲ့အသံတွေရော၊ ဆဲဆိုတဲ့အသံတွေရောဗျာ။ အဲဒီမှာ။ လုံးဝကို ကမ္ဘာကြီး ပျက်နေသလိုပဲဗျာ။ ကြားနေရတာ။ အခုထိ နားထဲက မထွက်ဘူး" လို့ သပိတ်အဖွဲ့က လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

သပိတ်အဖွဲ့တွေကတော့ စစ်ကောင်စီက သပိတ်ပြုလုပ်မှာကို သတင်းရလို့ ဖမ်းဆီးဖို့ အတွက် ကြိုတင်စောင့်စားနေကြတဲ့ ပုံစံလို့ ယူဆနေကြပြီး အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် သပိတ်အဖွဲ့၀င် ၂၀ ဦးထက်နည်း အဖမ်းခံခဲ့ရတယ်လို့ ဆိုကြပါတယ်။

သပိတ် အဖွဲ့ ၀င်တစ်ဦး က “ ဒီလမ်းမှာ သူတို့ ကင်းပုန်းထားတယ်ပဲ ထားဦး။ ဒီလောက်အင်အားကြီးနဲ့က မဖြစ်သင့်ဘူး။ ကားတွေနဲ့ ‌ရောက်ချလာတာ၊ နည်းနည်းနောနော အများကြီး မဟုတ်ဘူး။ အင်အားအများကြီးနဲ့ လာစောင့်နေတယ်ဆိုကတည်းက သူတို့က ကျွန်တော်တို့ကို ဖမ်းချင်တဲ့ ပုံစံ က ကျွန်တော်တို့ သပိတ်လုပ်လိုက်ပြီ၊ အဲဒီအချိန်မှာ လူအုပ်ကြီး ဖြစ်နေတဲ့အချိန်မှာ ၀င်ဆွဲစိချင်တဲ့ ပုံစံမျိုး၊ဒါပေမယ့် အခုက  အဲဒီလိုမျိုးက မဖြစ်လိုက်ဘူး။ စောစောက ကျွန်တော်ပြောသလိုပဲ သေနတ်နဲ့ချိန်ပြီး ထွက်လာတဲ့ စစ်သားက သူအရင်စအော်လိုက်တဲ့ အချိန်မှာပဲ ကျွန်တော်တို့အတွက် အခွင့်သာတဲ့ အနေအထားဖြစ်သွားတယ်။ ပြေးနိုင်သွားတယ်ပေါ့။ ပြေးနိုင်တယ်ဆိုပေမဲ့လည်း မိန်းကလေး အများစုကတော့ အင်အားချင်းမမျှတော့ သူတို့ ဆောင့်တွန်းလိုက်တဲ့အခါ ပြိုလဲသွားတာတို့ ဘာတို့ ရှိတယ်။ အဖွဲ့ပေါင်းစုံကဆိုတော့ လူ ၂၀ လောက် ပါသွားတာ သေချာသလောက်ရှိတယ်။”လို့  ပြောပြပါတယ်။

အဖမ်းခံရတဲ့သူတွေနဲ့လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးတဲ့အတွက် စိတ်ပူပန်နေကြရတယ်လို့ ဆိုကြပါတယ်။

 

 

ပန်းပင်ကြီးလမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလတုန်းကလည်း လူငယ်တွေရဲ့ သပိတ်ကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ဖြိုခွင်းခဲ့တာကြောင့် သွေးထွက်သံယိုဖြစ်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပန်းပင်ကြီးလမ်းဟာ ပန်းပင်နီလမ်းလို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်အင်အားစုတွေက အဲဒီနောက်ပိုင်းကစလို အခုချိန်ထိခေါ်ဝေါ်ကြပါတယ်။ အဲဒီအချိန်တုန်းက ဖမ်းဆီးခံရတဲ့ သတင်း ထောက် ၂ ဦးနဲ့ ဆန္ဒပြလူငယ် ၇ ဦးဟာ အင်းစိန်ထောင်ထဲ အမှုတွေရင်ဆိုင်နေရဆဲဖြစ်ပါတယ်။