အီရန် သူလျှို ဒုတိယအုပ်စုကို အစ္စရေးဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ရက်ဖီ ဘာ့ဂ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
အီရန်အတွက် တိုက်ခိုက်မှုတွေ စီစဉ်ပေးတယ်ဆိုတဲ့ သံသယနဲ့ လူ ခုနစ်ယောက်ကို အစ္စရေး သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလမ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ ဒုတိယအကြိမ် ဖမ်းမိတာလို့လည်း အစ္စရေး လုံခြုံရေးဌာနက ပြောပါတယ်။
ဒီလူတွေဟာ အီရန်ရဲ့ ညွှန်ကြားမှုအောက်မှာ အစ္စရေး ထိပ်တန်း သိပ္ပံပညာရှင်တယောက်နဲ့ မြို့တော်ဝန်တယောက်ကို လုပ်ကြံဖို့ စီစဉ်ခဲ့ကြောင်း ရှင်းဘတ် အစ္စရေး ပြည်တွင်း ထောက်လှမ်းရေးအဖွဲ့နဲ့ ရဲက ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။
ရဲကားကို ဗုံးခွဲဖို့နဲ့ အိမ်တအိမ်ကို လက်ပစ်ဗုံးနဲ့ ထုဖို့လည်း သူတို့ကို တာဝန်ပေးခဲ့ကြောင်း အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။ ဒီအတွက် ဒေါ်လာ ၅၃,၀၀၀ ရတယ်လို့ ဆိုပါတယ်။
အစ္စရေး ခုနစ်ယောက်ကို အီရန်အတွက် ထောက်လှမ်းတယ်ဆိုပြီး ဖမ်းထားကြောင်း အစ္စရေး စစ်ဘက်က ကြေညာပြီး နောက်တရက်မှာ ဒီလို ဖမ်းတဲ့ သတင်း ထွက်လာပါတယ်။
အီရန်ဟာ အစ္စရေးရဲ့ ရန်သူကြီး ဖြစ်ပြီး နှစ်နိုင်ငံကြား တင်းမာမှုဟာလည်း အမြင့်ဆုံးကို ရောက်နေပါတယ်။ အောက်တိုဘာလ ၁ ရက်က အီရန်ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကိုလည်း လက်တုံ့ပြန်မယ်လို့ အစ္စရေးကကြုံးဝါးထားပါတယ်။
ဒီအုပ်စုကို ၂၃ နှစ် အရွယ် အမျိုးသားတယောက်က ခေါင်းဆောင်ပြီး အီရန်ဘက်က စည်းရုံးထားတဲ့သူလို့ ဆိုပါတယ်။ ဒီလူက တခြား လူ ခြောက်ယောက်ကို သိမ်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဒီလူက ဝန်ခံတယ်ဆိုပြီး ဒေသတွင်း သတင်းတွေမှာ ပါရှိပါတယ်။
သိပ္ပံပညာရှင်တွေ၊ မြို့တော်ဝန်တွေ၊ လုံခြုံရေး အရာရှိတွေနဲ့ တခြား ထင်ရှားတဲ့ အစ္စရေး လူမျိုးတွေဟာ အီရန်သူလျှိုတွေရဲ့ ပစ်မှတ်တွေ ဖြစ်ကြောင်း ရှင်းဘတ်နဲ့ ရဲရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစ္စရေး ဂျူးလူမျိုး ခုနစ်ယောက်ကို အီရန်အတွက် သူလျှိုလုပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းပြီး နာရီပိုင်းမှာပဲ ဒီသတင်း ထွက်လာခဲ့တာပါ။
အဇာဘိုင်ဂျန်က ရွှေ့ပြောင်းလာတဲ့ ဒီလူ ခုနစ်ယောက်ကို ဟိုင်ဖာဘက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒီလူတွေဟာ အစ္စရေး စစ်စခန်းတွေနဲ့ စွမ်းအင်စက်ရုံတွေ ရှိတဲ့ နေရာတွေအကြောင်း သတင်းအချက်တွေ ပေးတာအပါအဝင် ထောက်လှမ်းမှု ၆ဝဝ လောက် ကျူးလွန်ခဲ့တယ်လို့ သံသယရှိပါတယ်။
အရင်ပတ်က အစ္စရေးမြောက်ပိုင်းက စစ်စခန်းတခုကို အီရန်ဘက်တော်သား ဟစ်ဇဘိုလာတွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး စစ်သား လေးယောက် သေဆုံးခဲ့ပါတယ်။ ဒီစခန်းကို ဒီ အီရန်သူလျှိုအုပ်စုက ထောက်လှမ်းနေတာလို့ အစ္စရေး လုံခြုံရေးဘက်က ပြောပါတယ်။
အီရန်က နယ်ခံတွေကို စည်းရုံးပြီး လူမွေးတာတွေက မဆန်းပေမယ့် အစ္စရေးက ဂျူးတွေကို သိမ်းသွင်းတာကတော့ တအားရှားပါတယ်။
သူတို့ပေးတဲ့ အချက်အလက်တွေကြောင့် နိုင်ငံလုံခြုံရေးကို ထိခိုက်နိုင်တယ်၊ ရန်သူရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေကို ကူညီရာ ရောက်တယ်လို့ အခု ဖမ်းထားတဲ့သူတွေက ကောင်းကောင်းသိကြောင်း ရှင်းဘတ်နဲ့ ရဲရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
ဒီသတင်းအချက်အလက်တွေအတွက် ဒီလူတွေကို ဒေါ်လာ သိန်းချီပေးခဲ့ကြောင်း ရဲက ပြောပါတယ်။
အစ္စရေးကလည်း တိုက်ခိုက်မှုနဲ့ လုပ်ကြံမှုတွေ လုပ်ဖို့ အီရန်ရဲ့ လုံခြုံရေးဌာနတွေကို ထိုးဖောက်တယ်လို့ ယူဆရပါတယ်။ အစ္စရေး ထောက်လှမ်းရေးလို့ စွပ်စွဲခံရသူတွေကို ဖမ်းမိတဲ့ သတင်းတွေ၊ အစ္စရေး သူလျှိုကွန်ရက်တွေကို ဖျက်ပစ်တဲ့ သတင်းတွေကို အီရန်ဘက်က တခါတလေ ထုတ်ပြန်တတ်ပါတယ်။









