ရုရှား၊ တရုတ်ရေတပ်ပူးတွဲလေ့ကျင့်- ဖေဖော်ဝါရီလ ၁၇ ရက် ညနေခင်းသတင်းများ

တောင်အာဖရိကကမ်းလွန်ဒေသမှာ စစ်ရေးလေ့ကျင့်နေတဲ့ ရုရှားလေတပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

တောင်အာဖရိကမှာ ရုရှားရေတပ်က ကမ်းလွန်စစ်ရေးလေ့ကျင့်ခန်းစတင်ပြုလုပ်နေပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ တောင်အာဖရိကစစ်သင်္ဘောတွေနဲ့ အတူ တရုတ်ရေတပ်လည်း ပါဝင်မှာဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်းဟာ ၁၀ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်း ကျူးကျော်စစ်မှာ တောင်အာဖရိကဟာ ရုရှားဘက်ကနေ ရပ်လိုက်တာပဲလို့ တချို့က ဝေဖန်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း အခုစစ်ရေးလေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

တောင်အာဖရိက ကတော့ သူတို့အနေနဲ့ ဘက်မလိုက်ဝါဒ ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။ ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်မှာ ကြားနေစနစ်ကျင့်သုံးတဲ့ အာဖရိကနိုင်ငံတွေအကြားမှာ အယူအဆကွဲလွဲမှု အများအပြားရှိနေပါတယ်။

ဂျာမနီလုံခြုံရေးညီလာခံမှာ ရုရှားကို ချန်လှပ်ထားခဲ့

မြူးနစ်လုံခြုံရေးညီလာခံကို ဂျာမနီနိုင်ငံမှာ နိုင်ငံတကာခေါင်းဆောင်တွေစုဝေးပြီး ဒီနေ့ကျင်းပပြုလုပ်ရာမှာ ရုရှားခေါင်းဆောင်တွေကို မဖိတ်ဘဲ ချန်ထားခဲ့ပါတယ်။

ရုရှားကို မဖိတ်ဘဲ ချန်လှပ်ထားတဲ့ ပထမဆုံးလုံခြုံရေးညီလာခံလည်း ဖြစ်ပါတယ်။ ညီလာခံမှာ ယူကရိန်းအကြောင်းကို အဓိကထားဆွေးနွေးကြမှာဖြစ်တဲ့အတွက် ရုရှားကို မဖိတ်ဘဲ ချန်လှပ်ထားခဲ့တာပါ။

ယူကရိန်းပါလီမန် အမတ်ဟောင်း ဟန်နာဟော့ပ်ကို ကတော့ ဒီနှစ်မှာ ယူကရိန်းစစ်နိုင်ရေးအတွက် အဓိကထားဆွေးနွေးကြဖို့လိုကြောင်းပြောပါတယ်။

ဒီညီလာခံမှာ ဥရောပခေါင်းဆောင်တွေကို ကာကွယ်ရေးစရိတ်တိုးမြှင့်သုံးစွဲဖို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။ အမေရိကန်-တရုတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့လည်း ရှိပါတယ်။

ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က တရုတ်သံတမန်တွေနဲ့ မိုးပျံပူဖောင်းကိစ္စဆွေးနွေးပြောဆိုမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။

တရုတ်ဘီလျံနာတဦးပျောက်ဆုံး

တရုတ်ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်ဘီလျံနာသူဌေးပျောက်ဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်ရင်းနှီးမြှုပ်နှံမှုဘဏ် China Renaissance တည်ထောင်သူ ပေါင်ဖန် ပျောက်ဆုံးနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဘဏ်ရဲ့ ရှယ်ယာစျေးတွေ ထိုးကျသွားပါတယ်။

ဘီလျံနာဖြစ်တဲ့ ပေါင်ဖန်ကို လုံးဝဆက်သွယ်လို့မရဘူးလို့ ဘဏ်တာဝန်ရှိသူတွေက ဆိုကြပါတယ်။ ပေါင်ဖန်ဟာ တရုတ်နိုင်ငံမှာ အချမ်းသာဆုံးလူတွေထဲက တယောက်ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အကျင့်ပျက်မှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေပြုလုပ်နေရာမှာ ချမ်းသာကြွယ်ဝသူတချို့ ပျောက်ဆုံးမှု သတင်းတွေ ကြားနေရပါတယ်။

ပေါင်ဖန်ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ငလျင်ဘေးနဲ့မသေပေမဲ့ မီးဘေးသင့်ပြီးသေဆုံးခဲ့ရသူများ

ဆီးရီးယားငလျင်ဘေးဒုက္ခသည်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့အပတ် ငလျင်ဘေးမှာ အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ ဆီးရီးယား ကလေးငယ် ၅ ယောက်နဲ့ သူတို့ရဲ့ မိဘတွေဟာ တူရကီနိုင်ငံအလယ်ပိုင်းမှာရွှေ့ပြောင်းနေရာချထားပြီးနောက် မီးလောင်မှုဖြစ်ပွားပြီး သေဆုံးခဲ့ကြပါတယ်။

သူတိုနေထိုင်တဲ့ တောင်ပိုင်း နူးရ်ဒါရာမြို့ဟာ ငလျင်ဒဏ် ဆိုးဆိုးဝါးဝါးထိခဲ့ပြီးနောက် နေအိမ်ပျက်စီးသွားလို့ တူရကီနိုင်ငံအလွယ်ပိုင်း ခွန်းညာမြို့မှာ ယာယီနေထိုင်စဉ် အိမ်မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ ဘာ့ကြောင့် မီးလောင်ကျွမ်းတယ်ဆိုတာ သေသေချာချာမသိရသေးပါဘူး။

သေဆုံးသူကလေးငယ်တွေဟာ ၄ နှစ်ကနေ ၁၃ နှစ်အရွယ်တွေ ဖြစ်ကြပါတယ်။

တူရကီနိုင်ငံမှာ ဆီးရီးယားဒုက္ခသည်တွေ အများအပြားခိုလှုံနေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့ ငလျင်ဒဏ်ကြောင့် တူရကီတောင်ပိုင်းနဲ့ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အနည်းဆုံးလူပေါင်း ၄ သောင်း ၂ ထောင်သေဆုံးခဲ့ပါတယ်။