ဇန်နဝါရီ ၁၆ရက်ထိပ်တန်းရောက်သတင်းစုစည်းချက်
ဘာသာရေးဆိုင်ရာအထွဋ်အမြတ်ထားရာနေရာ ၁၀၀ ကျော်ဖျက်ဆီးခံထားရတယ်လို့ UCA သတင်းလွှာကဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက် နှစ်နှစ်နီးပါးအတွင်း နိုင်ငံတဝန်းမှာ ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားရာ နေရာ ၁၀၀ ကျော် ဖျက်ဆီးခံထားရတယ်လို့ ဒီကနေ့ ဇန်နဝါရီ ၁၆ရက်ထုတ် အာရှကက်သလစ် အသင်းတော်များ UCA ရဲ့ သတင်းလွှာကဖော်ပြပါတယ်။
ရိတချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၅ရက် ကခရစ်ယာန်ဘာသာဝင်တွေ ဘုရားကျောင်းတက်ဝတ်ပြုဆုတောင်းကြတဲ့ တနင်္ဂနွေနေ့မှာပဲခရစ်ယာန်ကတ်သလစ်ဘုရားကျောင်းမီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောလာပါတယ်။ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့အတူ နေအိမ် ရာချီကို စစ်တပ်က မီးရှို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ဒီဘုရားကျောင်းက နှစ်သက်တမ်း ၁၂၉ နှစ်ရှိပြီးဖြစ်ပြီး အဲဒီပဏ်ထဲက ဗိမာန်တော်ဘုရားရှိခိုးကျောင်း၊ ကောင်ကင်ဘုံကို ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မဘုရားကျောင်း၊ ဘုရားကျောင်း ခေါင်းလောင်းစင်အပါအဝင် အဆောက်အဦပေါင်း ၇ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။
'' ကျွန်တော်တို့ စစ်ကြောင်းလာလို့ထွက်ပြေးကြတယ်။ အဝေးရောက်တော့ရွာကိုလှမ်းကြည့်တော့ မီးခိုးလုံးတွေတွေ့ရတယ်။ အဲဒီကတည်းက ဘုရားကျောင်းနဲ့ ခေါင်းလောင်းစင်တော့ မီးရှို့ခံရပြီဆိုတာသိတယ်။ ဘာသာတူတွေဆိုငိုကြတာပေါ့။ ရွာပြန်ဝင်တော့ တွေ့ရတော့ လောင်ထားတာအကုန်ပဲ။ ကျွန်တော်တို့ အူတွေနှလုံးတွေဆွဲဖြုတ်လိုက်သလိုခံစားရတယ်'' လို့ ချမ်းသာရွာဒေသခံခရစ်ယာန်ဘာသာဝင်တစ်ယောက်ကပြောပါတယ်။
ချမ်းသာကျေးရွာဟာ ပေါ်တူဂီအနွယ်ဝင်တွေ နေတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ဘုရားရှိခိုးကျောင်းကို၁၈၉၄ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကမြန်မာ့ရှေးဟောင်းအမွေအနှစ်အဆောက်အဦအဖြစ် သတ်မှတ်ခံခဲ့ရတဲ့နေရာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းဒေသထဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေသာမက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေလည်း မီးရှို့ခံထားရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ကန့်ဘလူမြို့မှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဒီပဲယင်းမြို့နယ်မှာ ၄ကျောင်းနဲ့ ဇန်နဝါရီလအတွင်းမှာ ရွှေဘိုမြို့နယ်က ဘုန်းကြီးကျောင်း ၃ ကျောင်းလည်းမီးရှို့ခံထားရတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။
UCA ရဲ့ သတင်းလွှာထဲ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ မြန်မာနိုင်ငံက ဘုန်းတော်ကြီးတွေက လူ့အသက်နဲ့ ဂုဏ်သိက္ခာကို လေးစားကြဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဝတ်ပြုရာနေရာတွေ အပါအဝင် ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာတွေအဆုံးသတ်ဖို့တောင်းဆိုနေတယ်လို့လည်းဖော်ပြထားပါတယ်။
စစ်တပ်ဘက်ကတော့ ချမ်းသာရွာဖြစ်စဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကောင်စီနဲ့ အေအေတို့ ဒုတိယအကြိမ် စစ်သုံ့ပန်း လဲလှယ်

ဓာတ်ပုံ ရင်းမြစ်, AA
အပစ်ခတ်ရပ်စဲထားကြတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက စစ်သုံ့ပန်းလဲလှယ်ခဲ့ကြတယ်လို့ နီးစပ်သူတွေကပြောပါတယ်။ သုံ့ပန်းလဲလှယ်မှုကို ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနဲ့ ပဒေသာကျေးရွာအကြားမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒါဟာ လတ်တလောအပစ်ရပ်ကာလအတွင်း ဒုတိယအကြိမ်လဲလှယ်မှုလည်းဖြစ်ပါတယ်။ “ သုံ့ ပန်းလဲကြတာဟုတ်ပါတယ်။ မနေ့က နေ့လယ် ၂ နာရီမှာလဲကြတာပါ။ စစ်ကောင်စီတပ်က ငါးယောက် အေအေဘက်ကလည်း အဲ့ဒီလောက်တော့ဖြစ်မယ်ထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အခုလို နှစ်ဖက်တပ်တွေအကြား စစ်သုံ့ပန်းတွေ လဲလှယ်မှုပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေပြောခွင့်ရသူ ဦးခိုင်သုခကိုမေးမြန်းနိုင်ဖို့ ဆက်သွယ်နေဆဲဖြစ်ပါတယ်။ မနေ့က လဲလှယ်ခဲ့ကြတဲ့သုံ့ပန်းတွေထဲမှာ ဘယ်လိုအဆင့်တွေပါဝင်တယ်ဆိုတာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း အခုလို သုံ့ပန်းချင်းလဲလှယ်မှုတွေကို အဲဒီနေရာမှာပဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း အစ္စရေးနည်းပညာကုမ္ပဏီရဲ့ အကူအညီနဲ့ ကြားဖြတ်ဖမ်းယူရေးစနစ်ဆောင်ရွက်နေတယ်လို့ Justice For Myanmar ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လုံခြုံရေးနည်းပညာစတော့အိတ်ချိန်းတစ်ခုဖြစ်တဲ့ အစ္စရေးထောက်လှမ်းရေးနည်းပညာဝန်ဆောင်မှုကော်ပိုးရေးရှင်း Cognyte Software Limited ဟာ မြန်မာနိုင်ငံကို တရားဝင်ကြားဖြတ်ဖမ်းယူရေးကိရိယာတွေ တင်သွင်းရောင်းချဖို့ တင်ဒါအောင်မြင်ထားတယ်လို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့် မှတ်တမ်း တင် တဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
အဲဒီအတွက် နိုင်ငံပိုင်မိုဘိုင်းဖုန်းအော်ပရေတာဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ရဲ့ တင်ဒါကို ၂၀၂၀ခုနှစ်ကတည်းက အောင်မြင်ထားတာကို တွေ့ရတယ်လို့ Justice For Myanmar ကဖော်ပြပါတယ်။
အဲ့ဒီကြားဖြတ်ဖမ်းယူရေးစနစ်အရ မြန်မာစစ်တပ်ဟာ ပြည်တွင်းကသုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေကို အချိန်နဲ့ တပြေးညီ ကြားဖြတ်နားထောင်နိုင်မှာဖြစ်ပြီး စစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို အားပေးကူညီတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် အစ္စရေးလွှတ်တော်ဥက္ကဋ္ဌဟောင်း Avrum Brug အပါအဝင် လူအယောက် ၆၀ကျော်ကို ကိုယ်စားပြုပြီး အစ္စရေးတရားလွှတ်တော်ရှေ့နေ Eitay Mack တို့က Cognyte ကုမ္ပဏီကိုထုတ်ပေးထားတဲ့ ဈေးကွက်ရှာဖွေရေးနဲ့ ပို့ကုန်လိုင်စင်ကို ပြန်ရုပ်သိမ်းပေးဖို့ အစ္စရေးအစိုးရကို အခုဇန်နဝါရီ ၂ရက်မှာ တောင်းဆိုထားကြပါတယ်။
ဒီလို အစ္စရေးအစိုးရကို တောင်းဆိုတဲ့ တရားရေးတိုင်ကြားချက်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကနေ ပုံသေအချက်အလက်တရားဝင်ကြားဖြတ်ဖမ်းယူရေး နည်းပညာဂိတ်တစ်ခု ဝယ်ယူဖို့ Cogynte ကုမ္ပဏီကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလရက်စွဲနဲ့ ထုတ်ပေးခဲ့တဲ့ အမှာစာတစ်စောင်လည်း ပါဝင်ပါတယ်။
အဲ့ဒီလို MPT ရဲ့ တင်ဒါကို အစ္စရေးကုမ္ပဏီဘက်က ရရှိတဲ့ကာလတုန်းက အစ္စရေးနိုင်ငံမှာ မြန်မာကို ကာကွယ်ရေးပစ္စည်းတွေကို လွှဲပြောင်းတာဟာ တရားမဝင်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာနဲ့ မြန်မာပြည်သူတွေကို စစ်တပ်ရဲ့ အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းတဲ့ အန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့ အစီအစဉ်တွေမရှိခဲ့ဘူးလို့ JFM က ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကို ခြေရာခံဖို့ အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းတဲ့ လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာနေပြီး ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
အခု အစ္စရေးကုမ္ပဏီ Cogynte ဟာ အရင်က Verint Systems အမည်နဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့နာမည်ပျက်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
မူဆယ် - ကျယ်ဂေါင်ဂိတ်တချို့ အကန့်အသတ်နဲ့ ပြန်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ် - ကျယ်ဂေါင်ဂိတ်တွေထဲက မန့် ဝိန်းဂိတ်နဲ့ ဆင်ဖြူဂိတ်ကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ လူဝင်ထွက်ခွင့်မပြုသေးဘဲ ခြောက်ဘီးကုန်တင်ကားတွေမှာ ယာဉ်မောင်းတစ်ဦးနဲ့သာ သွားလာခွင့်ပေးထားတယ်လို့ ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ရက်နေ့ကစပြီး ပြန်ဖွင့်ပေးခဲ့တာဆိုပေမဲ့ တနိုင်တပိုင်ပစ္စည်းသယ်ယူတွေအတွက်သာ အဆင်ပြေတဲ့အနေအထားလို့ ဆိုပါတယ်။
"ပြန်ဖွင့်လိုက်တဲ့ဂိတ်တွေမှာ ၁၂ဘီးတွဲတွေ တွဲကားတွေက သွားလို့မရသေးတော့ ကြီးကြီးမားမားသယ်ယူတာမျိုးဆို ကျင်စန်းကျော့ဂိတ်ကနေပဲ သွားနေရတုန်းပါပဲ။ ရှန်တိန် (ခေါက်တိုအစားထိုးယာဉ်မောင်း) စနစ်က မရှိတော့ဘူးဆိုတော့ စရိတ်တချို့တော့ သက်သာသွားပေမဲ့ ဂိတ်တွေမှာ ပုံမှန်အတိုင်းဖြတ်သန်းလို့ မရသေးဘူး" လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဘီဘီစီကိုပြောပါတယ်။
ဒီလို တရုတ်-မြန်မာဂိတ်ကို ပြန်လည်ဖွင့်လှစ်ဖို့ အခုဇန်နဝါရီ ၈ရက်ကတည်းက ကြိုးစားခဲ့ပေမဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ဘက်မှာ ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်မြင့်တက်နေတာကြောင့် အခုလို အကန့်အသတ်နဲ့ ပြန်ဖွင့်ဖို့ကို နှစ်နိုင်ငံညှိနှိုင်းသဘောတူထားတာဖြစ်တယ်လို့ ကုန်သည်တွေကနေ သိရပါတယ်။
တစ်ပတ်အတွင်း ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ်တွေမသွားဖို့ KNU ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KHRG
ဒီကနေ့ ဇန်နဝါရီ ၁၆ရက်နေ့ကနေ လာမယ့် ၂၃ရက်နေ့အထိ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူလမ်းပိုင်းကို ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းသွားလာတာလုံးဝမလုပ်ဖို့ တားမြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဒူးပလာယာခရိုင်ထဲက ကြာအင်းဆိပ်ကြီးနယ်မြေအတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ရှိနေတာကြောင့် ခရီးသွားလာရာမှာ အန္တရာယ်များတဲ့အခြေအနေဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
"လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစပြီး စစ်ကောင်စီတပ်တွေက ကြာအင်းဆိပ်ကြီးဘက်ကို တက်လာတယ်။ ဆိုင်ကယ်သမားတစ်ဦးအပစ်ခံရတာရှိသလို ရွာတွေထဲလည်း မီးရှို့ခံရတာရှိနေတယ်" ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူ လမ်းမတလျှောက်က အလယ်ရွာ၊ ကြက်ခတ်ချောင်းရွာ၊ တံတားဦး၊ အုန်းတပင်၊ သမိန်လစ် ကျေးရွာတွေဘက်ကိုလည်း ကြာအင်းဆိပ်ကြီးမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ မကြာ ခဏပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။
အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် အဲဒီနေရာတွေမှာ ၂၀၂၂ခုနှစ် ဒီဇင်ဘာလလယ်လောက်ကလည်း လေကြောင်းက ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ခုနှစ် အခုဇန်နဝါရီလ နှစ်ပတ်အတွင်းမှာတော့ တပ်မဟာ ၆ ဒူးပလာယာခရိုင်နဲ့ တပ်မဟာ ၅ မူတြော်ခရိုင် (ဖာပွန်ခရိုင်) စတဲ့ နယ်မြေ ၂ခုမှာ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်အထိ ပြုလုပ်ထားတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စာရင်းတွေအရ သိရပါတယ်။
လွယ်လင်လေးရွာမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, ရွှေလွိုင်ကော်ပရဟိတအသင်း
ကယား (ကရင်နီ) ပြည်နယ်က လွယ်လင်လေးကျေးရွာထဲကို မနေ့ ဇန်နဝါရီ ၁၅ရက်၊ ညနေပိုင်းမှာ လက်နက်ကြီးကျတာကြောင့် အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။
"ရွာခံတွေပါပဲ၊ ရွာထဲလက်နက်ကြီးကျတာကြောင့်ပါ။ အသက်တော့မစိုးရိမ်ရပါဘူး၊ နှစ်ယောက်တော့ဆေးရုံဆင်းပြီ၊ အမျိုးသားကတော့ ဆေးရုံတက်နေရဆဲပါ" လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
နေအိမ်ပေါ်ကို လက်နက်ကြီးကျတာကြောင့် အသက် ၅၄နှစ်အရွယ် ဦးကျော်ဝင်းဟာ ညာဘက်လက်မောင်းပွင့်ထွက်ကာ ဘယ်ဘက်ခြေချောင်းနှစ်ချောင်းပြတ်ခဲ့ပြီး ကျန်အမျိုးသမီးနှစ်ဦးကတော့ ယမ်းစထိမှန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
မြောင်မှာထွေအုပ်ဝန်ထမ်းအချို့ကို ဖမ်းဆီးမိထားပြီး အရေးယူမယ်လို့ NUG ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, NUG
စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတဲ့ အဖွဲ့တွေ တပတ်အတွင်း တိုက်ခိုက်ခံရမှု ၁၀ကြိမ်မနည်းရှိလာ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မှာ စစ်ကောင်စီလက်အောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က အမျိုးသမီးဝန်ထမ်း ၃ ဦး နဲ့ အမျိုးသားဝန်ထမ်း ၁ ဦး စုစုပေါင်း ၄ဦးကို လူဦးရေစာရင်းကောက်ယူနေလို့ ဖမ်းဆီးလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဇန်နဝါရီ ၁၄ရက် က ရွေးကောက်ပွဲမဲစာရင်းကိစ္စလာရောက်တာဖြစ်ပြီး စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA ကဖမ်းဆီးရမိပြီး စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီအရေးယူမယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က စပြီး စစ်ကောင်စီက နိုင်ငံတဝန်းလူဦးရေးစာရင်းကောက်ယူမှုကို သူ့လက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ အခြားဌာနဆိုင်ရာ အချို့က ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေပေါင်းပြီး ကွင်းဆင်းကောက်ယူနေတာပါ။
အခုလို စာရင်းကောက်ယူတာဟာ စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူဖို့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်အသိုင်းအဝိုင်းက သိရပါတယ်။
အဲဒီနေ့မှာပဲ တနင်္သာရီတိုင်း လောင်းလုံးမှာ လူဦးရေစာရင်းကောက်ယူတဲ့ ရပ်ကျေးအဖွဲ့ကိုလုံခြုံရေးပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၁၄ရက် သတင်းစာမှာတော့ စစ်ကောင်စီက လူဦးရေစာရင်းကောက်ယူတဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၁၃ ရက် အထိ တပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးအပါအဝင် မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ လူဦးရေ စာရင်းကောက်ယူသူတွေ တိုက်ခိုက်ခံရတာ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
တနင်္သာရီတိုင်းမှာဆိုရင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်တစ်လက်နဲ့ ကျည်အိမ် ၂ ခု သိမ်းဆည်းခံရတာအပါအဝင် တခြားဒေသတွေမှာတော့ လဝကရုံး အဆောက်အဦ မီးရှို့ဖျက်ဆီးခံရမှု၊ စာရွက်စာတမ်းတွေ၊ အိမ်ထောင်စုပုံစံတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်ထဲမပါသေးတဲ့ နေက်ထပ်ဖြစ်စဥ်တွေလည်းရှိနေပြီး ဇန်နဝါရီ ၁၃ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာမှာ လူဦးရေစာရင်းလိုက်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့စာရေးတို့ကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်ဆိုပြီး သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တဲ့အတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က သတိပေးတာတွေဆက်တိုက်ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့နိုင်ငံတဝန်းလူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်စာရင်းကောက်ယူတာဖြစ်တယ်လို့ ပြောထားပြီး အခုကောက်ယူတဲ့ လူဦးရေစာရင်းဟာပြီးခဲ့တဲ့နှစ်တုန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလူဝင်မှုကြီးကြပ်ရေးဌာနကို ပေးပို့ခဲ့တဲ့ အိမ်ထောင်စုစာရင်းပါ အချက်အလက်တွေကို အခြေခံကာ မြေပြင်အချက်အလက်နဲ့ ပြန်လည်တိုက်ဆိုင်စစ်ဆေးတဲ့လုပ်ငန်းစဥ်လို့ ဆိုပါတယ်။








