ဇန်နဝါရီ ၁၃ ရက်ထိပ်တန်းသတင်းများ- စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲကို ထိထိရောက်ရောက်ဟန့်တားဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA တိုက်တွန်း

ရေးသားခဲ့သည်။

စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲကို ထိထိရောက်ရောက်ဟန့်တားဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA တိုက်တွန်း

PSLF/TNLA

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို ထိထိရောက်ရောက်ဟန့်တားကြဖို့လိုအပ်တယ်လို့ တအာန်းပလောင်လွတ်မြောက်ရေးအဖွဲ့ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲလို့ သူက သုံးနှုန်းထားပြီး စစ်အာဏာရှင်အဆက်ဆက် အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်နေတာ တွေ့မြင်ရတယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုနယ်မြေတွေမှာ ထိထိရောက်ရောက်ဟန့်တားကြဖို့လိုအပ်ပြီး ဒီဟန့်တားဖို့အခွင့်အရေးကိုလည်း တော်လှန်ရေးအင်အားစုတွေက အပြည့်အဝပိုင်ဆိုင်ထားကြောင်း သူက မနေ့ ဇန်နဝါရီ ၁၂ ရက်က ကျင်းပတဲ့ နှစ် ၆၀ ပြည့် တအားန်းအမျိုးသားတော်လှန်ရေးနေ့စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရန်ကုန်နဲ့မန္တလေးအပါအဝင် မြို့တချို့မှာ လူဦးရေစာရင်းတွေကို စတင်ကောက်ယူနေပြီဖြစ်ပြီး မန္တလေးမှာဆို မနေ့ ဇန်နဝါရီ ၁၂ ရက်က လူဦးရေစာရင်းကောက်ယူနေစဥ် ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

 စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ခုခံတော်လှန်ရာမှာ  တော်လှန်ရေးအင်အားစုအချင်းချင်း သစ္စာရှိရှိ နဲ့အပြန်အလှန်လေးစားကူညီပံ့ပိုးမှု အသိအမှတ်ပြုမှုတွေကိုကိုင်စွဲထားရမယ်လို့လည်း TNLA ဥက္ကဋ္ဌ က ဆိုပါတယ်။  

အာဏာသိမ်းစစ်တပ်ကို လက်တွေ့ကျတဲ့နည်းဗျူဟာနဲ့ တိုက်ခိုက်ရမှာဖြစ်သလို ဒေသခံတွေရဲ့လူမှုရေးစီးပွားရေးနဲ့လုံခြုံရေးတွေကိုလည်း အလေးထားဖို့ လိုအပ်တယ်လို့ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူအစုလိုက်အပြုံလိုက်အသက်ဆုံးရှုံးရတာတွေရှိထားတဲ့အတွက် လေကြောင်းရန်ကာကွယ်ရေးအချက်ပြနည်းလမ်းတွေကို ကြိုတင်လေ့ကျင့်ထားဖို့နဲ့ လေကြောင်းကင်းထောက်တွေထားရှိဖို့၊ တိုက်ပွဲဖြစ်လာရင်စုစုစည်းစည်းနဲ့ရှောင်တိမ်းဖို့အချက်တွေနဲ့ ဒီနှစ်ထဲ ပြည်တွင်းစစ်ရေးအခြေအနေ ပိုဆိုးလာနိုင်ဖို့ ရိက္ခာတွေလည်းစုဆောင်းထားကြဖို့ သူက လူထုကို တိုက်တွန်းပါတယ်။

TNLA ဟာ ရက္ခိုင့်တပ်တော်အေအေ၊ ကိုးကန့် MNDAA တို့နဲ့စုဖွဲ့ထားတဲ့မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ထဲမှာပါဝင်ပြီး အရင်အစိုးရလက်ထက် အပစ်ရပ်စာချုပ်မှာလက်မှတ်ရေးထိုးထားခြင်းမရှိသလို လက်ရှိ စစ်ကောင်စီ​ဥက္ကဋ္ဌ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကိုလည်းတက်ရောက်ဆွေးနွေးထားခြင်းမရှိပါဘူး။

ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ကြား ရုတ်တရက်အပစ်ရပ်လိုက်ပြီးနောက် ရှမ်းမြောက်မှာ ရှိတဲ့ TNLA အခြေစိုက် တပ်စခန်းရှိရာနေရာတချို့မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေရှိထားပါတယ်။

စစ်ကောင်စီနဲ့ ဝ၊ မိုင်းလားနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ ၃ ရက်ကြာဆွေးနွေးပြီးနောက် သဘောတူညီချက်တွေ လက်မှတ်ထိုး

Army Chief and three ethnic group

ဓာတ်ပုံ ရင်းမြစ်, Myanmar Military

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ၃ ရက်ကြာ ဆွေးနွေးပြီး အပြီးသတ် ရလာတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒုတိယတစ်ကြိမ်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်တွေအရ အခု တတိယအကြိမ်မှာ ဆက်လက် ဆွေးနွေးရန်ကျန်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့ပြီး အဖွဲ့အစည်းအသီးသီးရဲ့နိုင်ငံရေးလိုလားချက်တွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒါ့အပြင်  ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေဆွေးနွေးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

ဒီပွဲအပြီးမှာ သဘောတူညီချက်တွေလက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဆိုပြီး  အသေးစိတ်ကိုပြောလို့မရပေမဲ့ ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး ပူးပေါင်းအကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရေးတို့ သဘောတူခဲ့တယ်ဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဒီလက်နက်ကိုင် ၃ ဖွဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်မယ့်အထိ သဘောတူညီမှု ရခဲ့ကြပါသလားဆိုတဲ့အချက်နဲ့ပတ်သက်လို့လည်း ပြောလို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။  

လက်မှတ်ထိုးကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေး သဘောတူညီချက်မှာ ဝ ပြည်နယ် ဖွဲ့စည်းဖို့နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဖွဲ့စည်းဖို့တွေ ပါဝင်သလားလို့ မေးကြည့်တော့

 “ဒီဟာတွေကတော့ပွင့်လင်းစွာဆွေးနွေးခဲ့တာရှိပါတယ်။ တချို့ဟာတွေလည်း သတင်းထုတ်ပြန်ခဲ့ ပြီးဖြစ်ပါတယ်။  အဲဒါတွေကိုပဲ ကျွန်တော်တို့က အခြေခံဥပဒေနဲ့ကိုက်ညီနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တကယ်တမ်းပြောရရင်တော့  လွှတ်တော်လမ်းကြောင်းကပဲသွားရမှာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီ ၃ ရက်ကြာတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ဘီဘီစီက တစ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ဝ၊ မိုင်းလားနဲ့ SSPP တို့ဆီက တုံ့ပြန်ချက်ကို ရရှိနိုင်ရေး အဲဒီသုံးဖွဲ့ထံ ဆက်သွယ်မေးမြန်းဖို့  ကြိုးစားပေမဲ့ ဇန်နဝါရီ ၁၃ ရက်မွန်းလွဲပိုင်းအထိ အဆက်အသွယ်မရရှိသေးပါဘူး။

ဒီသုံးဖွဲဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်တွေမှာ ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အဖွဲ့တွေဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီဟာ တရားဝင်မှုမရှိတဲ့အတွက် အာဏာသိမ်းထားတဲ့ ကြားကာလအတွင်း စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရရှိတဲ့သဘောတူညီချက်တွေဟာလည်း တရားဝင်မှုရှိမှာမဟုတ်ဘူးလို့ ကန့်ကွက်ပြောဆိုမှုတွေ ရှိထားပါတယ်။

PDF တွေအတွက် လက်နက်တွေထုတ်နေတယ်လို့  ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ ထုတ်ပြန်

 Weapon

ဓာတ်ပုံ ရင်းမြစ်, PSPT

NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) တို့ ပူးပေါင်းပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်နေတဲ့အကြောင်း ပြည်သူ့ပန်းတိုင် လူမှုကွန်ရက်စာမျက်နှာကနေ မနေ့ ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လာပါတယ်။

ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံမှာ ရှေ့တန်းတစ်နေရာက စခန်းတစ်ခုမှာ PSPT အဖွဲ့သားတချို့ အလုပ်လုပ်နေတဲ့ပုံကို လက်နက်တချို့နဲ့အတူ တွေ့မြင်ရပါတယ်။ ပြည်သူ့ဘက်ကို ရပ်တည်လာခဲ့ကြတဲ့ ပြည်သူ့စစ်သား၊ ရဲသားတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်တွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လေ့ကျင့်ရေး၊ တိုက်ခိုက်ရေး၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး၊ ပြင်ဆင်ထောက်ပံ့ရေး နဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေးလုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်လာတာပါ။

NUG ဟာ လေယာဥ်ပစ်လက်နက် ပိုင်ဆိုင်ထားပြီလို့ မနှစ်က ကြေညာခဲ့ပါသေးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကတော့ နိုင်ငံတကာကို လေယာဥ်ပစ်လက်နက်အပါအဝင် စစ်လက်နက်တွေထောက်ပံ့ဖို့ အစဥ်တစိုက် အကူအညီတောင်းခံနေတာပါ။

ဒါပေမဲ့ လေယာဥ်ပစ်လက်နက်ပိုင်ဆိုင်ထားတယ်လို့ NUG ကကြေညာအပြီးမှာပဲ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်အတွင်း လေကြောင်းကနေ တိုက်ခိုက်မှုတွေထဲမှာ လူတစ်ရာကျော် သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ လက်ယက်ကုန်း၊ အနန့်ပါနဲ့ ရင်ပေါင်တိုင် ဖြစ်စဥ်တွေရှိထားခဲ့ပြီး NUG ရဲ့ ဒီလက်နက်တွေအသုံးချနိုင်ဖို့ စီမံခန့်ခွဲမှုအပေါ်မှာလည်းမေးခွန်းထုတ်မှုတွေမြင့်တက်ခဲ့ပါတယ်။

မြန်မာ့အရေး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်အပေါ် စစ်ကောင်စီ တုံ့ပြန်

Indonesia Foreign minister

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်ကောင်စီက ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့မတရားအသင်းတွေနဲ့ မဆက်ဆံဖို့ ထပ်လောင်းသတိပေးတယ်လို့လည်းဆို

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီက မြန်မာ့အရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၁ ရက်မှာ ပြောကြားခဲ့တဲ့အချက်တွေအပေါ် မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ အချက် ၃ ချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

 မြန်မာဟာ အာဆီယံဘုံသဘောထားငါးရပ်ကို အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက မစွက်ဖက်ရေး စတဲ့ အခြေခံမူတွေနဲ့အကောင်အထည်ဖော်မှာဖြစ်ပြီး မြန်မာမှာ ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်၊  အာဆီယံအခြေခံမူတွေနဲ့အညီ  တိတိကျကျ လေးစားလိုက်နာဖို့ လိုအပ်ပြီး မြန်မာအစိုးရက  ကြေညာထားတဲ့ မည်သည့်အကြမ်းဖက်အဖွဲ့ ၊ မတရားအသင်းတွေနဲ့ ထိတွေ့ဆက်ဆံခြင်း မပြုဖို့ လိုအပ်တယ်လို့လည်းထပ်လောင်းသတိပေးလိုက်တယ်လို့ ပါရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ အာဆီယံအထူး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ဦးဆောင်မယ်လို့ ပြောလိုက်ပြီး သူဟာ တတိယမြောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ တမန်ဖြစ်လာဖွယ်ရှိနေပါတယ်။

ဒါဟာ မြန်မာမှာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့အရေးအာဆီယံက ဖြေရှင်းဖို့

သံတမန်တစ်ဦးတည်း ခန့်အပ်ပြီးဖြေရှင်းတာကနေ အဖွဲ့အစည်းလိုက် စုစည်းပြီး ဖြေရှင်းဖို့

နည်းလမ်းရှာလာတာလည်းဖြစ်ပါတယ်။

မာဆုဒီကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်ရအောင် အင်ဒိုနီးရှားအနေနဲ့

အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပြုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့ လည်း

ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့အရေးကိုဖြေရှင်းဖို့ အဓိကသက်ဆိုင်သူအားလုံးနဲ့တွေ့ခွင့်ရဖို့ကြိုးစားမယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံရေးရာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်Sidhato Suryodipuro က ဘီဘီစီကိုပြောပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အဓိကသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဖို့လိုအပ်ကြောင်း အာဆီယံက ဆက်လက်စွဲကိုင်ထားသလို အာဆီယံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ထိတွေ့ဆက်ဆံဖို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားအပါအဝင်  နိုင်ငံတချို့က တိုက်တွန်းမှုတွေရှိနေပါတယ်။

ပုသိမ်ထောင်၊ အင်းစိန်ထောင်နဲ့ တောင်ငူထောင်ကို ပြည်ထဲရေးဝန်ကြီး သွားစစ်

Military

ဓာတ်ပုံ ရင်းမြစ်, MOI

ထောင်ဆူတာကို ဖြိုခွင်းရင်းကနေ လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ပုသိမ်အကျဉ်းထောင်ကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် သွားရောက်စစ်ဆေးခဲ့ပြီး ထောင်ဆူရင် အချိန်တိုအတွင်းထိန်းနိုင်အောင် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားဖို့ မှာကြားခဲ့ပါတယ်။

ကိုယ်ကိုင်တွယ်တဲ့လက်နက်တွေကို ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ အမြဲတမ်းလေ့ကျင့်သွားဖို့လည်း အကျဉ်းဦးစီးဝန်ထမ်းတွေကို သူက ညွှန်ကြားပါတယ်။

ဆူပူမှုဖြစ်ပွားခဲ့တဲ့နေရာ၊ အကျဉ်းသားတွေ အသုံးပြုခဲ့တဲ့ ပစ္စည်းကိရိယာတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့တာတွေကို ပြည်ထဲရေးဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အခုလိုမှာကြားတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၆ ရက်က ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်မှာ ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ ကိုဝေယံဖြိုးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရဲနှစ်ဦးနဲ့ အကျဥ်းဦးစီး ဝန်ထမ်း ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဟာ ဇန်နဝါရီ ၁၂ ရက်မှာ အင်းစိန်ထောင်ကိုလည်း သွားခဲ့ပြီး အကျဉ်းထောင်အဝင်ဝရှိ ထောင်ဝင်စာပါဆယ် လက်ခံရေးဌာနနဲ့ အကျဉ်းထောင် CCTV Control Roomအတွင်းရှိ လုံခြုံရေးစောင့်ကြည့်နေမှုကို သွားစစ်ခဲ့ပါတယ်။

ထောင်ဝင်စာပါဆယ် လက်ခံရေးဌာနဟာ မနှစ်က အောက်တိုဘာလက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဟာ မနေ့ကမွန်းလွဲပိုင်းမှာ တောင်ငူထောင်ကိုလည်း သွားခဲ့ပြီး အကျဉ်းထောင်လုံခြုံရေးကို အထူးဂရုပြုဖို့မှာကြားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့အကျဥ်းထောင်အဓိကရုဏ်းဖြစ်စဥ် နှစ်ခုရှိထားပြီး အခုပုသိမ်ဖြစ်စဥ်မှာ အချုပ်သားတစ်ဦး သေဆုံး၊ တစ်ဦးပျောက်ဆုံးနေပြီး ပြီးခဲ့တဲ့နှစ်မတ်လက စစ်ကိုင်းတိုင်းကလေးမြို့က ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေအချင်းများရာကနေ အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းလို့ အချုပ်သားခြောက်ဦးနဲ့ အကျဥ်းသား ၁ ဦး စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အမိုးနီးယားဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး လူ ၃၀ နီးပါး ဆေးရုံပို့ရ

A

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Department

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊ အမှတ် (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းမှာ ရတနာစုကုမ္ပဏီပိုင်ရေခဲစက် ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှု မနေ့ညကိုးနာရီ ကျော်တုန်းက ဖြစ်ပွားခဲ့တဲ့နောက် ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံကြီးတို့ကို လူနာတွေ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတ သမားတွက ပြောပါတယ်။

"ကျွန်တော်တို့ ကြားကြားချင်းပဲ ဖြစ်တဲ့နေရာကို တန်းရောက်တယ်။ ဓာတ်ငွေ့ကတအားများတဲ့အခါကျတော့ လူတွေက မခံနိုင်တော့အထပ်မြင့်ကလူတွေကိုတက်ပြီးတော့သယ်ပေါ့။ အအောက်ထပ်က လူနာတွေလည်းသယ်။ သယ်ပြီးတော့ ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံကိုပို့ဆောင်ရတယ်။ ဓာတ်ငွေ့က တော်တော်ကြီးကိုပျံ့နေတာပေ့ါ။ ဒီဘက် မာလာမြိုင်အထိ ပျံ့တယ်။ အရှေ့ ပေ ၅၀၊ အနောက် ပေ ၅၀ အထိ ပျံ့တယ်။ အုတ်ကျင်း ဟိုဘက် အထိ ရောက်တယ်။ ဓာတ်ငွေ့တွေက ပျံ့နေတော့ ဘယ်သူမှမခံနိုင်ဘူး။ ကျွန်တော်တို့လည်းမခံနိုင်ဘူး။ မခံနိုင်တဲ့အခါကျတော့ ခေါင်းကိုရေလောင်း၊ မက်စ်တွေတပ်ပြီး ဝင်ရတာပေ့ါ" လို့ မနေ့ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ကူညီမှုတွေပြုလုပ်ပေးခဲ့ရတဲ့အခြေအနေကို သျှားသူပရဟိတလူမှုကူညီရေးအသင်းက ကိုသျှားသူက ဘီဘီစီကိုပြောပါတယ်။

ဒီဖြစ်စဥ်ကြောင့် ရန်ကုန်ဆေးရုံကြီးကိုလူနာ ၁၂ ဦး၊ အင်းစိန်ဆေးရုံကြီးကို လူနာ ၁၆ ဦး ပို့ဆောင်ခဲ့ရပြီး သေဆုံးသူတော့မရှိဘူးလို့သိရပါတယ်။

ညတွင်းချင်း နာရီအနည်းငယ်အကြာမှာ ဓာတ်ငွေ့တွေကို ရှင်းလင်းနိုင်ခဲ့ပေမဲ့ လူနေရပ်ကွက်အတွင်းမှာ စက်ရုံရှိနေပြီး ဒီလိုဖြစ်စဥ်မျိုးနောက်ထပ်ထပ်ဖြစ်လာမှာကို ဒေသခံလူထုက စိုးရိမ်မှုတွေနဲ့မေးခွန်းထုတ်မှုတွေရှိနေပါတယ်။အခုဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပြီး အဆက်အသွယ်မရရှိသေးပါဘူး။