ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ်က တိုက်ခိုက်မှု အမှန်တကယ် ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူမယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ အရပ်သား ပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အမှန်တကယ်ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ရေးလုပ်ဆောင် မယ်လို့ ဒီဇင်ဘာ ၂၀ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
NUG က အရပ်သားလူထု ဘေးအန္တရာယ် ထိခိုက် စေနိုင်တဲ့ အခြေအနေမျိုးရှိတဲ့ အခါ စစ်ကောင်စီကိုတိုက်ခိုက်ရေး စီစဉ်ထားတဲ့ လုပ်ငန်းတွေကိုလည်း ပယ်ဖျက်ခဲ့ဖူးတဲ့သာဓက အများအပြားရှိခဲ့သလို အခုလို ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှု လုပ်ရပ်မျိုးက NUG နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
ဒါကြောင့် အခုလုပ်ရပ်ကို စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချသလို တချိန်တည်းမှာဘဲ အမှန်တကယ် ကျူးလွန်သူများကို ဖော်ထုတ် အရေးယူနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့သတင်းမှာတော့ PDF တပ်ဖွဲ့တွေက လက်လုပ်မိုင်းနဲ့ ဖောက်ခွဲမှုလုပ်ခဲ့တာလို့ပြောပြီး လူ ၁၇ ဦးနီးပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာ၁၉ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒဏ်ရာသူတွေဟာ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ကုသမှု ခံယူလျက်ရှိတယ်လို့သိရပါတယ်။နေ့စဥ်လူ သောင်းချီအသုံးပြုတဲ့ သင်္ဘောပေါ်က ပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDFတွေ လုပ်ဆောင်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး ဒလမြို့နယ် PDF ဘက်ကတော့အခုဖြစ်စဉ်ကိုငြင်းဆိုသလိုပြည်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်မလုပ်ဘူးလို့တုံ့ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလက ရန်ကုန်မြို့လယ် အနော်ရထာလမ်းပေါ်က ဘားလမ်းကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရတဲ့ ဖြစ်စဥ်နောက်ပိုင်း မြို့လယ်မှာ လူထိခိုက်မှုများတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုလို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။




