ဧပြီ ၁၄ ရက်ထိပ်တန်းသတင်းများ-ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှု-ဗြိတိန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်းတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်
လုံးခင်းဖားကန့်ဆိုင်းတောင် တစ်လျှောက် သင်္ကြန်အကျနေ့ တိတ်ဆိတ်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီနှစ်သင်္ကြန် မှာ ဖားကန့်မြို့နယ်အတွင်း လုံးခင်း ဖားကန့် ဆိုင်းတောင်စတဲ့ဒေသတွေမှာ သင်္ကြန်ရေကစားမဏ္ဍပ်တွေမရှိသလောက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
နိုင်ငံတဝန်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စွာနဲ့ စီစဉ်ထားတဲ့ ဗဟိုသင်္ကြန်မဏ္ဍပ်အများစုကလွဲလို့ ကျန်ဒေသတချို့မှာ ဒီနှစ်သင်္ကြန်ကို ရေပက်ကစားသူမရှိသလောက်နည်းနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ဗဟိုသင်္ကြန်မဏ္ဍပ်တွေနဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့လမ်းလျှောက်သင်္ကြန်တွေမှာတော့ ပါဝင်ဆင်နွှဲသူတွေ၊ သီဆိုဖျော်ဖြေသူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ရေကြည်ရာမျက်နှာရာလာရောက်ရှာဖွေလုပ်ကိုင်စားသောက်သူတွေများစွာရှိတဲ့ ဖားကန့် ဆိုင်းတောင် လုံးခင်းဘက်မှာတော့ မဏ္ဍပ်တွေမရှိသလောက်ဖြစ်နေသလို ဒီကနေ့ သင်္ကြန်အကျနေ့အထိခြောက်ကပ်တိတ်ဆိတ်နေတယ်လို့ သိရပါတယ်။
"ပျင်းခြောက်ခြောက်ကြီး။ ရေလည်းမစိုဘူး။ လမ်းမှာလည်းရှင်းတယ်။ ကားလည်း သုံးလေးစီးပဲ။ ဆိုင်ကယ်လည်း သုံးလေးစီးပဲ။ ဖားကန့်ဆိုင်းတောင်မှာ ကလေးရော လူကြီးရော ရေလည်း မပက်ကြဘူး။ တစ်လမ်းလုံးခြောက်ခြောက်ကြီး။ လွန်ခဲ့တဲ့ ၄ နှစ်က တအားစည်တာ။ တိုးလို့မပေါက်လို့ ပြန်လှည့်ရတာ။ ဖားကန့်မှော်စီဆာ လမ်းဆို တိုးလို့မပေါက်ဘူး"လို့ ဧပြီ ၁၄ ရက်နေ့က ဆိုင်းတောင်ကနေ မြစ်ကြီးနားကို ပြန်လာတဲ့ ခရီးသည်တစ်ဦးက ဆိုင်းတောင်ကနေ -လုံးခင်းအထိ သူမြင်တွေ့ရတဲ့အခြေအနေကို ပြောပြပါတယ်။
ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမှာလည်း သင်္ကြန်မတိုင်ခင် ဧပြီ ၁၂ ရက်ညပိုင်းမှာ ဗဟိုမဏ္ဍပ်ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ မှာတော့ မဏ္ဍပ်ဖွင့်ပွဲကို ဝင်ခွင့်ကတ်ပြားတွေချိတ်ဆွဲစေပြီး စစ်ဆေး ဝင်ခွင့်ပြုခဲ့သလို လုံခြုံရေးကိုလည်း တင်းကျပ်ခဲ့တာတွေ့ရပါတယ်။
မြစ်ကြီးနားမှာတော့ ဗဟို မဏ္ဍပ်နဲ့ရေကစားမဏ္ဍပ်တွေကို ရန်ကြီးအောင်နဲ့ ဧရာရပ်ကွက် ကြား ကျောက်စိမ်းတုံး ရှိတဲ့ နေရာနားက အထက(၁)နဲ့ အထက(၈) ၊ အထက(၉) တဝိုက်မှာ ဆောက်လုပ်ထားတာတွေ့ရပါတယ်။
ဗဟိုမဏ္ဍပ်မှာပေါက်ကွဲမှုဖြစ်ခဲ့တဲ့နောက် မဏ္ဍပ်ဖွင့်ပွဲကိုလာရောက်သူ အရင်ထက် နည်းပါးခဲ့ပြီး ဒီနေ့သင်္ကြန်အကျနေ့မှာလည်း အဲဒီမဏ္ဍပ်မှာ ရေကစားသူတွေနဲ့ စတုဒိသာ ကျွေးသူတချို့ရှိတယ်လို့ သိရပါတယ်။
စတုဒိသာအကျွေးအမွေးတွေကိုတော့ ပြည်နယ်ကောင်စီကနေ ဌာနဆိုင်ရာတွေကို သင်္ကြန်အတွင်း ရက်အလိုက် တာဝန်ချထားတာလို့ နီးစပ်သူတွေထံက သိရပါတယ်။
လုံးခင်းဖားကန့်ဆိုင်းတောင်လမ်းတစ်လျှောက် ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မြင်ကွင်းတချို့/CJ
ပျောက်ဆုံးနေတဲ့ တက္ကစီယာဥ်မောင်းကို ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဧပြီလ ၁၂ ရက်နေ့က ပျောက်ဆုံးသွားတယ်ဆိုပြီး ၄င်းရဲ့ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ ဓာတ်ပုံ၊ ကားနံပါတ်တွေနဲ့တကွ အကူအညီတောင်းတင်ပြခဲ့တဲ့ တက္ကစီယာဥ်မောင်းအမျိုးသားကို အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်ထဲက သစ်တောဝင်းခြုံပုတ်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
သေဆုံးသူရဲ့ မော်တော်ယာဥ်ကို ဧပြီ ၁၃ ရက်မှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ ကားပြန်တွေ့အပြီးနောက်တစ်ရက်ဖြစ်တဲ့ ဒီနေ့ ဧပြီ ၁၄ ရက်မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ တာဖြစ်ပါတယ်။
သေဆုံးသူမှာ ကိုပေါ်ထင်ကျော် ဖြစ်ပြီး ရုပ်အလောင်းကို ကနောင် နာကူ/ရှင်ကူအသင်းက အင်းစိန်ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အသင်းကို ဆက်သွယ်တဲ့အခါမှာ ရုပ်အလောင်းတွေ့ရှိတာမှန်ကန်ကြောင်း ပြောကြားခဲ့ပြီး အသေးစိတ်ကိုဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောပါတယ်။
ရန်ကုန်မှာ အငှားယာဥ်မောင်းတချို့ ကားလုယက်ခံရပြီး သတ်ဖြတ်ခံရမှုတွေ ဒီနှစ်ဆန်းပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။
တစ်ဖက်မှာလည်း ခရီးသည်ကို သတ်ဖြတ်ပြီး ငွေနဲ့ပစ္စည်းလုယက်သတ်ဖြတ်တဲ့ ဖြစ်စဥ်တချို့လည်းရှိထားပါတယ်။
“ခုက ခရီးသည်က ကိုယ့်ပြန်ကြောက်၊ ကိုယ်ကလည်းခရီးသည်ကိုပြန်ကြောက်၊နှစ်ဦးနှစ်ဖက်ဘယ်သူ့မှမယုံတော့ဘူးဖြစ်နေတာ။ နည်းနည်းလေးဝေးရင်မလိုက်တော့ဘူး။ ဆီစျေးကလည်းအရမ်းတက်တာဆိုတော့လေ။ ညနေ ၆ နာရီဆိုရင် ကားသိမ်းလိုက်တယ်။ ဆွဲလို့လည်းမကောင်းဘူး။ ကိုယ်က ကားပိုင်မဟုတ်တော့ အုံနာခနဲ့ စားဖို့သောက်ဖို့ စရိတ်ရဖို့မနည်းကိုရှာနေရတဲ့ကြားမှာ ခုလို လုယက်တာတွေသတ်တာတွေနေ့တိုင်းကြားရတော့အိမ်က မိသားစုကလည်းအတော်စိတ်ပူကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တခြားအလုပ်မပြောင်းလုပ်တတ်လို့ ကြိတ်မှတ်လုပ်နေရတယ်”လို့ ရန်ကုန်အငှားယာဥ်မောင်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှု-သေဆုံးသူအရေအတွက် ၁၇၁ ဦးထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, Social Media
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်မှာရှိတဲ့ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီကနေ့ ဧပြီ ၁၄ ရက်မနက်ပိုင်းထိ ၁၇၁ ဦး ရှိကြောင်း မြေပြင်မှာ ရုပ်အလောင်း ကောက်ယူသင်္ဂြိုဟ်ပေးနေသူတွေထံကနေ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
အဲဒီသေဆုံးသူ ၁၇၁ ဦးထဲမှာ အမျိုးသားက ၁၀၉ ဦး၊ အမျိုးသမီးက ၂၄ ဦး၊ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ ၃ ဦးအပါအဝင် ကလေးငယ် စုစုပေါင်း ၃၈ ဦးဖြစ်တယ်လို့ အထက်ပါကူညီပေးနေသူတွေထံက သိရပါတယ်။
“ဒီနေ့မနက်ထိ ဒီ ၁၇၁ ဦးက အပြောင်းအလဲမရှိသေးဘူး။ လောလောဆယ် မျက်မြင်အခြေအနေအရ အခင်းဖြစ်ပွားရာတဝိုက်မှာတော့ စင်သလောက်ဖြစ်သွားပါပြီ။ အခင်းဖြစ်ရာ မလှမ်းမကမ်းက ခြုံပင်တွေဝါးရုံပင်တွေပေါ် တင်ကျန်နေတဲ့ အစိတ်အပိုင်းတွေလည်း ရှင်းလင်း သင်္ဂြိုဟ်ပေးပြီးပါပြီ။ ရွာထဲမှာတော့ ဘယ်သူမှလည်းမရှိကြတော့ပါဘူး။ ခုက တစ်ရွာလုံးမှာ တစ်အိမ်ကို မိသားစုက နှစ်ယောက် သုံးယောက် အဲဒီလိုပါကုန်တဲ့သူတွေ ဆိုတော့ အိမ်တိုင်းက ပူဆွေးသောကရောက်နေကြတယ်။ ရွာထဲလည်းပြန်မဝင်ရဲတော့ ဘေးလွတ်ရာလေးမှာ နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ နေနေကြတယ်။ လူအများကြီးလည်းမစုရဲတော့ဘူး။ လူအများကြီးစုရမှာကိုကြောက်နေကြပြီ။ နောက်ပြီး အသံကျယ်ကျယ်ကြားရင်တော့အရမ်းလန့်ပြီး စိုးရိမ်နေကြတယ်။ ဆိုင်ကယ်စက်နှိုးသံ ဝူး ဆိုတာနဲ့ ဝေဟင်လာပြီဆိုပြီး ကြောက်လန့်နေကြတယ်”လို့ ကယ်ဆယ်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာကိုနယ်မြေရှင်းလင်းရေးဆက်လုပ်မယ်လို့ စစ်ကောင်စီက မနေ့က ထပ်မံထုတ်ပြန်လာတာကြောင့် ပဇီကြီးရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေလည်း ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
ပဇီကြီးက ရုံးခန်းဖွင့်ပွဲအကြောင်း NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း

ဓာတ်ပုံ ရင်းမြစ်, NUG
အရပ်သားရာကျော်သေဆုံးခဲ့တဲ့ ကန့်ဘလူ၊ပဇီကြီးဖြစ်စဉ်ဟာ ရွာထဲက အုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိတဲ့ ရွာစွန် ရွှေ့ဆောက်တဲ့ အခမ်းအနားတစ်ခုသာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။
‘’ဒါဟာ လျှို့ဝှက် အစည်းအဝေးတစ်ခု မဟုတ်ဘူး။ ရပ်သိရွာသိ လူသိရှင်ကြားပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုသာဖြစ်တယ်’’ လို့ ဧပြီ ၁၄ ရက် မနက်က ထုတ်လွှင့်တဲ့ ရေဒီယို NUG မှာ သူက ပြောပါတယ်။
ပဇီကြီးကျေးရွာနဲ့အနီးတဝိုက်ဟာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားအောက်မှာမရှိသလို ရွာစဥ်လှည့်မီးရှို့နေတဲ့ စစ်ကြောင်းတွေလည်း မလာတာကြာပြီဖြစ်လို့ အတော်အတန်အေးချမ်းတဲ့ အခြေအနေရှိနေခဲ့တယ်လို့ ဝန်ကြီးကပြောပါတယ်။
‘’ဒါကြောင့် ရွာထဲမှာ ခေတ်အဆက်ဆက် ရှိခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိတဲ့ ရွာစွန် ရွှေ့ဆောက်ပြီး အညာဓလေ့ရွာဓလေ့အတိုင်း ရွာနီးချုပ်စပ်ကိုပါ ဖိတ်ပြီး ဧည့်ခံကျွေးမွေးကြတယ်။ ‘’ လို့ သူကပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဒါဟာ စစ်စခန်းတစ်ခု မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတစ်ရွာအပေါ် အငြှိုးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေပါ အခမ်းအနားတက်ရောက်ခဲ့ပြီး နာမည်နဲ့တကွ စာရင်းရတဲ့ အလောင်း ၁၄၄ လောင်းထဲမှာ ကလေး ၂၀ ဦးနဲ့ အမျိုးသမီး ၄၀ ကျော် ပါတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပဇီကြီးဟာ NUD၊ PDF ရဲ့ အမာခံ ဌာနချုပ်ဖြစ်လို့ စစ်ရေးပစ်မှတ်တစ်ခုအဖြစ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှု ဗြိတိန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်းတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Permanent mission of Myanmar to UN
ကလေးငယ်တွေနဲ့လက်နက်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်ခြင်းကို ဗြိတိန်က ပြင်းပြင်းထန်ထန်ရှုတ်ချ
ဒီဖြစ်စဥ်ကို ရှုတ်ချဖို့ မလုပ်သေးတဲ့ ကုလလုံခြုံရေးကောင်စီကို ဗြိတိန် စိုးရိမ်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်က ဧပြီ ၁၁ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ၁၇၀ ကျော်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူက ၅၀ ထက်မနည်းရှိခဲ့ပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ ဧပြီ ၁၃ ရက်က ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး မစ္စ ဘာဘရာဝုဒ်ဝပ်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဗြိတိန်သံအမတ်ကြီးက ပဇီကြီးဖြစ်စဥ်မှာ စစ်တပ်က ဒီတိုက်ခိုက်မှုကို ငြင်းဆန်ခြင်းမရှိဘဲ ကျူးလွန်တယ်လို့ဝန်ခံခဲ့တဲ့အကြောင်းနဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ကလေးငယ်တွေနဲ့ လက်နက်မဲ့အရပ်သားပြည်သူတွေအပေါ် သရဲဘောကြောင်စွာ တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အဲဒီပြစ်မှုအတွက် မည်သို့မျှ ခုခံချေပနိုင်တဲ့ အကြောင်းအရင်းခံမရှိကြောင်း၊ လုံခြုံရေးကောင်စီအနေနဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ဖို့နဲ့ လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) ကို စစ်တပ်က အပြည့်အဝအကောင်အထည်ဖော်ရန် တောင်းဆိုရမည်ဟု ယုံကြည်ကြောင်းလည်းသူက ဆိုပါတယ်။
ဒါပေမဲ့ လုံခြုံရေးကောင်စီအနေနဲ့ ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပေါ် စိုးရိမ်ကြောင်း၊ ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကနေ မြန်မာပြည်သူများအပေါ် ဖိနှိပ်ခဲ့တဲ့ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ဗြိတိန်ဟာ စစ်တပ် ခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ် (၂၀) ဦး၊ အဖွဲ့အစည်း (၂၉) ခုတို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လည်း အချက် ၁၁ ကို သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်သည်မှာ သိသာထင်ရှားတယ်လို့ ပြောသွားပါတယ်။
စစ်တပ်ဟာ ၂၀၂၃ ခုနှစ် လေးလတာအတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိကြောင်း၊ အာဏာသိမ်းကာလစလို့ လက်ရှိအချိန်ထိ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ပြောသွားပါတယ်။
မြန်မာမှာ အကြမ်းဖက်မှုတွေအပြီးတိုင်ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အဆို ၂၆၆၉ ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်ပေးဖို့၊ စစ်ခေါင်းဆောင်တွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်နေမှုကို အပြီးတိုင်ချုပ်ငြိမ်းပေးဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှု ပိုမိုဆိုးရွားလာခြင်းမှ ကြိုတင်ကာကွယ်နိုင်တဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်များကို ချက်ချင်းဆောင်ရွက်ပေးရန် ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ စစ်ကောင်စီဘက်ကတော့ ပဇီကြီးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ရုံးကို လေကြောင်းအကန့်အသတ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီဖြစ်စဥ်မှာ သေဆုံးခဲ့သူတွေဟာ PDF အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်သမားအဖွဲ့တွေမှာ ဆက်စပ်ပါဝင်နေသူတွေဖြစ်တယ်လို့ ဧပြီလ ၁၃ ရက်နေ့ မနက်က ထုတ်ပြန်ခဲ့ပြီး ပဇီကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် ရှင်းလင်းသွားဖို့ ဆောင်ရွက်နေတယ်လို့ လည်း ဖော်ပြထားပါတယ်။








