စက်တင်ဘာ ၁၂ ရက် ထိပ်တန်းသတင်းများ - ဟောင်ပါးမှာ KIA/PDF နဲ့ စစ်တပ်တိုက်ပွဲဖြစ်

ဟောင်ပါး မြောက်ကျောင်းက လက်နက်ထိမှန်ခဲ့တဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဟောင်ပါး မြောက်ကျောင်းက လက်နက်ထိမှန်ခဲ့တဲ့နေရာ
ရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဟောင်ပါးကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်(KIA)/PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဟောင်ပါးကျေးရွာနဲ့ သုံးမိုင်နီးပါးအကွာက တာမခန်မှာအခြေစိုက်နေတဲ့ စစ်ကောင်စီတပ်က မနေ့မနက် အစောပိုင်းမှာ ဟောင်ပါးမြောက်ကျောင်းအနီး အခြေစိုက်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို လာရောက်ပစ်ခတ် တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

‘’မနက်ပိုင်း ၅ နာရီ ၁၀ မိနစ်လောက်မှာ လာဝိုင်းတာ။လက်နက်ကြီးနဲ့ပစ်တယ်။ အရင်ဦးအောင် ပစ်လိုက်နိုင်တယ်။ လူအင်အားကလည်း နည်းနည်းများတယ်။ ငါးကြင်းမြီးတွေဘာတွေ လက်နက်ကြီးတွေနဲ့ ဝင်လာတာဆိုတော့ ကျွန်တော်တို့ ပြန်ဆုတ်လိုက်တယ်။ အကျအဆုံးတော့ မရှိပါဘူး’’ လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ဗန်ကားတစ်စီး၊ ဆိုင်ကယ် ၂ စီးနဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းယူသွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဟောင်ပါးကျေးရွာအနီးမှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း အလားတူ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

တိုက်ပွဲကြောင့် မနေ့မနက်ပိုင်းမှာ ဒေသခံအချို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့ ဒီနေ့တော့ အခြေအနေ ပြန်ငြိမ်လာလို့ ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်လာပြီလို့ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေနတ် ၅ လက်ကို ပုဆိုးပေါ်ဖြန့်ခင်းထားတဲ့ဓာတ်ပုံ တစ်ပုံနဲ့အတူ ဟောင်ပါးရွာ တိုက်ပွဲမှာ KIA/PDF ၅ ဦးကျဆုံးတယ်လို့ဆိုပြီး ရေးသားဖော်ပြနေပါတယ်။

ရှမ်းနဲ့မန္တလေးအစပ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ မန္တလေး PDF ပြော

ရှမ်းနဲ့မန္တလေးအစပ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ မန္တလေး PDF ပြော

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မန္တလေး PDF တပ်ဖွဲ့ဝင်တွေ

အခု စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း အစပ်မှာရှိတဲ့ နောင်ချို၊ ပြင်ဦးလွင်၊ မိုးကုတ်တကြောမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကြား တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး စစ်ရေးတင်းမာနေတယ်လို့ မန္တလေး PDF က ဘီဘီစီကိုပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ဒီမြို့သုံးခု တြိဂံပုံစံကြားမှာရှိတဲ့ နယ်မြေဧရိယာတော်တော်များများမှာ တိုက်ပွဲဖြစ်နေတာပါ။ အခုလထဲမှာဆို တိုက်ပွဲဖြစ်တာ စိပ်လာတယ်၊ စစ်ကောင်စီက အင်အားဖြည့်တင်းမှုလည်းပိုများလာတယ်" လို့ မန္တလေး PDF ပြောရေးဆိုခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။

ပြင်ဦးလွင် - မိုးကုတ်လမ်းပိုင်းပေါ်က ‌တောင်နီရွာအနီး တာဝါတိုင်ကုန်းမှာ စက်တင်ဘာလ ၈ ရက်တုန်းက တိုက်ပွဲဖြစ်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့အထိ ပစ်ခတ်မှုတွေဆက်ရှိနေသလို စစ်ကောင်စီဘက်ကလည်း ထိုးစစ်ဆင်လာတာတွေရှိတယ်လို့ သိရပါတယ်။

ဒါဟာ အခုနှစ်ဝက်မှ စတင်တဲ့ ကနောင်စစ်ဆင်ရေးအောက်ကနေ လှုပ်ရှားမှုတွေဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ ပူးပေါင်းဆောင်ရွက်တာလို့ မန္တလေး PDF က ဘီဘီစီကို အတည်ပြုပါတယ်။

မတ္တရာမြို့နယ်က စစ်ကောင်စီရဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ် ၁၀၁၄ ကို တိုက်ခိုက်မှုနဲ့ ဒီစစ်ဆင်ရေးကို ဇူလိုင်လ ၁၅ ရက် စတင်ခဲ့တာဖြစ်ပြီး အခုအထိဆိုရင် တိုက်ပွဲ ၇ ကြိမ်ထက်မနည်းဖြစ်ခဲ့ တယ်လို့သိရပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း‌အင်အား ရာချီအသုံးပြုပြီး တိုက်ခိုက်နေသလို PDF တွေဘက်ကလည်း ဒရုန်းသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ PDF က ထုတ်ပြော ပါတယ်။

စစ်ကောင်စီဘက်ကတော့ ရှမ်း-မန္တလေးအစပ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီကနေ့ မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာအနီးမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး TNLA တပ်ဘက်က ၂ ဦးသေဆုံးတယ်လို့ ဖော်ပြကြပါတယ်။

မုံရွာထောင် အစာငတ်ခံဆန္ဒပြမှု နိုင်ကျဥ်း ၃၀ ကျော်ပူးပေါင်း

စစ်အာဏာသိမ်းအစောပိုင်းကာလ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုဝေမိုးနိုင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းအစောပိုင်းကာလ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုဝေမိုးနိုင်

၅ ရက်တာ ကြာမြင့်လာပြီဖြစ်တဲ့ မုံရွာအကျဉ်းထောင်ထဲက အစာငတ်ခံဆန္ဒပြမှုကို ထင်ရှားတဲ့ မုံရွာသပိတ်ခေါင်းဆောင်ဖြစ်တဲ့ကိုဝေမိုးနိုင်အပါအဝင် ၃၆ ဦး ထပ်မံပူးပေါင်းလာကြတယ်လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီကနေ သိရပါတယ်။

"လက်ရှိမှာ ကိုဝေမိုးနိုင်ကို တိုက်ပိတ်ထားပါတယ်။ အကျဉ်းဦးစီးက ညွှန်မှူးရောက်လာတယ်လို့ သိရပေမဲ့ အခုချိန်ထိတော့ တောင်းဆိုတာတွေ ဘာမှမလုပ်ပေးသေးဘူးဆိုတာအတွင် းသတင်းရထားပါတယ်" လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီလို ဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေးအကျဉ်းသား ၁၄ ဦးနဲ့ စတင်ခဲ့ပြီး အခုထပ်တိုးလာတာကြောင့် အစာငတ်ခံဆန္ဒပြနေသူ အယောက် ၅၀ ရှိလာပြီလို့ သူက ဆက်ပြောပါတယ်။

ကနဦးဆန္ဒဖော်ထုတ်သူတွေထဲက ၃ ဦးကတော့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေပြီလို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းကနေ သိရပါတယ်။

"အစက ၁၄ ဦးကို သက်သက်ခွဲထုတ်ထားရာကနေ ထောင်ထဲကို ဒီနေ့ ညနေပိုင်းပြန်ပို့တယ်။ ၃ ယောက်က မူးလဲမလိုဖြစ်ပေမဲ့ မင်းတို့ကို ငါတို့လုပ်ခိုင်းတာလည်းမဟုတ်ဘူး၊ ဒါတွေလုပ်နေတာ တရားမဝင်ဘူးဆိုပြီး ဆေးကုသမှုလည်း မပေးဘူး" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါကြောင့် မုံရွာထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအရေးနဲ့ပတ်သက်လို့ သပိတ်အင်အားစုတွေရော အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ပါ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း သူက ဆက်ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာ ၈ ရက်နေ့က အကျဉ်းထောင်အထူးရှာဖွေရေးဆိုပြီး သိမ်းဆည်းယူဆောင်သွားတဲ့အကျဉ်းသားတွေရဲ့ အသုံးအဆောင်တွေကို ပြန်ပေးဖို့၊ ထောင်ဝင်စာစည်းကမ်းတွေကို ကန့်သတ်ချုပ်ချယ်တာမလုပ်ဖို့ကို အစာငတ်ခံတောင်းဆိုနေကြတာလို့ သိရပါတယ်။

မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြနေသူတွေကို ဝန်းရံကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ သပိတ်အင်အားစုတွေပူးပေါင်းပြီး "သံဖြတ်လွှ" လို့ အမည်ပေးထားတဲ့ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်နေကြပါတယ်။