တရုတ်မှာ သမ္မတ ရှီကျင့်ဖျင်နုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြ

တနင်္ဂနွေနေ့က ရှန်ဟိုင်းမှာ ဒုတိယမြောက်နေ့အဖြစ် စုရုံးလာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ထိပ်တိုက်တွေ့ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တနင်္ဂနွေနေ့က ရှန်ဟိုင်းမှာ ဒုတိယမြောက်နေ့အဖြစ် စုရုံးလာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ထိပ်တိုက်တွေ့ခဲ့
ရေးသားခဲ့သည်။

 တရုတ်ပြည်မကြီးမှာ သမ္မတရှီကျင့်ဖျင် အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေး ဆိုင်ရာ တင်းကျပ်တဲ့ မူဝါဒ တွေ အပေါ် ဆန့်ကျင်ကြတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေပါတယ်။

သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ဖို့ တောင်းဆိုသံတချို့လည်း အဲဒီ ဆန္ဒပြပွဲတွေထဲကနေ ပေါ်ထွက်လာပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိက မြို့ကြီး တချို့မှာ ပြီးခဲ့တဲ့ ညက ချီတက် လှည့်လည် ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ကြပြီး၊ ဒီနေ့မှာလည်း မြို့တော် ဘေဂျင်းနဲ့ အဓိက စီးပွားရေး မြို့ကြီးဖြစ်တဲ့ ရှန်ဟိုင်းလို နေရာတွေမှာ လူတွေ ဆက်လက် စုဝေး နေခဲ့ကြပါတယ်။

တင်းကျပ်တဲ့ ကိုဗစ်မူဝါဒတွေကို ဖြေလျှော့ပေးရေး ဆန္ဒပြပွဲတွေ တရုတ်နိုင်ငံထဲ တိုးမြင့်ပေါ်ပေါက် နေခဲ့ပေမယ့်၊ အခုလို နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ဖို့ အထိ တောင်းဆိုတာမျိုးကို အခုအခါမှာတော့ အင်မတန် ကြုံတောင့်ကြုံခဲ တွေ့မြင်လာရတာ ဖြစ်ပါတယ်။  

ဘီဘီစီကတွေ့ရတဲ့ ဗီဒီယိုဖိုင်ထဲမှာတွေ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို တွေ့ရသလို ရဲကားတွေအနီးမှာ အစုလိုက် ကြွေးကြော်ဆန္ဒပြနေကြတာတွေ့ရပါတယ်။

 

ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံးလူမှုကွန်ရက် Weibo မှာထောက်ခံမှုများစွာရရှိထားပြီး ပါဝင်သူ‌တွေကို "ရဲရင့်သူ" လို့ မှတ်ချက်ပြု
ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံးလူမှုကွန်ရက် Weibo မှာထောက်ခံမှုများစွာရရှိထားပြီး ပါဝင်သူ‌တွေကို "ရဲရင့်သူ" လို့ မှတ်ချက်ပြု

သူတို့ တောင်းဆို နေတာတွေထဲ ဒီမိုကရေစီရေး၊ ဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်စွာ သဘောထား ဆန္ဒတွေ ဖော်ထုတ်ခွင့် ရှိရေး စတဲ့ အချက်တွေ ပါ၀င်ပါတယ်။

အိမ်ထဲက အိမ်ပြင် မထွက်ရ လော့ခ်ဒေါင်းချထားတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်းရှင်ကျန်းဒေသထဲက  အူရွမ်ကျီ Urumqi ဆိုတဲ့ မြို့မှာ ၊ ပြီးခဲ့တဲ့ ကြာသပတေးညက အထပ်မြင့်အဆောက်အအုံ တစ်လုံး မီးလောင်ရာကနေ လူ ၁၀ ယောက် အထိ သေဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အခုလို ကိုဗစ်စည်းမျဉ်းတွေ ဖြေလျှော့ရေး ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံ မြို့ကြီးတွေမှာထိ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဘေဂျင်းနဲ့ နန်ကျင်းမြို့က တက္ကသိုလ်ကျောင်းသားတွေလည်း ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

 ရှန်ဟိုင်းမြို့က နိုင်ငံခြား သတင်းထောက်တွေရဲ့ ဆိုရှယ်မီဒီယာမှာ တင်တဲ့ ဗီဒီယိုတွေမှာ သမ္မတ ရှီကျင့်ဖျင်ကို ရာထူးကနေ ဆင်းပေးဖို့ လူရာနဲ့ချီ တောင်းဆိုနေတာကို တွေ့ရပါတယ်။

ရှင်ကျန်းဒေသ မီးဘေးသင့်ပြည်သူများကို အောက်မေ့သတိရရန် တက္ကသိုလ်တွေမှာ ကျောင်းသားတွေ စုဝေးခဲ့ကြ
ဓာတ်ပုံ ပုံစာ, ရှင်ကျန်းဒေသ မီးဘေးသင့်ပြည်သူများကို အောက်မေ့သတိရရန် တက္ကသိုလ်တွေမှာ ကျောင်းသားတွေ စုဝေးခဲ့ကြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ကိုဗစ်ကန့်သတ်မှုအရ လူနေအဆောက်အအုံတွေကို ပိတ်ဆို့ထားတာကြောင့် မီးဘေးသင့်သေဆုံးခဲ့ရတာလို့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေကိုအပြစ်တင်ပြောဆိုနေသလို၊ အခုလို လူစုလူဝေးအုံကြွမှုတွေ ဆက်တိုက်ဖြစ်လာနေတာလည်းဖြစ်ပါတယ်။

အဲဒီအပေါ် တရုတ်အာဏာပိုင်တွေက အကြောင်းအရင်းမှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းလောက်မှာ နယ်မြေငြိမ်သက်သွားပေမယ့် ဆန္ဒပြရာနေရာနဲ့ လမ်းမတွေပေါ်မှာ ဒါဇင်နဲ့ချီတဲ့ ရဲအရာရှိတွေ၊ ပုဂ္ဂလိက လုံခြုံရေးအစောင့်တွေ၊ အရပ်ဝတ် ရဲအရာရှိတွေ တိုးလာနေတာကို ဘီဘီစီကတွေ့ခဲ့ရပါတယ်။

 အဲဒီ ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံးလူမှုကွန်ရက် Weibo မှာထောက်ခံမှုများစွာရရှိထားပြီး ပါဝင်သူ‌တွေကို "ရဲရင့်သူ" လို့ မှတ်ချက်ပြုနေကြပါတယ်။

Weibo‌ မှာ အခြားသူ‌တွေကလည်း အူရွမ်ကျီမှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်နဲ့ အစိုးရရဲ့ ကိုဗစ်ကင်းစင်ရေးရပ်တည်လုပ်ဆောင်ချက်အပေါ် စိတ်ပျက်ကြောင်း မျှဝေခဲ့ကြပါတယ်။

 ကိုဗစ်ကူးစက်မှုကာကွယ်နိုင်ဖို့ ရုတ်တရက် ချမှတ်လိုက်တဲ့ လော့ဒေါင်း၊ ကန့်သတ်ချက် အစီအစဥ်တွေကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူတွေကို ဒေါသဖြစ်စေခဲ့သလို ကိုဗစ် ကန့်သတ်ချက်တွေ ပိုမိုကျယ်ပြန့်လာတာကြောင့် တရုတ်နိုင်ငံ ပြည်နယ်အချို့မှာ ပြင်းထန်သောဆန္ဒပြမှုတွေ အစပျိုးလာတာလည်းဖြစ်ပါတယ်။

  ရှန်ဟိုင်းမြို့က ဆန္ဒပြသူတစ်ဦးက  လူတွေလမ်းမပေါ်ထွက်ပြီးဆန္ဒပြတာကိုတွေ့ရတာဟာ အံ့အားသင့်ပြီး စိတ်လှုပ်ရှားမိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

 တရုတ်နိုင်ငံမှာ အခုလို ကြီးမားတဲ့သဘောထားကွဲလွဲမှုတွေကို သူ့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ်  မြင်တွေ့ခဲ့ရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်လော့ဒေါင်းချ ကန့်သတ်ချက်တွေကြောင့် သူ့ဟာ "ဝမ်းနည်း၊ ဒေါသထွက်ရပြီး မျှော်လင့်ချက်မဲ့စေတယ်လို့"  ခံစားရကြောင်း ကင်ဆာရောဂါကုသမှုခံယူနေတဲ့ နေမကောင်းဖြစ်နေတဲ့မိခင်ကို တွေ့ခွင့်မရခဲ့ကြောင်း သူကပြောပါတယ်။

 ဆန္ဒပြသူ အမျိုးသမီးတစ်ဦးကတော့ ရဲအရာရှိတွေကို ဆန္ဒပြပွဲတွေအပေါ် သူတို့ဘယ်လိုခံစားရလဲလို့ သူ မေးကြည့်ခဲ့ပြီး သူတို့က"မင်းတို့နဲ့အတူတူပါပဲ" လို့ ပြန်ဖြေခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။ ဒါပေမဲ့ “သူတို့က သူတို့ရဲ့ ယူနီဖောင်းတွေ ဝတ်ထားတော့ သူတို့အလုပ် လုပ်နေကြတာ” လို့ သူကဆိုပါတယ်။