မန္တလေးမှာ PDFနဲ့ဆက်စပ်တယ်ဆိုပြီး ခရစ်ယာန်လူငယ့်ရိပ်မြုံတစ်ခု ချိပ်ပိတ်ခံရ နေထိုင်သူတွေ အခက်ကြုံ- နိုဝင်ဘာ ၃ ရက် ထိပ်တန်းသတင်းများ

ချိပ်ပိတ်ခံရတဲ့နေအိမ်ခြံဝင်း

ဓာတ်ပုံ ရင်းမြစ်, MFP

ဓာတ်ပုံ ပုံစာ, ချိပ်ပိတ်ခံရတဲ့နေအိမ်ခြံဝင်း
ရေးသားခဲ့သည်။

မန္တလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး လူငယ်စောင့်ရှောက်ရေးရိပ်မြုံတစ်ခု ချိပ်ပိတ်ခံခဲ့ရတာကြောင့် အဲဒီမှာနေထိုင်တဲ့ ကလေးငယ် ၁၃ ဦးဟာ နေထိုင်၊ စားသောက်ရေးအခက်ကြုံနေရတယ်လို့ နီးစပ်သူတွေဆီကနေ သိရှိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ စ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဗုံးပစ်ခံရပြီးတဲ့နောက် ၅၄ လမ်းနဲ့ ၅၅ လမ်းကြားက အဲဒီ ခရစ်ယာန်လူငယ်စောင့်ရှောက်ရေးရိပ်မြုံ ချိပ်ပိတ်ခံခဲ့ရတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းက မနေ့ နိုဝင်ဘာလ ၂ ရက် ညနေစောင်းပိုင်းမှာ အဲဒီရိပ်မြုံကို ရောက်လာပြီး ချိပ်ပိတ်သွားခဲ့တာကြောင့် အဲဒီမှာနေထိုင်တဲ့ ကလေးငယ်တွေအပါအဝင် ဂေဟာမှူးတို့ဟာ ညတွင်းချင်းမှာပဲ ပစ္စည်းတွေ ရွှေ့ပြောင်းပြီး နီးစပ်ရာမှာ ညအိပ်ခဲ့ရပါတယ်။

‘‘ဂေဟာက ငှားပြီး ကလေးတွေကို စောင့်ရှောက်ထားတာပါ။ အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရောက်လာပြီး ဒီခြံကို ချိပ်ပိတ်မယ်ဆိုတော့ ညတွင်းချင်း ပစ္စည်းတွေရွှေ့၊ ဓမ္မာရုံမှာ၊ အသိမိတ်တွေဆီမှာ ပစ္စည်းတွေကို ထားလိုက်ရတယ်။ တစ်လ ငါးသိန်းကို တစ်နှစ်စာချုပ်နဲ့ ငှားထားတာ။ အိမ်ငှား သက်တမ်းက ၅ လကျန်နေသေးတယ်လို့ သိရတယ်။ အခုဒီလိုချိပ်ပိတ်လိုက်တော့ အိမ်ငှားခလည်း ဆုံးရှုံးပြီး နေစရာအသစ်ရှာဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်’’ လို့ ဂေဟာအခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

ဂေဟာမှာ စောင့်ရှောက်ထားတဲ့ကလေးတွေဟာ အသက်အကြီးဆုံး ၉ တန်းကနေ မူလတန်းအထိ ၁၀ ဦးကျော်ဖြစ်ပြီး အခုတော့ နီးစပ်ရာမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။

ပီဒီအက်ဖ်ကို ကူညီတယ်ဆိုတဲ့အချက်နဲ့ ဂေဟာချိပ်ပိတ်ခံရပေမဲ့ ဂေဟာဘက်ကတော့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မသိရှိသလို အဆက်အစပ်လည်း မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကဘယ်လိုတုံ့ပြန်လဲ

ဒီနေအိမ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မန္တလေးပီဒီအက်အဖွဲ့ဝင် ဗိုလ်ထွန်းတောက်နိုင်ကိုဖမ်းဆီးစဥ်မှာ ထွက်ဆိုချက်အရ ပီဒီအက်ဖ်တွေအခြေချနေထိုင်ဖို့ စီစဥ်ခဲ့တဲ့အထဲကတစ်အိမ်ဖြစ်ပြီး အဲဒီတုန်းကတော့ အိမ်ကို ပိုင်ရှင်ထံ စစ်ကောင်စီက ပြန်လည်အပ်နှံခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အခုတော့ မသင်္ကာဖွယ်သတင်းအရ ဝင်ရောက်ရှာဖွေစဥ်မှာ PDF တွေနဲ့ ဆက်စပ်မှုတွေရှိခဲ့တာကိုတွေ့ရတာကြောင့် ချိပ်ပိတ်ခဲ့တာလို့ သူကပြောပါတယ်။ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့အိမ်မှာရှိတဲ့ ကလေးငယ်တွေကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်နဲ့ မိဘမဲ့ဂေဟာတွေထံ ပို့ဆောင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အရပ်ဘက် လေယာဥ်ဆီတွေ စစ်တပ်ရနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြော

စစ်ရေးလေ့ကျင့်နေတဲ့ မြန်မာလေတပ်လေယာဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ရေးလေ့ကျင့်နေတဲ့ မြန်မာလေတပ်လေယာဥ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံက အရပ်ဘက် လေယာဥ်တွေအတွက် ပေးပို့တဲ့ လေယာဥ်ဆီတွေ စစ်တပ်ဆီကို ရောက်သွားနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - အေအိုင်က ပြောပါတယ်။

သီလဝါ ဆိပ်ကမ်းကို ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် စက်တင်ဘာအတွင်း  ရောက်လာတဲ့ ဆီပေးပို့မှု ရှစ်ခုကို အေအိုင်အဖွဲ့က ခြေရာခံခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောပါတယ်။

ဒီပို့ဆောင် ဖြန့်ဖြူးမှုတွေကို စက်သုံးဆီကုမ္ပဏီကြီး ပူးမားရဲ့ မြန်မာ ကုမ္ပဏီတွေက လုပ်ဆောင်ခဲ့ပြီး တစ်ခုက အစိုးရပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

တချို့ ပို့ဆောင်မှုတွေကို အနီးအနားက လေဆိပ်တွေကို ပို့ဆောင်တာဖြစ်ပြီး အဲဒီလေဆိပ်တွေမှာ အနီးအနားက စစ်စခန်းတွေက လေယာဥ်ဆီဖြည့်တာတွေ လုပ်ဆောင်နိုင်တယ်လို့ ဂြိုဟ်တုက ရတဲ့ အချက်အလက်နဲ့ ပေါက်ကြားလာတဲ့ မှတ်တမ်းတွေကို ကိုးကားပြီး အေအိုင်က ပြောပါတယ်။

ပက်ထရိုချိုင်းနား ကုမ္ပဏီပိုင် Singapore Petroleum Company နဲ့ Thai Oil တို့က ပို့ဆောင်မှု အနည်းဆုံး နှစ်ခုကို လုပ်ခဲ့ပြီး စစ်တပ်ဆီကို တိုက်ရိုက်ပို့ခဲ့တယ်လို့ အခွန်ကြီးကြပ်မှု အချက်အလက်နဲ့ ဆီတင်ပို့မှုစာ တွေကို ကိုးကားပြီး အေအိုင်က ပြောပါတယ်။

ပူးမားရဲ့  မြန်မာ ကုမ္ပဏီ တစ်ခုက စစ်စခန်းတစ်ခုကို ဂျက်လေယာဥ်ဆီတွေ ပို့ဆောင်မှုအတွက် ဒေသခံ ကုမ္ပဏီတစ်ခု ငွေပေးချေမှု ရှိခဲ့တယ်လို့လည်း အေအိုင်က ဆိုပါတယ်။

အေအိုင်က ပြောဆိုတဲ့ ပါ၀င်ပတ်သက်မှု ရှိနေတဲ့ ကုမ္ပဏီတွေဟာ ဆက်စပ်မှုတွေ ရှိနေပေမဲ့ အားလုံးကို အဲဒီကုမ္ပဏီတွေက မသိနိုင်ကြောင်း၊ ဒါပေမဲ့ စစ်တပ်ကို လေယာဥ်ဆီပေးပို့မှုတွေနဲ့ ဆက်စပ်နေကြောင်း အေအိုင်က သုတေသနပညာရှင်  Montse Ferrer က အေအက်ဖ်ပီကို ပြောပါတယ်။

  အေအိုင်က ဖော်ပြခဲ့တဲ့ ကာလအတွင်း ဆီတင်သွင်းမှုတွေလုပ်ခဲ့တဲ့ Singapore Petroleum Company၊ Rosneft၊ Chevron နဲ့ Thai Oil တို့က သူတို့ တင်ပို့တဲ့ လောင်စာဆီတွေကို အရပ်ဘက်သုံးဖို့ သီးသန့်ပေးပို့တာလို့ အေအိုင်ကို ပြောဆိုကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီး အရပ်ဘက်နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်တပ်ဆီကို လေယာဥ်ဆီတွေ မရောက်ရှိဖို့ လေယာဥ်ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို တိုက်ရိုက်နဲ့ သွယ်ဝိုက် ဆီတင်သွင်း၊ ရောင်းချ၊ ပေးပို့တာတွေ ချက်ချင်း ရပ်ဆိုင်းဖို့ အေအိုင် အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မန္တလေးမြို့မှာ အထူးကုဆရာဝန်ကြီးတွေ ထပ်မံ ဖမ်းဆီးခံရ

စစ်အာဏာသိမ်းအစောပိုင်းကာလ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ မန္တလေး ကျန်းမာရေးမိသားစု

ဓာတ်ပုံ ရင်းမြစ်, MinNadiKha/MFM

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းအစောပိုင်းကာလ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ မန္တလေး ကျန်းမာရေးမိသားစု

မန္တလေးမြို့မှာ သားဖွားမီးယပ်အထူးကု အမျိုးသမီးဆရာဝန်ကြီးနှစ်ဦးနဲ့ပြည်သူ့ကျန်းမာရေးဌာန ဆရာဝန်ကြီးအပါအဝင် အထူးကုဆရာဝန်ကြီးတွေ ဖမ်းဆီးခံထားရတယ်လို့ မန္တလေးဆရာဝန်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုသမှုပေးနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ခွဲစိတ် ကထိက ဆရာဝန်တစ်ဦးနဲ့ စီဒီအမ် သူနာပြုတွေနဲ့ ဆေးဝါးတွေကို ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ အခုဖမ်းဆီးမှုတွေ ထွက်ပေါ်လာတာပါ။

’ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးနှစ်ဦး၊ ပြည်သူ့ကျန်းမာရေးဘက်က တစ် ဦး၊ နားနှာခေါင်း လည်ချောင်းအထူးကု တစ်ဦး အဖမ်းခံလိုက်ရတယ်။ ဟိုနေ့က စစ်တပ်က ဖမ်းလိုက်တဲ့ စီဒီအမ် ဆရာဝန်နဲ့ သူနာပြုတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာလို့ သိရတယ်’’ ဆိုပြီး မန္တလေး ဆရာဝန်အသိုင်းအဝိုင်းဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မန္တလေးမှာ ဆရာဝန်နဲ့ သူနာပြု ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေး အခြေစိုက်သတင်းတွေမှာ ဖော်ပြနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တစ်ဖက်မှာလည်း စစ်ကောင်စီ ကျန်းမာရေးဌာနဟာ စီဒီအမ်မှာ ပါဝင်နေတဲ့ ဆရာဝန်တွေကို ဆေးကုသခွင့်လိုင်စင် ရုတ်သိမ်းတာတွေ ပြုလုပ်နေပြီး အခုဆို အဲဒီလိုရုပ်သိမ်းခံရတဲ့ မန္တလေးက ဆရာဝန် အယောက် ရာနဲ့ချီ ရှိနေတယ်လို့လည်း သိရပါတယ်။

မန္တလေး စီဒီအမ် ဆရာဝန်အသိုင်းအဝိုင်းကတော့ စစ်ကောင်စီဘက်က စီဒီအမ် ဆရာဝန်တွေကို လိုင်စင် သိမ်းတာ၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာပါ လုပ်ကိုင်ခွင့် ပိတ်ပင်ထားတာ၊ စီဒီအမ် ဆရာဝန်တွေ ဆေးခန်းထိုင်တယ်ဆိုတာ တွေ့ရင် ဖမ်းဆီးတာတွေကြောင့် စီဒီအမ် ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုယ့်အိမ်ကိုယ့်ယာမှာတင် မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ပြောထားပါတယ်။

မြိတ်မြို့နယ်၊ တုံးဗျောရွာပစ်ခတ်မှု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသေဆုံး

မြိတ်မြို့နယ် တုံးဗျောရွာပစ်ခတ်မှု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသေဆုံ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ထဲက တုံးဗျောရွာမှာ မနေ့ နိုဝင်ဘာလ ၂ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကြားမှာဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဟာ တုံးဗျောကြီးရပ်ကွက်မှာရှိတဲ့အုပ်ချုပ်ရေးမှူးရုံး ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ၁၀ ဦးထက်မနည်း အခြေချနေတဲ့နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

''မနေ့ မနက်ပိုင်း ပစ်ခတ်မှုမှာ အုပ်ချုပ်ရေးမှူး ကိုစိန်ပန်းသေတယ်။ ဒီနေ့တော့ သူ့စျာပန လုပ်သွားပါပြီ။ ပထမတစ်ကြိမ် တုန်းက တုံးဗျောငယ်ရပ်ကွက်က သူ့အိမ်မီးရှို့ခံရတယ်။ အဲဒီနောက်ပိုင်း သူက စစ်တပ်ကို ခေါ်လိုက်တော့ တပ်က အင်အား ၁၀ ယောက်နဲ့ ပြည်သူ့စစ် ၅ ယောက်လောက် လမ်းဆုံက တုံးဗျောကြီး အုပ်ချုပ်ရေးမှူးရုံးမှာ လာနေကြတာ တစ်လလောက်ရှိပြီ။ အဲဒါကို လာပစ်တော့ ရုံးအနောက်ဘက်မှာ ပစ်ကြခတ်ကြ ဖြစ်ကြတာ'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မနေ့က ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် အခြားထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို တနင်္သာရီတိုင်းထဲက အခြေအနေတွေကို အဓိက ဖော်ပြတဲ့ သတင်းတွေမှာ ဖော်ပြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ တုံးဗျောကြီးရပ်ကွက်ထဲက ပစ်ခတ်မှုကြောင့် အဲဒီအုပ်ချုပ်ရေးမှုးရုံးမှာ စစ်သားနဲ့ ပြည်သူ့စစ် အင်အား ၂၀ နီးပါး အထိ နေရာယူထားတာကြောင့် ဒေသခံတွေဟာ အခြေအနေ တင်းမာမှာကို စိုးရိမ်ပြီး မြိတ်မြို့ပေါ်ကို တိမ်းရှောင်နေကြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မြိတ်- တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ တုံးဗြောကြီးကျေးရွာအုပ်စုဟာ တုံးဗျောကြီး၊ တုံးဗျောငယ်၊ ကင်းတပ်တဲ့ကျေးရွာ ၇ ရွာခန့်ပါဝင်ပြီး ကျေးရွာတွေကို ရပ်ကွက်အပိုင်းအဖြစ် ဒေသခံတွေက ခေါ်ကြတာဖြစ်ပါတယ်

ဦးထွန်းမင်းလတ်ရဲ့ ဘတ်ငွေ သန်း ၂ ထောင်နီးပါးတန် ပိုင်ဆိုင်မှုတွေကို ထိုင်းရဲသိမ်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်တဲ့ ထိုင်းနိုင်ငံက လက်နက်ပြပွဲမှာ မြင်တွေ့ရတဲ့ ဦးထွန်းမင်းလတ်( နက်ခ်တိုင် အဝါရောင်နဲ့ အမျိုးသား)

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, သတင်းမီဒီယာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်တဲ့ ထိုင်းနိုင်ငံက လက်နက်ပြပွဲမှာ ဦးထွန်းမင်းလတ်( နက်ခ်တိုင် အဝါရောင်နဲ့ အမျိုးသား)ကိုလည်း တွေ့ရတယ်လို့ဖော်ပြ

ထိုင်းရဲတပ်ဖွဲ့ဟာ မြန်မာလက်နက်ပွဲစားလို့ နာမည်ထွက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ မူးယစ်ဆေးဝါးကွန်ရက်ကနေ ထိုင်းဘတ်ငွေ သန်း ၂ ထောင်နီးပါးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးရေးဘုတ်အဖွဲ့တို့က ဦးထွန်းမင်းလတ်အပေါ် ပူးတွဲစုံစမ်းစစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်လာချိန်မှာ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမှုသတင်းထွက်ပေါ်လာတာပါ။

သိမ်းဆည်းလိုက်တဲ့ပိုင်ဆိုင်မှုတွေထဲမှာ မီးခံသေတ္တာ၊ ကားတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့အစီရင်ခံစာမှာပါရှိပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကတော့ ဦးထွန်းမင်းလတ်ရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စုံစမ်းစစ်ဆေးမှုတွေကို ၂၀၁၉ ခုနှစ်ကတည်းက ပြုလုပ်နေတာဖြစ်ပြီး သူ့အပေါ် စုံစမ်းမှု ၂ ခုထဲက တစ်ခုအနေနဲ့ အခုသိမ်းဆည်းမှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အခွန်ဆောင်မှတ်တမ်းတွေကို ကြည့်ရှုနေပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းနိုင်တာမျိုးမရှိဘူးဆိုရင် တခြားနည်းလမ်းတွေနဲ့ သိမ်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မူးယစ်ဆေးရောင်းဝယ်သူလို့ ထိုင်းအာဏာပိုင်တွေဘက်က သိထားတဲ့ အသက် ၅၃ နှစ်အရွယ် ဦးထွန်းမင်းလတ်ဟာ စက်တင်ဘာလမှာ တခြားထိုင်းနိုင်ငံသား ၃ ဦးနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်ပြီး စစ်တပ်အတွက် လက်နက်ဝယ်ယူပေးခဲ့သူလို့ သတင်းတွေမှာဖော်ပြခံနေရတဲ့ ဦးထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးကုန်ကူးမှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲ ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ မြန်မာစစ်ကောင်စီကတော့ ဦးထွန်းမင်းလတ်နဲ့ပတ်သက်လို့ ငြင်းဆိုထားပြီး လက်နက်ရောင်းဝယ်မှုတွေမှာ အစိုးရချင်းသာ ဆောင်ရွက်ကြောင်းနဲ့ ကြားခံဆောင်ရွက်ပေးသူဆိုတာမျိုးမရှိကြောင်း ဘီဘီစီကို ပြောကြားထားပါတယ်။

မြန်မာစစ်တပ်ကို တရုတ်၊ရုရှားနဲ့အိန္ဒိယတို့ ထောက်ကူနေတယ်လို့ နိုင်ငံတကာလွှတ်တော်အမတ်တွေပြော

 အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ တွေ့ရတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ တွေ့ရတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်

တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ရဲ့ ထောက်ခံမှုဟာ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုကို အသက်ဆက်နေအောင် အထောက်အကူပြုနေတယ်ဆိုပြီး နိုင်ငံတကာလွှတ်တော်အမတ်တွေရဲ့ အစီရင်ခံစာမှာ‌ ဖော်ပြလာပါတယ်။

မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်အခြေအနေတွေကို ကမ္ဘာက တုံ့ပြန်မှုကို စုံစမ်းဖော်ထုတ်တဲ့ နိုင်ငံတကာလွှတ်တော်အမတ် ၈ ဦးပါအဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ အခုလိုဖော်ပြလာတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာစစ်တပ်အပေါ် အမေရိကန်နဲ့ ဥရောပသဂ္ဂတို့က အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ နိုင်ငံတကာ မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့အပြင် အိန္ဒိယရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ အာဏာဆုပ်ကိုင်ထားဆဲဖြစ်တယ်လို့ အမတ်တွေရဲ့အစီရင်ခံစာမှာ ပြောပါတယ်။

''အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြည်ပ မဟာမိတ်တွေဘက်ကနေ ရုပ်ဝတ္ထုအင်အားဖြင့် ၊ နှုတ်အားဖြင့်၊ စိတ်ဓာတ်အားဖြင့် ထောက်ခံမှုတွေ သိသသာသာရနေဆဲဖြစ်ပါတယ်။ အဲဒီထဲမှာ တရုတ်နဲ့ ရုရှားတို့ဆီက ဖြစ်ပြီး အိန္ဒိယဘက်ကလည်း နည်းနည်းပါနေပါတယ်'' လို့ အစီရင်ခံစာမှာပါရှိပါတယ်။

ရုရှားဟာ အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချတာနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို အဆိုပြုတဲ့အခါ ကန့်ကွက်တဲ့နိုင်ငံတစ်နိုင်ငံလို့ အမတ်တွေက သုံးသပ်ပါတယ်။

တရုတ်ကတော့ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်းရှုတ်ချပြောဆိုတာမရှိဘဲ လန်ချန်း-မဲခေါင် အစည်းအဝေးမှာ မြန်မာနဲ့ပူးတွဲကျင်းပတာမျိုးလို ဆက်ဆံရေးမျိုး ပြနေခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ စစ်ကောင်စီအပေါ် ဆက်ဆံရေးဟာ စစ်ကောင်စီရဲ့ ရပ်တည်နိုင်စွမ်းအခြေအနေနဲ့ မြန်မာပြည်တွင်းက တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အကျိုးစီးပွားတွေအပေါ် မူတည်နေတယ်လို့ လွှတ်တော် အမတ်တွေက ထောက်ပြပြောဆိုထားပါတယ်။

အိန္ဒိယနိုင်ငံကတော့ ကုလသမှာ မြန်မာ့အရေးကို အဆိုပြုတဲ့အခါ မဲမပေးဘဲနေခဲ့တဲ့ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း ဒီမိုကရေစီထောက်ခံတဲ့နိုင်ငံတွေက စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ မြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့ပေမဲ့ နိုင်ငံတွေကြား စနစ်တကျနဲ့အချိတ်အဆက်ရှိရှိ မလုပ်နိုင်ခဲ့တာတွေကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ် စစ်တန်းလျားကို ပြန်သွားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်အောင် မြန်မာလူထုကို ကူညီဖို့ လုပ်နိုင်သလို ပိုလည်းလုပ်သင့်တဲ့အခြေအနေမှာ ယိုယွင်းလာနေတဲ့လူသားချင်းစာနာမှုအကျပ်အတည်းကနေ စတင်ဖို့၊ အရေးယူပိတ်ဆို့မှုနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာကို အချိတ်အဆက်မိမိပြုလုပ်ကာ တရားမဝင်တဲ့စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်ရဲ့ တရားဝင် အာဏာပိုင်အဖွဲ့ အစည်းအဖြစ် ပြန်လည်အသိအမှတ်ပြုဖို့ လွှတ်တော်အမတ်တွေက တောင်းဆိုထားပါတယ်။

၂၆ လမ်းလုယက်မှုမှာ ဓားထိုးခံရတဲ့ ပိုင်ရှင်နှစ်ဦး ဆေးရုံကနေ ပြန်ဆင်း၊ ငွေကျပ် သိန်း ၁၅၀ ခန့်၊ ဖုန်းနှစ်လုံးနဲ့ မော်တော်ယာဥ်တစ်စီးလုယက်ခံရတယ်လို့ ဆို

26th street, Yangon

ဓာတ်ပုံ ရင်းမြစ်, CCTV Screen Grab

မနေ့နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းအောက်ဘလောက်မှာရှိတဲ့ သစ္စာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသုံးဦးက ဆိုင်ရှင်နှစ်ဦးကို ဓားနဲ့ထိုးပြီး လုယက်မှုဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ ဆိုင်ပိုင်ရှင် နှစ်ဦး ဆေးရုံကနေ ပြန်ဆင်းလာပြီဖြစ်တယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးတဲ့လူမှုကူညီရေးအသင်းထံက သိရပါတယ်။   “ညက ၁၁ နာရီကျော်လောက်မှာ ကျွန်တော်တို့အသင်းကိုအကူအညီတောင်းလို့ ဆေးရုံကြီးကနေ နေအိမ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်။ နှစ်ဦးလုံး ဒဏ်ရာတွေတော့ရထားတာတော့တွေ့ပါတယ်။ အခြေအနေကတော့ကောင်းပါတယ်”လို့ပန်းဘဲတန်းမြို့နယ် အခြေစိုက် လူမှုကူညီရေးအသင်းက ဘီဘီစီကိုပြောပါတယ်။

ဒီလုယက်မှုဖြစ်စဥ်မှာ ကျူးလွန်သူ သုံးဦးဟာ မျက်နှာဖုံးမက်စ်တွေ တပ်ထားပြီး ဆိုင်ပိုင်ရှင်နှစ်ဦးကို ဓားနဲ့ရန်ပြုတိုက်ခိုက်ခဲ့တာကို စီစီတီဗီမှတ်တမ်းမှာတွေ့ရပါတယ်။

အဲဒီနောက် ငွေထည့်ထားတယ်လို့ယူဆရတဲ့ကျောပိုးအိတ်အပြင် စားပွဲပေါ်တင်ထားတဲ့ကားသော့ကိုပါ ယူဆောင်ပြီးထွက်ခွာသွားတာကိုတွေ့ရပါတယ်။

ဒီဖြစ်စဥ်မှာ ငွေကျပ် သိန်း ၁၅၀ ခန့်၊ မော်တော်ယာဥ်တစ်စီးနဲ့ ဖုန်းနှစ်လုံးတို့ လုယက်ခံရတယ်လို့ ရဲတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားကြောင်း လူမှုကွန်ရက်မှာရေးသားမှုတွေရှိနေပြီး ဘီဘီစီက ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းအတည်ပြုဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီပြည်ထဲရေးဝန်ထမ်းတွေကို တရုတ်က ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးသင်တန်းပေး

တရုတ်က ဆိုက်ဘာမှုခင်း သင်တန်းပေး

ဓာတ်ပုံ ရင်းမြစ်, တရုတ်သံရုံး

တရုတ်က မြန်မာစစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး သင်တန်းပေးနေတယ်လို့သိရပါတယ်။

 အဲဒီသင်တန်းကို ယူနန်ပြည်နယ် ရဲအရာရှိသင်တန်းကျောင်းကနေ တာဝန်ခံပေးတာဖြစ်ပြီး စစ်ကောင်စီပြည်ထဲရေးဌာနက ဝန်ထမ်း ၁၂ ယောက်က အွန်လိုင်းကနေ တက်ရောက်နေတယ်လို့ ရန်ကုန်မှာရှိတဲ့တရုတ်သံရုံးက ကြေညာပါတယ်။

 တရုတ်ဘက်ကတော့ မြန်မာနဲ့ တရုတ်ဟာ ကီလိုမီတာ ၂ ထောင်ကျော် နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးမှာ အများကြီးပူးပေါင်းဖို့လိုအပ်သလို ပူးပေါင်းဖို့လည်း ဆန္ဒရှိတဲ့အကြောင်း ပြောထားပါတယ်။

 ၅ ရက်ကြာမယ့် ဒီသင်တန်းမှာ ဆိုက်ဘာမှုခင်း ပြစ်မှုကျူးလွန်မှုပုံစံတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု နိုင်ငံတကာ ဆိုက်ဘာမှုခင်းတွေကို တိုက်ဖျက်မှုမှာ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို သင်မယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းမှုတွေ တိုးလုပ်လာနေပြီး  ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်တုန်းကလည်း  နယ်မြေဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကို ဘန်ကောက်မြို့မှာ ပထမဆုံး ပြုလုပ်ထားပါတယ်။

မြန်မာမှာ နယူးဇီလန်က သံရုံးပြန်ဖွင့်မယ်

သံရုံးယာယီတာဝန်ခံအဖြစ် ထမ်းဆောင်မယ့် မစ္စ စတက်ဖနီလီ စစ်ကောင်စီရဲ့ပြည်ဝင်ခွင့်ဗီဇာကို စောင့်ဆိုင်းနေ

နယူးဇီလန်အစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းထိတွေ့ဆက်ဆံနေသလို တစ်ဖက်မှာလည်း စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာမှာ သံရုံးပြန်ဖွင့်ဖို့ စီစဥ်နေပါတယ်။

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားခဲ့ပြီး မြန်မာမှာ စစ်တပ်က ဒီမိုကရေစီနည်းကျရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးရှိလာချိန်မှာ နယူးဇီလန်သံရုံးကို ပြန်လည်ဖွင့်လှစ်ဖို့ နယူးဇီလန် နိုင်ငံခြားရေးနဲ့ကုန်သွယ်ရေး ဝန်ကြီးဌာန(Mfat) က အဆင့်မြင့် သံတမန်တစ်ဦးကို ရန်ကုန်မြို့ကိုစေလွှတ်မယ် လို့ the stuff သတင်းဌာနက ရေးပါတယ်။

ဒါပေမဲ့ ဒီလုပ်ရပ်ဟာ စစ်အစိုးရကို တရားဝင်မှုရှိတယ်လို့ ရည်ညွှန်းတာမဟုတ်ကြောင်းလည်း Mfat က ဆိုပါတယ်။

Mfat ရဲ့ အာရှဆိုင်ရာလက်ထောက်အတွင်းဝန် ဒီဘိုရာဂီးလ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နယူးဇီလန်လွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်မှု ရွေးချယ်ရေးကော်မတီက လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံရာမှာ ရန်ကုန်မှာ အခုလို သံရုံး ပြန်လည်ဖွင့်လှစ်ခြင်းဟာ နယူးဇီလန်အတွက် အဓိက ဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ပို့စ်(သံရုံး) ကိုပြန်ဖွင့်လိုက်တာနဲ့ နယူးဇီလန်ဟာ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေတွေကို အပြည့်အဝ နားလည်သဘောပေါက်ဖို့ အကောင်းဆုံးနေရာယူထားပြီး ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီမှုတွေကို အကောင်းဆုံး ပစ်မှတ်ထားနိုင်တဲ့ နေရာဖြစ်မယ်လို့ ထင်ပါတယ်” လို့ သူကပြောခဲ့ပါတယ်။

တိုင်ဝမ်၊ ဟောင်ကောင်နဲ့ အာဆီယံအဖွဲ့အတွက် နယူးဇီလန်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စ စတက်ဖနီလီဟာ ရန်ကုန်နယူးဇီလန်သံရုံးရဲ့အကြီးအကဲ အဖြစ် တာဝန်ယူမှာဖြစ်ပြီး သူ့အနေနဲ့ သံအမတ်ကြီးအဆင့်မဟုတ်ဘဲ သံရုံးယာယီတာဝန်ခံအဖြစ်သာ ထမ်းဆောင်မယ်လို့လည်း သိရပါတယ်။

နယူးဇီလန်ဟာ အရင်က သံအမတ်ကြီးအဆင့် ထားရှိခဲ့တာဖြစ်ပြီး အခုဖော်ပြချက်အရဆိုရင်တော့ သံရုံးယာယီတာဝန်ခံသာထားရှိမှာဖြစ်လို့ တစ်ဆင့်နိမ့်အနေအထားလို့လည်း ဆိုနိုင်ပါတယ်။ အခုအခါမှာ မစ္စ စတက်ဖနီလီဟာ စစ်ကောင်စီရဲ့ ပြည်ဝင်ခွင့်ကိုစောင့်ဆိုင်းနေရပါတယ်။

ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းက လုယက်မှု တရားခံတွေကို မဖမ်းမိသေး

26 street, Yangon

ဓာတ်ပုံ ရင်းမြစ်, CCTV screen Grab

ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းက သစ္စာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆိုင်ပိုင်ရှင်နှစ်ဦးကို လူသုံးဦးက ဓားနဲ့ထိုးပြီးလုယက်မှုမှာ ကျူးလွန်တဲ့တရားခံ ၃ ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ပန်းဘဲတန်းမြို့နယ်ရဲစခန်းထံက သိရပါတယ်။

ဒီဖြစ်စဥ်မှာ လုယက်ခံရပြီး ဓားနဲ့ထိုးခံခဲ့ရတဲ့ ဆိုင်ပိုင်ရှင်နှစ်ဦး ဆေးရုံမှာတက်ရောက်ကုသနေရတယ်လို့ ပန်းဘဲတန်း ဒေသခံတဦးကလည်း ဘီဘီစီကိုပြောပါတယ်။

မနေ့က ဒီလုယက်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ဆိုင်ပိုင်ရှင်နဲ့ဆွေမျိုးတော်စပ်သူတစ်ဦးက လူမှုကွန်ရက်မှာ စီစီတီဗီမှတ်တမ်းကိုတင်ခဲ့တာဖြစ်ပြီး စီစီတီဗီအရ နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီ ၄၀ မိနစ်မှာ ဆိုင်ပိုင်ရှင်နှစ်ဦးမှာ ဆိုင်ပိတ်သိမ်းရန်ပြင်ဆင်နေစဥ် လူနှစ်ဦး ဝင်ရောက်လာပြီး ရုတ်တရတ် ဓားနဲ့ရန်ပြုလုံးထွေးသတ်ပုတ်ခဲ့တာကိုတွေ့ရပါတယ်။

အဲဒီနောက်နောက်ထပ်လူတစ်ဦးက ထပ်မံဝင်ရောက်လာပြီး လူသုံးဦးက ဆိုင်ရှင်နှစ်ဦးကို ဓားနဲ့တိုက်ခိုက်ကာ လုယက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဆိုင်အတွင်းကနေ ငွေတွေထည့်သိုယူဆောင်သွားတယ်လို့ ယူဆရတဲ့ ကျောပိုးအိတ်တစ်လုံးအပြင် စားပွဲပေါ်မှာတင်ထားတဲ့ ကားသော့ကိုပါ ယူဆောင်ပြီးထွက်ခွာသွားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းကလည်း လူစည်ကားရာ မင်္ဂလာတောင်ညွန့်မြို့နယ်မန္တလေးလမ်းမှာ အငြိမ်းစား တက္ကသိုလ်ကထိက ကျောင်းဆရာစာရေးဆရာတက္ကသိုလ်ကြယ်ပွင့်နဲ့ ဇနီးဖြစ်သူတို့လည်း သတ်ဖြတ်ခံထားရပြီး တရားခံတွေကိုတော့ စုံစမ်းဆဲဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းထံက သိရပါတယ်။