မတ် ၁၇ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများအနှစ်ချုပ်
လောက်ကိုင် ဗမာတန်းကို ကိုးကန့်တပ်ကဖြိုချနေပြီလို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, Social Media
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က အလယ်တန်း ခေါ် ဗမာတန်းမှာရှိတဲ့ အဆောက်အအုံတွေကို ဒီကနေ့ မတ်လ ၁၇ ရက် မနက်မှာပဲ MNDAA က ဖြိုဖျက်နေတယ်လို့ ဒေသခံတွေဆီက သိရသလို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေအရလည်း ဘူဒိုဇာနဲ့ ဖြိုဖျက်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစလို့ ဗမာတန်းကနေအိမ်တွေကို လမ်းနဲ့မလွတ်တာကြောင့် ဖယ်ရှားမယ့်အကြောင်း အကြောင်းကြားခဲ့ပေမဲ့ ဒီကနေ့ဖြိုချခံရချိန်အထိ လျော်ကြေးတစုံတရာပေးတာ၊ ညှိနှိုင်းပေးတာတွေမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
"နေ့လယ် ၁ နာရီတုန်းကတော့ အိမ် ၈ လုံးလောက်အထိ ဖြိုပြီးပြီ။ ပစ္စည်းတွေလည်း ဝင်ယူလို့မရပါဘူး။ လမ်းတွေကို ကြိုးတွေနဲ့တားပြီး ကျောင်းထိပ်နားကနေ စဖြိုကြတာပါ" လို့ လောက်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်ဘက်ကလည်း အခုလိုအဆောက်အအုံဖျက်ဆီးခံရသူတွေအတွက် ဘယ်လိုလျော်ကြေးစီစဉ်ပေးမလဲ၊ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို တိတိကျကျ မပြောထားဘဲ "ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလိုလုပ်ဆောင်မှ အဆင်ပြေမှာဖြစ်လို့ လုပ်ဆောင်ရတာ" လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ဘီဘီစီကိုဖြေထားပါတယ်။
"လောက်ကိုင်ရဲ့ စျေးလမ်း၊ ကျောင်းရှိတဲ့လမ်းတွေကအရမ်းကျဉ်းပြီး ချဲ့ဖို့လိုနေလို့ မဖြစ်မနေလုပ်ရတာပါ။ ဘယ်သူ့ရဲ့ အိမ်ရာကြောင့် ဘယ်သူတွေနေတာကြောင့်ဆိုပြီး ဖြိုတာမဟုတ်ဘူး" လို့ လီကျားဝင်းက မတ်လ ၁၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ဘီဘီစီမေးမြန်းကြည့်တဲ့ ဒေသခံအချို့ကတော့ ဒီဖြိုချခံရတဲ့အဆောက်အအုံတွေဟာ လမ်းပန်းဆက်သွယ်ရေးတိုးချဲ့ဖို့အတွက် မလွတ်ကင်းတာမျိုးမရှိဘူးလို့ ပြောကြပြီး ဗမာ မှတ်ပုံတင်ကိုင်ဆောင်ထားရင် ကိုးကန့်ဒေသခံတစ်ဦးထောက်ခံချက်ပေးမှ နေထိုင်ခွင့်ရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
ကိုးကန့်တပ်ဘက်ကတော့ အရေးပေါ်အခြေအနေဖြစ်တာကြောင့် လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်တာဖြစ်ပြီး နိုင်ငံရေးနောက်ခံရှင်းလင်းရင်တော့ ကြိုဆိုတယ်လို့ လီကျားဝင်းက ပြောထားပါတယ်။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့မှုအသစ်ဆောင်ရွက်ဖို့ ဆွေးနွေးနေ

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO
ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်စတင်မယ်လို့ဆို
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့ ရဲ့ သုံးရက်ကြာ မျက်နှာစုံညီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပမယ့်အကြောင်း ဒီကနေ့ မနက်ပိုင်းမှာ ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်လာပါတယ်။
NCA ၇ ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာအဆိုပြုချက်တွေ (မူကြမ်း) နဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) တွေကို အကြေအလည်ဆွေးနွေးပြီး အတည်ပြုနိုင်ဖို့ ကြိုးပမ်းသွားမယ့်အကြောင်း အစည်းအဝေးသဘာပတိဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၇ ရက်ကစလို့ ၁၉ ရက်အထိကျင်းပမဲ့ အစည်းအဝေးကနေ စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးရင်လည်း ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း သေချာစွာလိုက်နာဆောင်ရွက်မှပဲ အလုပ်ဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ အဖွင့်နှုတ်ခွန်းဆက်စကားအရ ဒီ ၇ ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားမှာဖြစ်ပြီး "တူတာတွဲလုပ်၊ မတူတာခွဲလုပ်" ဆိုတဲ့ မူအတိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လို ပုံစံအုပ်ချုပ်ရေးစတင်မယ်ဆိုတာကိုတော့ မိန့်ခွန်းထဲမှာ ရှင်းရှင်းလင်းလင်းပြောထားတာမရှိသေးပါဘူး။
လက်ရှိအခင်းအကျင်းအရ အခုဆွေးနွေးမယ့် ၇ ဖွဲ့ထဲက အချို့အဖွဲ့ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့အကြောင်း ထည့်သွင်းဖော်ပြထားပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO
ချင်းမိုင်အစည်းအဝေးပွဲကို RCSS က ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်တာတွေ့ရသလို လတ်တလောစစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) က ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ပါ တက်ရောက်နေပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်နေတဲ့ NCA ၇ ဖွဲ့ထဲပါဝင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC)နဲ့ လားဟူးဒီမိုကရက်တစ် အစည်းအရုံး (LDU) က ကိုယ်စားလှယ်တွေတက်ရောက်သလို ABSDF က ထုတ်ပယ်ကြောင်းကြေညာထားတဲ့ ရဲဘော်မျိုးဝင်းတို့ပါ တက်ရောက်တာကို တွေ့ရပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်အရတော့ ဒီ ၇ ဖွဲ့ဟာ အပစ်ရပ် ၁၂ ဖွဲ့က လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးဆက်မှာလို့ ပြောပါတယ်။
"ကျွန်တော်မသိဘူးဗျ။ ကျွန်တော်တို့မပါဘူး။ NCA အကောင်အထည်ဖော်မှုလည်း ဘာမှမလုပ်နိုင်တော့ NCA အခန်းကဏ္ဍလည်းတစ်ခန်းရပ်သွားပြီဆိုတော့ ကျွန်တော်တို့ဆက်ပြီး ပါဝင်ပတ်သက်တာမရှိဘူး" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ က ပြောပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ထဲပါဝင်တဲ့ ABSDF၊ KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဆက်တိုက်တိုက်ပွဲတွေ ဒီကနေ့အချိန်အထိ ဖြစ်ပွားနေပါတယ်။
နယ်စပ်ဖြတ်ကျော်မီးခိုးမြူပြဿနာဖြေရှင်းဖို့ မြန်မာအပါအဝင်အိမ်နီးချင်းတွေရဲ့ ပြောင်းတင်သွင်းမှုကို တားမြစ်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
နှစ်စဉ် နွေကာလရောက်တိုင်း ထိုင်းနိုင်ငံ ကြုံနေရတဲ့ လေထုညစ်ညမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုစတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ပြောင်းသီးနှံ တင်သွင်းတာတွေကို တားမြစ်ဖို့ရှိတဲ့အကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆေထာ ထဝီဆင် က ပြောပါတယ်။
ဒါဟာ နယ်စပ်ဖြတ်ကျော်မီးခိုးမြူပြဿနာအမြင့်ဆုံးကာလမှာ ပြောင်းတင်သွင်းမှုကို တားမြစ်ဖို့ရှိနေတာလို့ဆိုပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှူသွင်းမိရင် ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်တဲ့ သေးငယ်တဲ့လေတွင်းအမှုန်တွေ PM 2.5 ( လေထုအရည်အသွေးအဆင့်ညွှန်ပြကိန်း) မြင့်မားလာတဲ့အခြေအနေကြောင့် ဒီလိုဆောင်ရွက်တာလို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်ယာမီး၊ တောမီးတို့ကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံကို အတားအဆီးမရှိ ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် ကျန်းမာရေးအန္တရာယ်တွေ ဖြစ်ပွားနိုင်တာကြောင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူတွေ (Transboundary Smoke) ကို ထိန်းချုပ်နိုင်ဖို့ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအို လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးလေ့ရှိကြပါတယ်။
အခုလို ထိုင်းဘက်ကို ပြောင်း တင်သွင်းတာလျှော့ချဖို့အတွက် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ကမ္ဘောဒီးယားနဲ့ လာအိုတို့ကသက်ဆိုင်ရာဝန်ကြီးတွေနဲ့ပါ ဆွေးနွေးထားပြီလို့ ထိုင်းဝန်ကြီးချုပ် ဆေထာ က မနေ့ မတ်လ ၁၆ ရက်တုန်းက ထုတ်ပြောခဲ့တာပါ။
"အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကိုဝင်စွက်ဖက်လို့မရဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတွေရှိနေတယ်။ အိမ်နီးချင်းနိုင်ငံတွေက တောင်ယာမီး၊တောမီးရှို့တာတွေကို ကျွန်တော်တို့ဘယ်လိုတားကြမလဲ" လို့ တောမီးနဲ့ မီးခိုးမြူကြိုတင်ကာကွယ်ရေးအတွက် ချင်းမိုင်မြို့ကို မနေ့တုန်းကရောက်ရှိနေချိန် ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာရဲ့ ပြောင်းတင်ပို့မှုစျေးကွက်ဟာ တရုတ်နဲ့ ထိုင်းကို အဓိကအားထားနေရတာဖြစ်လို့ ထိုင်းရဲ့ အခုလိုတားမြစ်ချက်နဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒီကနေ့ မတ်လ ၁၇ ရက်အထိ တစုံတရာထုတ်ပြောတာမရှိသလို နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြတာတွေလည်းမရှိပါဘူး။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ဖ အဖမ်းခံရပြီး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမအရင်းဖြစ်သူ မမိုးသစ္စာရဲ့ ခင်ပွန်း ကိုကျော်သန်းဇံဟာ မတ် ၁၁ ရက်က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဒီနေ့တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်နေတယ်လို့ ဇနီးဖြစ်သူ မမိုးသစ္စာက ဘီဘီစီကို ပြောပါတယ်။
ကိုကျော်သန်းဇံ ဘာကြောင့်အဖမ်းခံရတယ်၊ ဘယ်နေရာမှာရှိနေတယ်ဆိုတာကိုမိသားစုဝင်တွေမသိကြရသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Supplier
အသက် ၄၁ နှစ်အရွယ် ကိုကျော်သန်းဇံဟာ မတ် ၁၁ ရက်တုန်းက မိသားစုရှိရာ ပြည်ပနိုင်ငံတစ်ခုကို သွားဖို့ ရန်ကုန်လေဆိပ်ကို ရောက်ပြီးနောက်ပိုင်း အဆက်သွယ်မရတော့တာဖြစ်တယ်လို့ မမိုးသစ္စာက ပြောပါတယ်။
“ညနေလေယာဉ်နဲ့ လာဖို့ ရန်ကုန်လေဆိပ်ကိုဝင်သွားပြီးနောက်ပိုင်း ဖုန်းမကိုင်တော့ဘူး။ Check in များ ဝင်နေလားမသိဘူးဆိုပြီး ခဏစောင့်ပြီးထပ်ဆက်တယ်။ မကိုင်တော့ဘူး။ ကျွန်မတို့ဆီကလေဆိပ်ကိုသွားပြီး သူလိုက်လာမယ့်လေယာဉ်ကိုသွားကြည့်တယ်။ လေယာဥ်ကဆိုက်တယ် ဒါပေမဲ့ သူပါမလာဘူး။ အသိမိတ်ဆွေတွေနဲ့ အဆင့်ဆင့် စုံစမ်းကြည့်တော့ ရန်ကုန်လေဆိပ်မှာပဲ ရှိနေသေးတယ်တဲ့”ဆိုပြီး မတ် ၁၁ ရက်က အဖမ်းခံရတဲ့အခြေအနေတွေကို မမိုးသစ္စာက ပြောပြပါတယ်။
အဲ့ဒီနောက်ပိုင်းမတ် ၁၄ ရက်မှာ ကမာရွတ်မြို့နယ်မှာရှိတဲ့ သူတို့ပိုင်ဆိုင်တဲ့တိုက်ခန်းနဲ့ အဒေါ်ဖြစ်သူရဲ့ တိုက်ခန်းတွေကို အာဏာပိုင်တွေက ချိတ်ပိတ်သွားတယ်လို့လည်း ပြောပါတယ်။
ကိုကျော်သန်းဇံဟာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ယောက်ဖတော်စပ်ပေမဲ့ ကြယ်ငါးပွင့်သင်္ဘောလိုင်းက အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်ဆက်နွှယ်တာတွေ မရှိတာကြောင့် ရန်ကုန်မှာ ဆက်နေဖြစ်တာလို့လည်း မမိုးသစ္စာက ပြောပါတယ်။
ဖမ်းဆီးခံရပြီး တစ်ပတ်ကြာတဲ့အထိ ဘယ်နေရာမှာရှိနေလဲဆိုတာတောင် မသိရသေးတဲ့အတွက် သတင်းအစအနပျောက်သွားမှာကို စိုးရိမ်နေတယ်လို့ မမိုးသစ္စာက ပြောပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အောက်တိုဘာ တုန်းကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မမိုးနှင်းဖြူနဲ့ ယောက်ဖ ကိုကျော်နိုင်တို့ ရန်ကုန်လေဆိပ်မှာ အဖမ်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇွန် မှာပြန်လွတ်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ရပ်ကွက်အလိုက်အစည်းအဝေးခေါ်တာတွေ ဆက်တိုက်လုပ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့ မှာ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့ ကိစ္စအတွက်ဆိုပြီး ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ရပ်ကွက်အလိုက် အစည်းအဝေးခေါ်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီကသိရသလို ဘီဘီစီကိုလည်း မြို့အချို့ကဒေသခံတွေကပြောထားပါတယ်။
အထူးသဖြင့် အသက်အကျုံးဝင်နေတဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို အစည်းအဝေးတက်ဖို့ အကြောင်းကြားတာဖြစ်ပြီး အစည်းအဝေးတက်လာတဲ့ အသက်ပြည့်မီသူတွေကို စာရင်းကောက်ယူတာတွေတပါတည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
"စစ်မှုထမ်းဖို့လုပ်ငန်းစဉ်အဆင့်ဆင့် တွေရှင်းပြတယ်။ အသက်ပြည့်တဲ့သူတွေဆို ဖောင်ဖြည့်ရတယ်။ လိုင်းပေါ်မှာပြန့်နေတဲ့ စာရင်းကောက်တဲ့စာရွက်ဖောင်ကိုပဲ သုံးစုံဖြည့်ပေးရတာပါ။ ပြီးတော့ လိုင်စင်ပုံရိုက်ယူထားတယ်" လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရန်ကုန်လူငယ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ စစ်တပ်မိသားစုဝင်တွေထဲက အသက်ပြည့်မီသူတွေကိုလည်း မဖြစ်မနေ အစည်းအဝေးတက်ရောက်စေပြီး စစ်မှုထမ်းဖို့စာရင်းကောက်ယူတာတွေလုပ်ဆောင်နေပြီလို့ တပ်တွင်းအရင်းအမြစ်တွေဆီကသိရပါတယ်။
လာမယ့် ဧပြီလသင်္ကြန်နောက်ပိုင်း စတင်ခေါ်ယူမှာဖြစ်ပြီး တစ်လကို လူ ၅၀၀၀ နှုန်းနဲ့ အမျိုးသားတွေကို စတင်စစ်မှုထမ်းခိုင်းမှာလို့ စစ်ကောင်စီက တရားဝင်ထုတ်ပြောထားပါတယ်။
ဒါ့အပြင် ပထမဆုံးတက်ရောက်ရမယ့်သင်တန်းကို မေလကုန်မှာ ခေါ်ယူသွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
ရန်ကုန်အပါအဝင် မြို့အသီးသီးက ဘီဘီစီပရိသတ်တွေအနေနဲ့ စစ်မှုထမ်းဥပဒေအသက်ဝင်တယ်ဆိုတဲ့နောက်ဆက်တွဲမှာ မြို့နယ်နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဘယ်လိုဆောင်ရွက်တာတွေရှိနေလဲ။ ကိုယ်တွေ့ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်ပြုရေးသားပေးဖို့ ဖိတ်ခေါ်ပါတယ်။








