ကမ္ဘာ့တိုက်ကြီး ၃ ခုမှာ လူသေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနေတဲ့ တောမီးတွေ

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လေယာဉ်တွေပေါ်ကနေ ရေတွေသွန်းဖျန်းပြီး တောမီးတွေ ငြှိမ်းသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လေယာဉ်တွေပေါ်ကနေ ရေတွေသွန်းဖျန်းပြီး တောမီးတွေ ငြှိမ်းသတ်
ရေးသားခဲ့သည်။

မြေထဲပင်လယ်၊ မြောက်အမေရိက၊ အာရှစတဲ့ ဒေသတွေနဲ့ နီးကပ်ဝန်းရံထားတဲ့ နေရာဒေသတွေမှာ အားပြင်းလှတဲ့ အပူလှိုင်းတစ်ခုက အရှိန်တိုးလာနေပါတယ်။ အဲဒီနေရာတွေမှာ အခုနွေရာသီအတွင်း စံချိန်တင်ရလောက်တဲ့အထိ အပူချိန် တိုးဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အယ်လ်ဂျီးရီးယားမှာ ပြင်းထန်တဲ့ အပူလှိုင်းတစ်ခုအတွင်း တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မီးသတ်သမား ၇၀၀ ကျော်နဲ့ ကြိုးစားရုန်းကန် မီးငြှိမ်းသတ်နေရတဲ့ တောတောင်ထူထပ်တဲ့ ဘီဂျိုင်ယာနဲ့ ဘူရီယာ ဒေသတွေက တောမီးလောင်မှုတွေအတွင်း အခုလို လူသေဆုံးမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပြီး အဲဒီမှာ လူ ၁၅၀၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းထားရပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ အခုလကုန်အထိ အပူချိန် ၄၈ ဒီဂရီ ဆဲလ်ဆီးယပ်စ်ကျော် ဆက်ပူနေမယ့်ပုံ ရှိမယ်လို့ အယ်လ်ဂျီးယား မိုးလေဝသဌာနက သတိပေးထားပါတယ်။ မြောက်အာဖရိကတဝန်း တချို့နေရာတွေမှာ အပူချိန် ၅၀ ဒီဂရီ ရောက်တဲ့အထိ အပူချိန် မြင့်တက်မှုတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားနေခဲ့အပြီး ဒီသတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဥရောပမှာ ဂရိ၊ အီတလီ၊ စပိန်နဲ့ ရိုမေးနီးယားနိုင်ငံတွေကအစ နိုင်ငံအတော်များများမှာ တောမီးတွေ လောင်ကျွမ်းနေတယ်လို့ သိရပါတယ်။ အတ္တလန္တိတ်ဒေသတဝန်းက ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာလည်း တောမီးလောင်မှုတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အာရှဒေသက နိုင်ငံအတော်များများမှာလည်း နွေရာသီ အပူချိန်တွေက မကြုံစဖူး စံချိန်တင် မြင့်မားနေပါတယ်။

တောမီးလောင်မှုတွေက သဘာဝဖြစ်ရပ်ဆန်းတခုလို့ ဆိုနိုင်ပေမဲ့ လောလောဆယ် ကြုံတွေ့နေရတဲ့ ပြင်းအားပမာဏ ကတော့ ဖြစ်လေ့ဖြစ်ထ မဟုတ်ပါဘူး။

တောမီးတွေ ဘယ်လို စလောင်တာလဲ

မီးစလောင်ဖို့က လောင်စာ၊ အောက်ဆီဂျင်နဲ့ အပူ စတဲ့ အရာ ၃ ခု ရှိဖို့ လိုပါတယ်။ မီးသတ်သမားတွေ မီးငြှိမ်းသတ်ဖို့ ကြိုးစားတဲ့အခါမျိုးမှာ ဒီအရာ ၃ ခုကို စဉ်းစားသုံးသပ်လေ့ရှိပါတယ်။

အပူချိန်၊ တောမီး၊ ရာသီဥတု၊ ဥရောပ၊ အာရှ၊ မြေထဲပင်လယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောမီးလောင်မှုဟာ ကမ္ဘာကြီးရဲ့ သဘာဝ သံသရာစက်ဝန်းရဲ့ တစ်စိတ်တပိုင်း ဖြစ်ပေမဲ့ ရာသီဥတု ပြောင်းလဲလာမှုကြောင့် တောမီးလောင်မှု အကြိမ်ရေ တိုးလာနေ

ပူပြင်းတဲ့ နွေရာသီနေ့မျိုးမှာ ခြောက်သွေ့မှု အခြေအနေက အထွတ်အထိပ်ကို ရောက်နေပြီး မီးရထား ဘီးကြိတ်ရာကနေ ထွက်လာတဲ့ မီးပွား မီးတောက်ကလေးကနေတောင် တောမီးလောင်မှု ဖြစ်ပွားနိုင်ပါတယ်။

တစ်ခါတလေမှာလည်း နေရောင် ဒါမှမဟုတ် မိုးခြိမ်း လျှပ်စီးလက်လို့ ဖြစ်တဲ့ အပူဒဏ်ကနေလည်း သဘာဝအလျောက် မီးစလောင်နိုင်ပါတယ်။

ဒါပေမဲ့လည်း တောမီးအများစုက လူတွေရဲ့ မဆင်မခြင် ပြုမူမှုတွေကနေ အစပြု လောင်ကျွမ်းကြတာ များပါတယ်။ တမင်မီးရှို့တာ၊ တောထဲ စခန်းချရင်း မီးလှုံ၊ ထမင်းဟင်းချက်ဖို့ မီးမွှေးတာ၊ သောက်ပြီးသား စီးကရက်တိုတွေ မဆင်မခြင် ပစ်တာ၊ စွန့်ပစ်ပစ္စည်း မီးရှို့နည်းမမှန်တာ၊ မီးခြစ်နဲ့ ကစားတာ ဒါမှမဟုတ် မီးရှူးမီးပန်း ဖောက်တာတွေကနေ အစပြုပြီး တောမီးလောင်တာတွေ မကြာခဏ ဖြစ်လေ့ ရှိပါတယ်။

မီးစလောင်ပြီ ဆိုတာနဲ့ တောင်စောင်းပေါ်မှာ ရှိနေရင် ဒါမှမဟုတ် လောင်စာ ရှိနေရင် လေပြင်းတိုက်ပြီ ဆိုတာနဲ့ တောမီးက ပျံ့နှံ့ကူးစက်သွားနိုင်ပါတယ်။

တောင်စောင်းက ၁၀ ရာခိုင်နှုန်း ကုန်းတက် ဖြစ်နေမယ်ဆိုရင် မီးလောင်မှုနှုန်းက ၂ ဆ မြန်နိုင်ပြီး တကယ်လို့ တောင်စောင်းက ၂၀ ရာခိုင်နှုန်း ကုန်းတက် ဖြစ်နေမယ်ဆိုရင် မီးလောင်နှုန်းက ၄ ဆ မြန်နိုင်တယ်လို့ ယူကေ သစ်တောကော်မရှင်အဖွဲ့ရဲ့ နည်းပညာပိုင်း အကြံပေး ရော့ဘ် ဂက်ဇာ့ဒ် က ဘီဘီစီနဲ့ အစောပိုင်း တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့ပါတယ်။

တောမီးကို ဘယ်လို ငြှိမ်းသတ်မလဲ

ရာသီဥတုကို ထိန်းချုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် လောင်စာကို ဖယ်ရှားဖို့ကိုပဲ အဓိကထား လုပ်ရမှာ ဖြစ်ပါတယ်။

မီးကိုဘယ်လိုငြှိမ်းသတ်မလဲ ဆိုတာကို အဖြေရှာဖို့ မီးငြှိမ်းသတ်မှု ကျွမ်းကျင်သူတွေက လေပြင်းပမာဏ၊ တောင်စောင်း အနေအထား၊ မီးရဲ့ ဦးတည်မှုလမ်းကြောင်းနဲ့ လောင်စာ စတာတွေကို ခန့်မှန်းသုံးသပ်တဲ့ နည်းကို အသုံးပြုလေ့ ရှိပါတယ်။

အပူချိန်၊ တောမီး၊ ရာသီဥတု၊ ဥရောပ၊ အာရှ၊ မြေထဲပင်လယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂရိလို နိုင်ငံမျိုးတွေမှာ တောမီးကြောင့် ဘေးကင်းရာ ထွက်ပြေးလာရသူတွေအတွက် နေရာထိုင်ခင်းတွေ အတတ်နိုင်ဆုံး စီစဉ်ပေးနေ

တစ်ခါတလေမှာ ရဟတ်ယာဉ်၊ လေယာဉ်တွေပေါ်ကနေ ရေဖျန်းပက်ပြီး မီးငြှိမ်းလေ့ရှိပါတယ်။ လူအင်အား ပိုသုံးရတဲ့ မီးတားလိုင်း မြောင်းတွေ တူးပြီး တောမီးမပျံ့အောင် တားဆီးတဲ့နည်းကို ပိုသုံးလေ့ရှိပါတယ်။

ရာသီဥတုပြောင်းလဲလာမှုက တောမီးနဲ့ ဘယ်လို ဆက်စပ်နေသလဲ

တောမီးလောင်မှုဟာ သဘာဝရဲ့ သဘောသဘာဝ တစ်စိတ်တပိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တောမီးလောင်မှု ဖြစ်ပွားမှုနှုန်းက အခုအခါ ထိတ်လန့်စရာ ကောင်းတဲ့ အခြေအနေကို ရောက်လာနေတာပါ။

၁၉၃၀ နဲ့ ၁၉၈၀ ခုနှစ်တွေအကြားမှာ တောမီးလောင်မှု အနည်းအပါးပဲ တွေ့ခဲ့ရပါတယ်။ အဲဒီကာလတုန်းက ပိုပြီး အေးမြ စွတ်စိုတဲ့ အခြေအနေကို ကြုံခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်းမှာ ရာသီဥတုက ပိုပူ၊ ပိုခြောက်သွေ့လာခဲ့ပြီး တောမီးလောင်မှုတွေ ပိုတိုးပွားလာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ်အတွင်း တောမီးလောင်မှုတွေကြောင့် ၂ နှစ်တာကာလမှာတင် အမေရိကန် သဘာဝသစ်တော ဧက ၆ သန်းကျော် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ၁၀ နှစ်ကြာကာလ သစ်တောဧက ၆ သန်းလောက် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုပေါင်း များစွာအရ ရာသီဥတုပြောင်းလဲလာမှုတွေကြောင့် တောမီးလောင်မှု ကာလရာသီ ပိုရှည်ကြာလာသလို တောမီးလောင်မှုအကြိမ်နှုန်းနဲ့ မီးလောင်ကျွမ်းမှုဧရိယာတွေ ပိုကျယ်ပြန့် တိုးပွားလာခဲ့တာကို တွေ့ရပါတယ်။

အပူချိန်၊ တောမီး၊ ရာသီဥတု၊ ဥရောပ၊ အာရှ၊ မြေထဲပင်လယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယားနိုင်ငံက ဒေသအတော်များများမှာ တောမီးလောင်မှုတွေ ဖြစ်နေ

ရာသီဥတု ပြောင်းလဲလာမှုကြောင့် မီးလောင်မှု ဖြစ်ပွားရတာလို့ မထောက်ပြနိုင်ပေမဲ့ မိုးခေါင်ရေရှားမှု၊ အပူချိန်မြင့်မားမှု၊ စိုထိုင်းဆနည်းမှု၊ လေပြင်းတိုက်မှုတွေဟာ မီးပွား အစပြုဖို့၊ မီးပျံ့ပွားကူးစက်ဖို့ အထောက်အကူဖြစ်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။

အဲဒီအတွက် ဆိုက်ဘေးရီးယားကစလို့ ပေါ်တူဂီနိုင်ငံအထိ ကမ္ဘာတဝန်းမှာ တိုးပွားလာနေတဲ့ တောမီးလောင်မှုတွေဟာ ရာသီဥတု ပြောင်းလဲလာမှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

တောမီးလောင်မှုက အမြဲ ဆိုးရွားလေ့ ရှိသလား

သက္ကရာဇ် ၂၀၀၀ ပြည့်နောက်ပိုင်း နှစ်တွေအတွက် တောမီးလောင်မှုဟာ ဂေဟစနစ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး အဲဒီကနေ သက်ရှိသတ္တဝါတွေရဲ့ ဘဝတွေဖြစ်ထွန်းလာကြတာပါ။ ချေးထိုးပိုးကောင်တချို့ဟာ မီးအပူထဲမှာသာ ပေါက်ဖွားလေ့ရှိကြသလို ထင်းရှူးသီးတွေကလည်း ကြိုကြားကြိုကြား လောင်တဲ့ မီးတွေကနေ အပင်ပေါက်လေ့ ရှိကြပြီး မီးလောင်ကျွမ်းလို့ ရှင်းလင်းသွားတဲ့ မြေပြင်ကြောင့် အပင်သစ်တွေ ရှင်သန် အညွန့်တက်ခွင့် ရကြပါတယ်။

အပူချိန်၊ တောမီး၊ ရာသီဥတု၊ ဥရောပ၊ အာရှ၊ မြေထဲပင်လယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ခြေက စတဲ့ တောမီးက ကူးစက်ပျံ့ပွားဖို့ အများကြီး ပိုမြန်လေ့ရှိ

ယူကလစ်ပင်တွေကလည်း ကဏ္ဍနှစ်ခုမှာ ပါဝင်နေပါတယ်။ သူတို့က မီးလောင်စေတဲ့အဆီကို ထုတ်ပေးသလို သူတို့ရဲ့ အရွက်ခြောက်တွေနဲ့ သစ်ခေါက်ခြောက်တွေက အလွယ်တကူ မီးတောက်စေပြီး တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်စေပါတယ်။

မီးလောင်ပြီဆိုရင် ယူကလစ်ပင်တွေက ပိုရှင်သန် ကြီးထွားလာတတ်ပါတယ်။ မီးရဲ့အရှိန်ကြောင့် တခြားအပင်တွေ နောက်တကြိမ် ပြန်ပေါက်ဖို့ ခဲယဉ်းလှပေမဲ့ ယူကလစ်အစေ့တွေကတော့ မီးအရှိန်ကြောင့် ပွင့်အာလာပြီး မီးကျွမ်းနေတဲ့ မြေပြင်မှာ ယူကလစ်ပင်ပေါက်လေးတွေ ပေါက်ပွားနေတာကို တွေ့နိုင်ပါတယ်။

သစ်ခုတ်တာ၊ ဒါမှမဟုတ် သစ်တော ရှင်းလင်းတာတွေကနေ အကျိုးကျေးဇူး ခံစားရနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူအတော်များများများက သစ်တော ခုတ်ထွင်ရှင်းလင်းတာတွေ လုပ်နေကြပေမဲ့ တောမီးတွေက သဘာဝအလျောက် သစ်တော ရှင်းလင်းမှုတွေ လုပ်ပေးနေတာ ဖြစ်ပါတယ်။ မီးတောက်တွေက သစ်ကိုင်းငယ်တွေ၊ သစ်ပင်ငယ်တွေကို အခါအားလျော်စွာ ရှင်းလင်းပေးနေပြီး သစ်တောတွေ ထပ်မကြီးလာအောင် ထိန်းပေးသလို ဖြစ်ပါတယ်။ မဟုတ်ရင် ဒီသစ်ပင်တွေက တောမီးလောင်စေတဲ့ လောင်စာ ဖြစ်လာစေမှာပါ။

ကျန်းမာရေးအတွက် အန္တရာယ်

ဥရောပဒေသမှာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ စပိန်၊ အီတလီနဲ့ ဂရိလို နိုင်ငံတွေက အပန်းဖြေစခန်းတွေမှာ ပိတ်မိနေတဲ့သူတွေကို အခုအခါ အမြန်ကယ်ထုတ်နေရပါတယ်။ မီးခိုးငွေ့တွေ ရှူမိရင် ကျန်းမာရေးအတွက် ရေရှည်ဆိုးကျိုး ဖြစ်စေပါတယ်။

အပူချိန်၊ တောမီး၊ ရာသီဥတု၊ ဥရောပ၊ အာရှ၊ မြေထဲပင်လယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိမ်ထဲမှာနေဖို့နဲ့ ရေများများ သောက်ကြဖို့ လူထုကို အာဏာပိုင်တွေက အကြံပြုထား

တောမီးတွေကနေ PM2.5 လို့ခေါ်တဲ့ အမှုန်တွေနဲ့ ဒါ့ထက်တောင် ပိုသေးငယ်တဲ့ နာနိုအမှုန်တွေ အများအပြားကို ထုတ်လုပ်လေ့ရှိပြီး အဲဒီအမှုန်တွေက အထူးသဖြင့် လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတယ်လို့ သိထားပါတယ်။ လူတွေရဲ့ ဆံပင်အရွယ်အစားထက် အဆ ၃၀ လောက် သေးငယ်တဲ့ အဲဒီအမှုန်တွေဟာ ရှူရှိုက်မိရင် လူ့အဆုတ်သွေးကြောတွေထဲ ထိုးဖောက် ဝင်ရောက်နိုင်ပြီး အသက်ရှူလမ်းကြောင်းကို ထိခိုက်ပျက်စီးစေနိုင်သလို သွေးကြောထဲ စိမ့်ဝင်သွားစေနိုင်ပါတယ်။