ဘီဘီစီမြန်မာပိုင်းရဲ့ နိုဝင်ဘာ၁၁ရက်နောက်ဆုံးရ သတင်းများစုစည်းချက် -
အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အချိန်ကန့်သတ်ဖို့ ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အရ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို ဆက်ပြီး ကိုင်စွဲထားမှာ ဖြစ်ပေမဲ့ အကောင်အထည်ဖော်မယ့် အချိန်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုဟာ တိုးတက်မှု မရှိသလောက် ဖြစ်နေတာကြောင့် ခိုင်မာ၊ လက်တွေ့ကျ၊ တိုင်းတာနိုင်တဲ့ ရလဒ်တွေကို အချိန် သတ်သတ်မှတ်မှတ်နဲ့ လုပ်ဆောင်နိုင်မယ့် အစီအစဥ်လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ ရာထူးအဆင့်ဆင့် အစည်းအဝေးတွေမှာ မြန်မာဘက်က ကိုယ်စားပြုသူတွေ တက်ရောက်မယ့်အရေးနဲ့ ပတ်သက်ပြီးလည်း အခြေအနေတွေက အင်မတန်လိုအပ်လာရင် ပြန်သုံးသပ်မယ်လို့လည်း ပြောပါတယ်။
လက်ရှိ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ဖို့ ဖိတ်တာကြောင့် အခုအစည်းအဝေးအပါအဝင် မြန်မာကိုယ်စားပြုသူမပါတဲ့ အစည်းအဝေးတွေကို ကျင်းပခဲ့ပါတယ်။
မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက် တိုးတက်မှု နှေးကွေးနေတာ စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ အာဆီယံ သံတမန် တချို့ က ထုတ်ဖော် ပြောထားကြပါတယ်။
စစ်ကောင်စီဘက်ကလည်း တိုးတက်မှုနှေးကွေးနေတာဟာ ကိုဗစ်ကပ်ရောဂါနဲ့ လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်နေတဲ့ အတားအဆီးတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကောလင်းမှာ တွဲဖက်မြို့နယ်တရားသူကြီး ပေါက်ကွဲမှုကြောင့်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး တွဲဖက်မြို့နယ် တရားသူကြီး ဦးဘရန်ဆိုင်း သေဆုံးခဲ့တယ်လို့ ဒေသခံအချို့ကအတည်ပြုသလို ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။ '' သေသွားတယ်ကြားတယ်။အခုစစ်တပ်ကအဲဒီတဝိုက်မှာ ပိတ်ဆို့စစ်နေတော့ ဘယ်သူမှအဲဒီဘက်ကိုမသွားရဲတော့ဘူး '' လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီသတင်းတွေကိုဖော်ပြနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ တရားသူကြီး ဦးဘရန်ဆိုင်း ကို ဆိုင်ကယ်နဲ့လူတစ်ဦးက မြစ်ကြီးနားကပါဆယ်ပို့တယ်ပြောပြီး ပါဆယ်ထုတ် ပေးခဲ့တာကနေပေါက်ကွဲပြီး တရားသူကြီးသေဆုံးခဲ့တာလို့ဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာမြို့နယ် တရားသူကြီး ရာဇာမင်းစိုး ဟာပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ရေဦးမြို့နယ်ထဲက ကျေးရွာတွေ လေကြောင်းက ပစ်ခတ်ခံရလို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ နို၀င်ဘာလ ၁၁ ရက် မနက် ၈ နာရီကစပြီး ရဟတ်ယာဉ် ၃ စီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မီးမောင်းကုန်းကျေးရွာ၊ ရွာထောင်ရွာကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး လေကြောင်းရော မြေပြင်စစ်ကြောင်း နှစ်ခုလုံးကတော့ ပုဏ္ဏကားကျေးရွာနားကို ရောက်နေပြီလို့ သိရပါတယ်။
စစ်ကြောင်းထိုးမှုတွေကြောင့် သပြေရင်း ၊ ခရမ်းခြံ၊ သစ်ရာပင်၊ ရွာသစ် ၊ ကံကလေးကုန်း၊ မြကန်သာ၊ ချောင်းဦး စတဲ့ ရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ပြောကြပါတယ်။
ပြေးလွှားနေရတဲ့ ဒေသခံတစ်ဦးက " စစ်အင်အားတော်တ်ောများတယ် ။ ရဟတ်ယာဉ်၃စီးရော၊ စစ်ကေားတွေရော ပါတယ်။ ၃၀၀ လောက် ရှိနိုင်တယ်။ ရွာတွေကို စစ်ကြောင်းထိုးလိုက် ရွာတွေထဲ တပ်စွဲလိုက်နဲ့ တောက်လျှောက်လုပ်နေတာ" လို့ ပြောပါတယ်။
ဒီရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
ထားဝယ်-မြိတ်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ

ဓာတ်ပုံ ရင်းမြစ်, TPLF
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ နဲ့ ကတွဲရွာကြားလမ်းပိုင်းမှာ စစ်ကောင်စီ ယာဥ်တန်းက ကား ၃ စီးမိုင်းဆွဲခံရတယ်လို့ တနင်္သာရီတိုင်းက စစ်ရေးသတင်းတွေကိုဖော်ပြနေတဲ့ Dawei Information Center က ဒီကနေ့နိုဝင်ဘာ၁၁ရက်မှာထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် အဲဒီလမ်းနဲ့ ထားဝယ်-မြိတ်ကားလမ်းမကိုအသုံးပြုသွားလာနေကြတဲ့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီယာဥ်တန်းနဲ့ အနီးကပ်သွားလာတာတွေမလုပ်ဖို့ကို အသိပေးထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကို ပုတီးတစ်လုံးအဖွဲ့၊ဂဠုန်မင်းအဖွဲ့ ၊ကျားရိုင်းအဖွဲ့တို့ပူးပေါင်းလုပ်ဆောင်တာလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး ယာဥ်ပျက်စီးတယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ဒေသခံနဲ့ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
တနင်္သာရီတိုင်းအတွင်း သရက်ချောင်း၊ လောင်းလုံ၊ ပုလော ဘက်တွေမှာတိုက်ပွဲတွေရှိနေတာဖြစ်ပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အမှုအချို့ရာဇဝတ်ပြင်ဆင်မှုတက်တာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်ခံ
စစ်ကောင်စီဘက်ကလည်း ပြင်ဆင်မှုတက်တဲ့အမှုတွေရှိ

ဓာတ်ပုံ ရင်းမြစ်, MYO ZAW THEIN
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်အပြီးသတ်အမိန့်ချမှတ်ထားတဲ့အမှုတွေထဲက ရာဇဝတ်ပြင်ဆင်မှုတက်ထားတဲ့ အမှုအချို့ကို ပြန်လည်ကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကမနေ့နိုဝင်ဘာ၁၀ရက်မှာလက်ခံလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
'' သဘောတရားကတော့ အပြီးသတ်အမိန့်တွေမှာ အယူခံတက်တဲ့အပေါ်မှာ လက်ခံပြီးကြားနာမပေးလို့ ပြင်ဆင်မှုတက်တယ်၊ပြင်ဆင်မှုမှာလည်း မရရင် တရားလွှတ်တော်ချုပ်ကိုပြင်ဆင်ထပ်တက်တာပေါ့။ သူက မြို့နယ်ကနေခရိုင်ကိုတက်ရင် အယူခံ၊ ခရိုင်ကနေ တိုင်းကိုတက်ရင် ပြင်ဆင်မှု၊ တိုင်း ကနေ လက်မခံရင် တရားလွှတ်တော်ချုပ်ကိုပြင်ဆင်မှုပြန်တက်ရတယ်။ အခုက အဲဒီသဘောနဲ့ အမိန့်ချထားတဲ့အမှုတွေရော ၊စွဲချက်တင်ခံရတဲ့အမှုတွေအပေါ်မှာ အဆင့်ဆင့် လက်မခံလို့ ပြည်ထောင်စုအဆင့်ရောက်တာပေါ့''လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကရှင်းပြပါတယ်။
အမှုတွေထဲမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံတို့ အပေါ် ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ အမှု သုံးမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တစ်မှု ပါဝင်ပါတယ်။ဒါ့အပြင်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ တစ်မှု၊ ပို့ကုန် သွင်းကုန် ဥပဒေ တစ်မှုတို့ပါဝင်ပါတယ်။
ပြင်ဆင်မှုတက်တဲ့အမှုအားလုံးကို လက်ခံတာမဟုတ်ဘဲ တချို့အမှုတွေကိုတော့ပလပ်တာရှိတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်ဆီကနေဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒေါ်လာတွေလှူဒါန်းတယ်ဆိုတဲ့ အမှုတွေနဲ့ပတ်သက်ပြီး စွဲချက်တင်ခဲ့တာကို ပယ်ဖျက်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ပြင်ဆင်မှုတက်တဲ့အမှုနှစ်မှုကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံခဲ့ပါဘူး။
အဲဒီအမှုကိုပဲ စစ်ကောင်စီဘက်ကလည်း ပြင်ဆင်ချက်တက်ခဲ့တာပြီး စစ်ကောင်စီဘက်က ပြင်ဆင်ချက်ကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်မခံဘဲပလပ်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကို ပလပ်ခဲ့တာကတော့ စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၃သိန်းလှူဒါန်းခဲ့တယ်ဆိုပြီး တရားစွဲဆိုခဲ့ပေမဲ့ ဦးမောင်ဝိတ်က တရားရုံးကို လာရောက်ထွက်ဆိုစဥ်မှာ ဒေါ်လာ ၂သိန်းခွဲသာလှူခဲ့တယ်ဆိုတာကြောင့် ကွာဟနေတဲ့ ဒေါ်လာ ၅သောင်းကို ပြန်လည်စစ်ဆေးပေးဖို့ဆိုပြီး စစ်ကောင်စီဘက်က ရာဇဝတ်ပြင်ဆင်မှုတက်ခဲ့တဲ့အမှုဖြစ်ပါတယ်။
နေပြည်တော် လရောင်တောမြေနေရာနဲ့ပတ်သက်ပြီး စွဲဆိုခံရတဲ့ အဂတိအမှု ၄မှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော စစ်ကောင်စီဘက်ကပါ အယူခံတက်တာဖြစ်ပြီး နှစ်ဖက်လုံးရဲ့ အယူခံတက်တာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလက်ခံခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ နိုင်ငံတော်အနေနဲ့ဆိုပြီး နေပြည်တော် လရောင်တော မြေနေရာနဲ့ ပတ်သက်လို့ အမိန့်ချမှတ်ပြီးဖြစ်လို့အဲဒီမြေနေရာနဲ့ အဆောက်အဦတွေကို နိုင်ငံပိုင်သိမ်းယူသင့်တယ်ဆိုပြီး အယူခံတင်သွင်းခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာပြီဖြစ်ပြီးနောက်ထပ် အဂတိအမှု ငါးမှု ဆက်လက်ရင်ဆိုင်ဖို့ကျန်ရှိနေပါသေးတယ်။
အမေရိကန် - အာဆီယံဆွေးနွေးပွဲမှာ မြန်မာ့အကျပ်အတည်းကိုဆွေးနွေးမယ်လို့ အမေရိကန်ပြော

ဓာတ်ပုံ ရင်းမြစ်, ASEAN
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်ဆွေးနွေးပွဲဖြစ်တဲ့ အမေရိကန် - အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ဟာ အာဆီယံခေါင်းဆောင်တွေနဲ့အတူ မြန်မာ့အရေး ဆွေးနွေးကြမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်က ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းလိုအပ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးတွေနဲ့အတူ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများအပါအဝင် ဒေသတွင်းစိန်ခေါ်မှုဆိုင်ရာတွေကိုဆွေးနွေးမယ်လို့ ဆိုပါတယ်။
'' ဒေသတွင်း လုံခြုံရေးအပါအဝင် အာဆီယံရဲ့လူဦးရေ တစ်ဘီလီယံအတွက်သာယာဝပြောရေး အာမခံချက်ကလည်း အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုမှာအရေးပါပြီး ဒီအတွက်အလေးပေးဆွေးနွေးကြမယ်'' လို့ နက်ဒ်ပရိုက်ကပြောပါတယ်။
လက်ရှိမှာတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်မရသလို တဖက်မှာလည်းအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တရားဝင် ဆက်ဆံဖို့ အာဆီယံကို NUCC က နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့အိတ်ဖွင့်ပေးစာ ပေးပို့တိုက်တွန်းထားတာပါ။
ဒီထပ်သီးဆွေးနွေးပွဲဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မ္ဘောဒီးယားရဲ့ ဥက္ကဋ္ဌ သက်တမ်းအတွင်း နောက်ဆုံးကျင်းပတဲ့ အစည်းအဝေးဖြစ်သလို တောင်တရုတ်ပင်လယ်အရေး၊ ကပ်ရောဂါအရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးမယ်လို့ ပြောကြားထားပါတယ်။
ဘန်ကောက်၊ဘန်းဘောမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးအသတ်ခံထားရ

ဓာတ်ပုံ ရင်းမြစ်, CJ
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ အေကချိုင် ဘန်းဘောမှာ မနေ့နိုဝင်ဘာ၁၀ရက်က အသတ်ခံထားရတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိရတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူ မမေနဒီကပြောပါတယ်။
အလောင်းကိုတွေ့ရှိချိန်မှာ ပုပ်ပွနေတဲ့အနေအထားရှိနေတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက အသတ်ခံရတဲ့ အခြေအနေလို့ ထိုင်းရဲတပ်ဖွဲ့က ကနဦးကောက်ချက်ချထားပါတယ်။ ထိုင်းနိုင်ငံမှာ လွယ်ကထုံကျင်းပတဲ့ နိုဝင်ဘာ၈ရက်နေ့က အထိ သေဆုံးသူအမျိုးသမီးဟာ အပြင်ထွက်ခွာတာရှိခဲ့ပြီး လွယ်ကထုံပွဲကနေပြန်လာပြီးကတည်းက အပြင်ထွက်တာမတွေ့ရတော့တာလို့ နီးစပ်သူတွေကပြောပါတယ်။
လက်ရှိမှာ အမျိုးသမီးငယ်ရဲ့ ရည်းစားဖြစ်သူကို သံသယ တရားခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ '' ဝတ်လစ်စလစ်နဲ့လည်လိမ်ပြီးသေနေတဲ့ပုံစံပါ။ မနေ့ကပဲ အလောင်းကိုရင်ခွဲစစ်ဆေးဖို့ စီလီလဆေးရုံကိုပို့လိုက်ပါပြီ။ ဆေးစစ်ချက်အဖြေထွက်တာနဲ့ နာရေးအတွက် ကျွန်မတို့လုပ်ပေးပါမယ်။ နောက် သူ့ဆွေမျိုးတွေကို ဆက်သွယ်တာတွေလုပ်ပေးပါမယ်။ ရဲစခန်းကိစ္စတွေဆက်လုပ်ပေးမှာပါ'' လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူ မမေနဒီကရှင်းပြပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့ကလို့သာအကြမ်းဖျင်းသိထားရတဲ့ သေဆုံးသူအမျိုးသမီးငယ်ဟာအသက် ၂၅နှစ်အရွယ် လို့ ခန့်မှန်းထား စက်ရုံ အလုပ်သမားတဦးဖြစ်ကာ လူမျိုးတွေနေထိုင်ကြတဲ့အဆောင်တန်းလျားမှာ တစ်ဦးတည်းနေထိုင်သူလို့ဆိုပါတယ်။








