စစ်တွေမှာ မွတ်ဆလင်လူငယ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဓါးပိုင်ကျေးရွာကမွတ်ဆလင် လူငယ်တစ်ဦး ဟာ ဒီကနေ့ စက်တင်ဘာ ၄ ရက်မနက်ပိုင်းက ရဲကင်းဘက်ပစ်ခတ်လိုက်တာကြောင့် သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ သေဆုံးတဲ့လူငယ်ဟာ ဓါးပိုင်ကျေးရွာ အကွက်၄ က အသက် ၂၀ အရွယ် မောင်ဇော်မီရ်ဟူစောန်ဆိုသူဖြစ်ပြီးဘုမေကျေးရွာကို ဆိုင်ကယ်နဲ့သွားစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒေသခံတွေအပြောအရ ခေါ်ယူစစ်ဆေးချိန် ပစ်ခတ်ခံရတာလို့ပြောကြသလို ဘုမေကျေးရွာမှာရှိတဲ့ အမှတ် ၃၆ ရဲတပ်ရင်းက ဖြစ်တယ်လို့ပြောကြပါတယ်။ '' ကျွန်တော်တို့ မွတ်ဆလင်တွေ မြို့ထဲဘက်ကသွားလို့ရှိရင် အဲ့ဒီရဲစခန်းဂိတ်တွေမှာ အစစ်ခံကြရပါတယ်။ အဲ့ဒီကလေးက ရဲတပ်ရင်းရှေ့မှာ စစ်ဆေးခံတဲ့အခါ ကိုဗစ်စာရွက်က ပျောက်သွားလို့ ရပ်ကွက်မှာပြန်လျှောက်ထားတယ်လို့ပြောတဲ့အချိန် ရဲတစ်ယောက်က ပစ်လိုက်တာပါ '' လို့ ဒေသခံမွတ်ဆလင်တစ်ဦးက ပြောပါတယ်။ ဒီကနေမနက်ပိုင်း ၁၁ နာရီလောက်မှာတော့ အဲ့ဒီသေဆုံးနေတဲ့ မွတ်ဆလင်လူငယ်ရဲ့အလောင်းကို စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူ မောင်ဇော်မီရ်ဟူစောန်ဟာ ဘုမေကျေးရွာကို ဇနီးသည်အတွက် လိုအပ်တဲ့ဆေးဝါးတွေဝယ်ယူဖို့ ထွက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသအာဏာပိုင်တွေဘက်ကို ဘီဘီစီကမေးမြန်းဖို့ကြိုးစားနေသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ခေါင်းဆောင် ရုရှားကို ဒီရက်ပိုင်းထပ်သွားဦးမယ်

ဓာတ်ပုံ ရင်းမြစ်, MRTV
စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကြာခင်ရက်ပိုင်းအတွင်း ရုရှားကို သွားရောက်မယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေက ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်ဟာရုရှားဖက်ဒရေးရှင်းအစိုးရ၊ အရှေ့ဖျားစီးပွားရေးဖိုရမ် ရဲ့ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့မှာ စက်တင်ဘာ ၅ ရက်ကနေ ၈ ရက်နေ့ထိ ကျင်းပမယ့် အဲဒီဖိုရမ်ကို တက်ရောက်မှာဖြစ်ပြီး ခရီးစဥ်အတွင်း ရုရှားအစိုးရအဖွဲ့နဲ့တွေ့ဆုံတာ၊ နှစ်နိုင်ငံအစိုးရနဲ့ပြည်သူအကြား ချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ဒီတစ်ကြိမ်နဲ့ဆိုရင် စစ်ခေါင်းဆောင်ဟာ မြန်မာမှာအာဏာသိမ်းပြီးနောက် ရုရှားကို တတိယအကြိမ်မြောက်သွားရောက်တဲ့ခရီးစဥ်ဖြစ်လာပါမယ်။ ပြီးခဲ့နှစ် ဇွန်လက ဆွေးနွေးပွဲတက်ရောက်ဖို့ သွားရောက်တာတစ်ကြိမ်၊အခုနှစ် ဇူလိုင်လမှာတစ်ကြိမ် ရုရှားကိုသွားရောက်ထားပြီး အဲဒီနှစ်ကြိမ်လုံး ရုရှားအစိုးရအဖွဲ့အကြီးအကဲတွေတာ၀န်ရှိသူတွေနဲ့တွေ့ဆုံနိုင်တာမရှိခဲ့ပါဘူး။
အခုတော့ သတင်းထုတ်ပြန်ချက်အရ ရုရှားအစိုးရအဖွဲ့ရဲ့ဖိတ်ကြားချက်အရလို့ပါရှိပြီး ရုရှားအစိုးရအဖွဲ့တာ၀န်ရှိသူတွေနဲ့တွေ့ဆုံမယ်လို့ ပါရှိတာကြောင့် စစ်ခေါင်းဆောင်ရဲ့ရုရှားခရီးစဥ်တွေအတွင်း တစ်ကြိမ်တစ်ခါမှတွေ့ဆုံခြင်းမရှိထားတဲ့ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံနိုင်ခြေရှိတယ်လို့ခန့်မှန်းမှုတွေလည်းထွက်ပေါ်နေပါတယ်။ ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားကို ကမ္ဘာတစ်၀န်းကတင်းကျပ်ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေရှိနေချိန်၊ မြန်မာမှာလည်း စစ်အာဏာသိမ်းမှုကြောင့် မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ်အပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်နေချိန် အထီးကျန်နေတဲ့ နှစ်နိုင်ငံချင်း ဒီနှစ်အတွင်းမှာ ဆက်ဆံရေး ပိုမိုတိုးမြှင့်လာတာကိုတွေ့ရပါတယ်။
ဒါနဲ့ပတ်သက်လို့ ထင်ရှားတဲ့အချက်ကတော့ ဇူလိုင်လကုန်ပိုင်း စစ်ခေါင်းဆောင်ရုရှားက ပြန်ရောက်အပြီး မကြာခင်မှာပဲ ရုရှားအစိုးရအဖွဲ့က အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်တဲ့ ရုရှားနိုင်ငံခြားရေး၀န်ကြီး လဘရော့ နေပြည်တော်ကို ရုတ်တရက်ရောက်လာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ရော စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ပါတွေ့ဆုံခဲ့ပါတယ်။
ဒါဟာရုရှားအစိုးရအဖွဲ့ ကအဆင့်မြင့်အရာရှိကြီးတစ်ဦးရဲ့ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း နေပြည်တော်ကို ပထမဆုံးလာရောက်တဲ့ခရီးစဥ်လည်း ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာပဲ ပိတ်ဆို့မှုတွေကြောင့် ရုရှားလောင်စာဆီတွေ ပြည်ပနိုင်ငံတွေထံတင်ပို့မရ ရောင်းချလို့မရဖြစ်နေချိန်၊ မြန်မာမှာလည်း စစ်ကောင်စီက ပြည်တွင်းမှာ ဒေါ်လာငွေကြေးစီးဆင်းမှုကိုထိန်းချုပ်လိုက်တဲ့နောက် စက်သုံးဆီ စျေးတွေတက် ရှားပါးပြတ်လပ်တာတွေဖြစ်ခဲ့တဲ့နောက် ရုရှားရဲ့လောင်စာဆီတွေကို ဝယ်ယူဖို့ ဖြစ်လာခဲ့ပါတယ်။
အခုတော့ မနက်ဖြန် စက်တင်ဘာ ၄ ရက်မှာ ရုရှားဆီတန်ချိန် သုံးသောင်း မြန်မာနိုင်ငံကိုရောက်ရှိလာမယ်လို့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးမှာ စီဒီအမ်စာရင်းတွေ တင်ပြဖို့ စစ်ကောင်စီဖိအားပေးနေ

ဓာတ်ပုံ ရင်းမြစ်, MPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်ကျော့ပြန် ခြိမ်းခြောက်မှုတွေရှိနေပေမဲ့ စီဒီအမ် ဆက်လက်ပြုလုပ်မယ်လို့ဆို
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်မှု ပြုလုပ်တဲ့ မန္တလေးတိုင်းအတွင်းက CDM စာရင်းတွေကို ပြန်လည်တင်ပြဖို့ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီခန့် တိုင်းအစိုးရ ညွှန်ကြားရေးမှူးက ဌာနတိုင်းကို အကြောင်းကြားစာ ပေးပို့ခဲ့ပေမဲ့ CDM ပြုလုပ်နေဆဲဝန်ထမ်းတွေက Non-CDM ပြုလုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"ဒီမြို့က အားလုံးညီတယ်။ ပညာရေးပိုင်းက ဆရာဆရာမ တွေ Non-CDM လုပ်မှာမဟုတ်ဘူး။ ဒီလိုလုပ်လို့လည်း မကောင်းတဲ့ အမြစ်လှန်နိုင်၊ ပြတ်နိုင်တယ်လေ"လို့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီခန့် ညွှန်ကြားရေးမှူးက စက်တင်ဘာလအတွင်းမှာ မန္တလေးတိုင်းအတွင်းအစိုးရဌာနတွေမှာ အကြမ်းမဖက် အာဏာဖီဆန်မှု CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်လက်တွေကို ပူးတွဲဇယား အတိုင်း ပြုစုပြီး အရောက်ပေးပို့ရန် ဆိုကာ အကြောင်းကြားစာတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။ ဒီလို CDM ဝန်ထမ်းစာရင်း ပြုစုတင်ပြဖို့ စာထွက်ပေါ်အပြီး မန္တလေးမြို့ ၊ မြို့သစ် ၁၂၅လမ်း ၅၆လမ်းထောင့်မှာ Non CDMတချို့နေထိုင်ရာအနီးမှာ သတိပေး ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ ၂ရက်နေ့မှာ Myanmar revolution rangers force-MRRF က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လအတွင်းမှာလည်း non-cdm ပါမောက္ခချုပ်တွေ သတင်းပေးမှုနဲ့ ရတနာပုံတက္ကသိုလ်က CDM ဝန်ထမ်း ၅ဦးဖမ်းဆီးခံရပါတယ်။ CDM ဝန်ထမ်းတွေကို ပုဒ်မ ၅၀၅ ထုတ်ထားပြီး ညအချိန်မှာ အိမ်တိုင်ရာရောက် ဖမ်းဆီးသွားတယ်လို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၂၇ ရက်နေ့မှာလည်း မန္တလေးတက္ကသိုလ်ဝင်းအတွင်းက CDM ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက အင်အားသုံးပြီး ဖမ်းဆီးခဲ့ပါတယ်။ CDM ဝန်ထမ်းတွေမတွေ့ရင် သက်ဆိုင်တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးသွားလို့ အဲ့ဒီနေ့မှာ အဖမ်းခံရသူ အယောက် ၃၀ ဝန်းကျင်ရှိတယ်လို့ မန္တလေးတက္ကသိုလ်ဝင်းအနီး ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ကျန်းမာရေး၊ ပညာရေး၊ မီးရထားဌာနက ဝန်ထမ်းအများစုနဲ့ အခြားဌာနဆိုင်ရာက ဝန်ထမ်းတချို့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါ၀င်ခဲ့ကြပါတယ်။
CDM ဝန်ထမ်းတွေရဲ့ နေအိမ်လိုင်းခန်းတွေကို အဓမ္မဖယ်ရှားတာ ၊ တချို့ကို ဖမ်းဆီးထောင်ချတာတွေပါ စစ်ကောင်စီက လုပ်ဆောင်ခဲ့ပါတယ်။ တစ်နှစ်ကျော်ကာလအတွင်းမှာ တချို့ ဝန်ထမ်းတွေ Non-CDM တွေ ပြန်လည်ပြုလုပ်တာတွေလည်း ရှိပါတယ်။ လက်ရှိအချိန်ထိ CDM ပြုလုပ်သူဝန်ထမ်းအများစုက ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်စားသောက်နေထိုင်ကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ " ဆရာမတွေလေ အားပေးရမှာ။ ဈေးဝယ်ပေးပါဦးလို့ ပြောရင်ကို ကိုယ့်စိတ်ကမကောင်းဘူး။ သူတို့ရောင်းလို့ ဈေးဘယ်လောက်များများ ဝယ်ပေးရမှာ။ ကိုယ်တွေက ကျွေးမထားနိုင်ဘူးလေ။ ဒါကြောင့်မို့ သူတို့ကိုပဲ အားပေးရမှာ။ သူတို့က လစာမက်ပြီး ဝင်မသွားဘဲ CDM ပဲလုပ်နေလို့ ကျေးဇူးတင်တယ်။ သူတို့ကြောင့် ဒီလောက်ထိ ခရီးရပ်တည်နိုင်တာ"လို့ မန္တလေးတိုင်း ဒေသခံတစ်ဦးက ဆိုပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ မီးအချိန်ပိုင်းပြတ်တောက်မယ်

ဓာတ်ပုံ ရင်းမြစ်, CJ
အခုသီတင်းပတ်အတွင်း ရာသီဥတုအပူချိန်မြင့်တက်လာတာနဲ့အမျှ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲ၀န်အားမြင့်တက်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ဒါကြောင့် ဓာတ်အားစနစ်တည်ငြိမ်စေဖို့ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု များတဲ့အချိန်တွေမှာ အရေးပေါ်၀န်အားလျှော့ထိန်းညှိတာတွေဆောင်ရွက်နေရတာကြောင့် မြို့နယ်တချို့မှာ အချိန်ပိုင်း မီးပြတ်မှုရှိမှာဖြစ်ကြောင်း ဒီနေ့စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒီနေ့ စက်တင်ဘာ ၃ ရက်မနက်ပိုင်းမှာလည်း အလုံမှာရှိတဲ့ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်(၁)လုံး အရေးပေါ်စက်ရပ်တန့် သွားတာ၊ သာကေတ U Energy ဓာတ်အားပေးစက်၊ အလုံ TOYO THAI ဓာတ်အားပေးစက်မှ ဓာတ်အားပေး စက်(၁)လုံးနဲ့ ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ဓာတ်အားပေးစက်(၁)လုံး တို့ကို ထိန်းသိမ်းပြုပြင်နေတာတွေကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု လျော့နည်းနေတာလို့လည်း YESC က ဆိုထားပါတယ်။ဒါကြောင့် ရန်ကုန်မှာလာမယ့်ရက်တွေအတွင်းမီး အချိန်ပိုင်းပြတ်တောက်မှုတွေ ဆက်ရှိလာမယ့်သဘောလို့ နားလည်ရပါတယ်။
ဆွမ်ပရာဘွမ်မှာ ကြွက်ဘေးအန္တရာယ်ကြောင့် ရိတ်စရာစပါးမရှိတဲ့ အခြေအနေထိ ဖြစ်လာနေ

ဓာတ်ပုံ ရင်းမြစ်, Kachin Waves
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ထဲက ဆူယန်ကျေးရွာမှာ တောင်ယာတွေထဲ ကြွက်တွေဝင်ရောက်ဖျက်ဆီးတာကြောင့် ပျက်စီးမှုတွေဖြစ်နေပြီး ရိတ်စရာစပါးမကျန်တဲ့ အထိဖြစ်နေတယ်လို့ တောင်ယာစိုက်တဲ့ ဒေသခံတွေကပြောပါတယ်။
အခုလိုတောင်ယာတွေထဲကြွက်တွေဝင်ရောက်ဖျက်ဆီးတာဟာ တစ်လလောက်ရှိနေပြီဖြစ်ပြီး တစ်အိမ်တစ်ယောက်နှုန်းနဲ့ ကြွက်မောင်းတာတွေလုပ်ကြပေမဲ့ ကြွက်တွေကတော့ တောင်ယာတွေထဲလျော့ပါးသွားတာမရှိဘဲ စပါးတွေ ဆက်လက်ဖျက်ဆီးခံနေရဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။
"စပါးနှံထွက်တာနဲ့ ကြွက်က စားတော့ တောင်ယာတစ်ခုလုံးပြောင်တဲ့ပုံစံတွေဖြစ်သွားတယ်။ ဘယ်လိုမှနှိမ်နှင်းလို့မရဘူး။ အခုကြွက်သောင်းကျန်းတာ တစ်လကျော်ကြာနေပြီ။ တောင်ယာလုပ်စားတဲ့သူအများစုက မရှိဆင်းရဲသားနဲ့ တခြားဝင်ငွေမရှိတဲ့ လူတွေလုပ်ကြတာ လုပ်တဲ့တောင်ယာဆိုတာလည်း ရောင်းစားဖို့တောင်မပါဘူး။ တစ်နိုင်တစ်ပိုင်မိသားစုဝမ်းစာဖူလုံရေးအတွက်လုပ်ကြတာများတယ်" လို့ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးကပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာမှာရှိတဲ့ တောင်ယာတွေကို ကြွက်ဘေးကျရောက်တာဆိုရင် ၁၉၇၇ ခုနစ်လောက်က တစ်ကြိမ်ဖြစ်ဖူးသလို အခုတစ်ကြိမ်မှာလည်းထပ်ပြီးဆိုးရွားတဲ့အခြေနေထပ်ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။
မြန်မာမှာ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်မရှိဘူးဆိုတဲ့ ILO ရဲ့ ပြောဆိုချက်ကို စစ်ကောင်စီကန့်ကွက်
မြန်မာမှာ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်မရှိဘူးဆိုတဲ့ ILO ရဲ့ ပြောဆိုချက်ကို စစ်ကောင်စီကန့်ကွက်
ပြည်တွင်းမှာတော့ အလုပ်သမားတွေ အခြေခံအခွင့်အရေးကအစချိုးဖောက်ခံနေရမှုအကာအကွယ်မဲ့နေတယ်လို့အလုပ်သမားအင်အားစုတွေပြော
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အလုပ်သမားအဖွဲ့အစည်းတွေကိုတရားမဝင်ကြေညာတာ၊ အလုပ်သမားခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေထပ်ပြီးဖွဲ့စည်းခွင့်မရှိတော့တဲ့ အခြေအနေကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် ILO ဝက်ဆိုက်စာမျက်နှာမှာ ထုတ်ပြန်ထားတဲ့အပေါ် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကန့်ကွက်ကြောင်း မနေ့ စက်တင်ဘာ ၂ ရက်နေ့ကထုတ်ပြန်လာပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအဖွဲ့ ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အဖြစ်ကြေညာတာဟာ တရားမဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ ကြေညာတာလို့စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကတုံ့ပြန်လာပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကိုစစ်ကောင်စီက တရားမဝင်အသင်းအဖြစ်ကြေညာခဲ့ပြီးနောက်ပိုင်းအလုပ်သမားခေါင်းဆောင်တချို့ကိုလည်းစစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
လက်တွေ့မြေပြင်မှာဆိုရင်လည်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတွေဟာအခြေခံလုပ်ခလစာနဲ့ အလုပ်ဆင်းချိန် စတဲ့ အခြေခံရပိုင်ခွင့်တွေကအစဆုံးရှုံးနေပြီးတိုင်ကြားမှု ယန္တရားတွေလည်းလုံးဝ ရပ်ဆိုင်းနေတဲ့အကြောင်း အလုပ်သမားအဖွဲ့အစည်းတွေကထုတ်ပြန်ကြသလို အလုပ်သမားတွေကိုယ်တိုင်ကလည်း ပြောပြကြပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း စက်ရုံအလုပ်ရုံတွေအတွင်းမှာလည်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တချို့ကိုစက်ရုံတွေဘက်က ခြိမ်းခြောက်ပြောဆိုတာတွေနဲ့ အလုပ်ထုတ်ပယ်တာတွေရှိခဲ့တဲ့အကြောင်းကိုလည်း သက်ဆိုင်ရာအလုပ်သမားတွေက ဘီဘီစီကိုဆက်သွယ်ပြောပြထားခဲ့ပါတယ်။
အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်တဲ့ ခန့်မှန်းချက် တွေအရ စစ်တပ်အာဏာသိမ်းပြီး ၁၈ လအကြာမှာ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ဆုံးရှုံးမှုတွေအလွန်အမင်းကြုံတွေ့နေရပြီးပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် အလုပ်အကိုင် ၁.၁ သန်းအထိ နည်းသွားတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက ပြည်တွင်းအလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကိုကန့်သတ်ပိတ်ဆို့ကြောင်း ထောက်ပြထားတဲ့ ILO ရဲ့ထုတ်ပြန်ချက်ကို ကန့်ကွက်တယ်လို့ထုတ်ပြန်နေပါတယ်။လက်တွေ့မှာတော့ အလုပ်သမားတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် အကာအကွယ်မဲ့နေပြီးလုံလောက်မျှတတဲ့ အားကောင်းတဲ့ ဖြေရှင်းပေးရေး ကြားခံ အဖွဲ့အစည်းတွေ ချိနဲ့သွားတယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် တစ်ထောင်လှူဒါန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းလိုက်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
ဒီလိုလှူဒါန်းမှုဟာ သီရိလင်္ကာနိုင်ငံ ကပြည်သူတွေအပေါ် မြန်မာအစိုးရနဲ့ပြည်သူတွေရဲ့ စာနာမှုကိုပြသတာဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မနေ့ စက်တင်ဘာ ၂ ရက်က လှူဒါန်းတဲ့အခမ်းအနားမှာပြောကြားသွားပါတယ်။
နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာတော့ထောင်နဲ့ ချီတဲ့ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သမ္မတအိမ်တော်အတွင်းဝင်ရောက်သိမ်းပိုက်ဆန္ဒပြခဲ့ကြလို့ သီရိလင်္ကာသမ္မတကပြည်ပကိုရှောင်တိမ်းခဲ့ရပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေနဲ့ အတူလက်ရှိစီးပွားရေးကျပ်တည်းမှုတွေကြောင့် အငတ်ဘေးဆိုက်ရောက်နိုင်ကြောင်းနိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုထားတဲ့ မြန်မာနိုင်ငံမှာတော့ ဒေါ်လာနဲ့အရန်ငွေကြေးစုထားလို့ သီရိလင်္ကာနိုင်ငံလိုအခြေအနေဖြစ်စရာမရှိဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဇူလိုင်လက သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်းထန်လာတဲ့အကြမ်းဖက်မှုတွေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ခေါင်းဆောင်တွေအပေါ် ဖိနှိပ်မှုတွေအတွက် စစ်တပ် တာ၀န်ခံမှုရှိရေးလုပ်ဆောင်ရမယ် လို့ဆို
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်အသစ် ထပ်မံချမှတ်ခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီယိုဘလင်ကန်က ရှုတ်ချလိုက်ပြီး စစ်ကောင်စီကို ထပ်မံဖိအားပေးဖို့တိုက်တွန်းလိုက်ပါတယ်။ ''ဗမာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတဲ့ မတရားတဲ့ စီရင်ချက်တွေကို ကျွန်တေ်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ မြန်မာရဲ့ ယခင် နိုင်ငံအမည်ဟောင်းကိုအသုံးပြုပြီး ဘလင်ကန်က ပြောကြားကြောင်း ဗီအိုအေ သတင်းမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်လာနေပြီး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖိနှိပ်လာအပေါ် မြန်မာစစ်တပ်ကို တာဝန်မှုရှိလာအောင်လည်း အတူတကွလုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဘလင်ကန်က ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေကပိတ်ဆို့မှုတွေဆက်တိုက် ချမှတ်ခဲ့ပေမဲ့ ဒါဟာ မြန်မာစစ်တပ်အပေါ် ထိခိုက်မှု အနည်းငယ်သာရှိနေတလို့ ဗီအိုအေ သတင်းကရေးပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်ပြီး စစ်တပ်က မဲစာရင်းတွေမှားယွင်းမှုရှိတယ်၊ တစ်ခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အစိုးရခေါင်းဆောင်တွေက မလျော်သြဇာသုံးတယ်လို့စွပ်စွဲပြီး သမ္မတနဲ့ အတိုင်ပင်ခံအပါအ၀င်တိုင်းနဲ့ပြည်နယ်၀န်ကြီးချုပ်အများစုကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲဆိုခဲ့တာပါ။
နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲမသမာမှုနဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့အပေါ် အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာနေတဲ့ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL)အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာ ၂ ရက်က ကြေညာထားပါတယ်။
ဗကသကျောင်းသား ကိုအောင်နိုင်သူ တစ်လနီးပါးတိုက်ပိတ်ခံထားရ၊ ထောင် ၃ နှစ်ချမှတ်ခံထားရကြောင်း ဗကသအဖွဲ့ချုပ်ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, ဗကသများအဖွဲ့ချုပ်
ပြီးခဲ့တဲ့ ၂၀၂၁ မေလက ဆန္ဒပြပွဲတစ်ခုမှာဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးပညာရေးဒီဂရီကောလိပ်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်၊ ဗကသများအဖွဲ့ချုပ်က ကိုအောင်နိုင်သူကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က အိုးဘိုထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်လာပါတယ်။
ကိုအောင်နိုင်သူဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက စစ်ကောင်စီရဲ့ သေဒဏ်ကို ဆန့်ကျင်ကြောင်း မန္တလေးအိုးဘိုထောင်တွင်းဆန္ဒထုတ်ဖော်မှုမှာပါဝင်ခဲ့တာကြောင့် သြဂုတ်လ တစ်လလုံးနီးပါး တိုက်ပိတ်ခံထားရပြီးစက်တင်ဘာ ၁ ရက်နေ့ ရုံးထုတ်ချိန်မှာလည်း ဝှီးချဲနဲ့ရုံးထုတ်ခဲ့ရတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
"တိုက်ပိတ်ခံထားရတယ်ဆိုတာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကတည်းကသိရပါတယ်။ ရုံးထုတ်ချိန်မှာလည်း ဒဏ်ရာတွေပါလာတယ်။ တိုက်ကလည်း အခုအချိန်ထိပိတ်ခံထားရတုန်းပဲဆိုတာနီးစပ်သူတွေဆီကသိထားရတယ်။ အခုစက်တင်ဘာ ၉ ရက်နေ့ နောက်ပိုင်းမှာ ထောင်ဝင်စာပို့လို့ရပြီလို့ ထောင်ဘက်ကပြောလာတော့ အဲဒီနေ့တော့ တိုက်ပိတ်ခံထားရတာလွတ်မယ်လို့ထင်တယ်’’ လို့ ဗကသများအဖွဲ့ချုပ်သတင်းနဲ့ပြန်ကြားရေးဘက်ကပြောပါတယ်။
ဗကသကျောင်းသားကိုအောင်နိုင်သူကို တစ်လအထိတိုက်ပိတ်ထားတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အကျဥ်းထောင်အာဏာပိုင်တွေဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
မန္တလေးအိုးဘိုထောင်တွင်းမှာစစ်ကောင်စီရဲ့ သေဒဏ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရိုက်နှက်တိုက်ပိတ်ခံထားရတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက သက်ဆိုင်ရာနိုင်ငံရေးအကျဥ်းသားတွေရဲ့ ပင်မအဖွဲ့အစည်း တွေက ထုတ်ပြန်ထားခဲ့ပါတယ်။
ဒါ့အပြင် သြဂုတ်လထဲမှာပဲ စစ်ကောင်စီရဲ့ သေဒဏ်ကို ထောင်တွင်းဆန့်ကျင်ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို တွေကို ရုံးထုတ်စစ်ဆေးတာမလုပ်ဘဲ မျက်ကွယ်ထောင်ဒဏ်တွေ ဆက်တိုက်ချမှတ်ခဲ့တဲ့ဖြစ်စဥ်တွေကိုလည်း သမဂ္ဂတွေကထုတ်ပြန်သလိုအကျဥ်းထောင်နဲ့ နီးစပ်သူတွေကဘီဘီစီကိုပြောဆိုထားပါတယ်။
ထောင်အာဏာပိုင်တွေကတော့ အကျဥ်းထောင်ထဲဖိနှိပ်တာမရှိဘူးလို့ ဆက်တိုက်ငြင်းဆိုနေပါတယ်။
ကန္တာရဝတီတိုင်းသတင်းဌာနကို ထုတ်ဝေခွင့်ပိတ်ကြောင်း စစ်ကောင်စီကြေညာ

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times
ကယား(ကရင်နီ) ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ကန္တာရဝတီတိုင်း သတင်းဌာနကိုထုတ်ဝေခွင့်ဥပဒေချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ပိတ်သိမ်းကြောင်း ဒီကနေ့ စက်တင်ဘာ ၃ရက်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေကြေညာလာပါတယ်။
ကန္တာရဝတီတိုင်း(မ်)သတင်းဌာနဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်အတွင်းက တိုက်ပွဲသတင်းတွေနဲ့ ဒေသခံတွေ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို အစဥ်တစိုက်ဖော်ပြပေးနေတဲ့ သတင်းဌာနတစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိစစ်ကောင်စီက ရုပ်သိမ်းကြောင်း ကြေညာလိုက်တဲ့ ထုတ်ဝေခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလကတည်းက ထုတ်ဝေခွင့်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး သက်တမ်းထပ်တိုးထားတာလည်းမရှိဘူးလို့ ကန္တာရဝတီတိုင်းသတင်းဌာနကလည်း ဒီကနေ့ စက်တင်ဘာ၃ရက်မှာပဲ ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်း စတင်တည်ထောင်လာတဲ့ ကန္တာရဝတီတိုင်း(မ်)သတင်းဌာနဟာ နယ်စပ်ဒေသမှာအခြေစိုက်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ကရင်နီပြည်နယ်အတွင်း ဝင်ရောက်အခြေစိုက်ပြီး ဦးသိန်းစိန်လက်ထက်မှာပြန်ကြားရေးဝန်ကြီးဌာနမှာထုတ်ဝေခွင့် အသိအမှတ်ပြုလျှောက်ထားခဲ့တာဖြစ်တယ်လို့ သတင်းဌာနကဖော်ပြထားပါတယ်။
ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သတင်းဌာနတွေကို ဆက်တိုက်ပိတ်သိမ်းခဲ့သလို ယခုအခါ စစ်ကောင်စီက ထုတ်၀ေခွင့်ပိတ်သိမ်းထားတဲ့ သတင်းဌာန ၁၀ခုထက်မနည်းရှိပြီး သတင်းသမားကိုလည်း ဖမ်းဆီးထောင်ချခဲ့ပြီးလက်ရှိအချိန်ထိသတင်းသမား ၇၀ ဝန်းကျင်ဟာလည်း အကျဥ်းထောင်တွေထဲမှာဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်သိမ်းထားပေမဲ့ သတင်းဌာနအများစုဟာ ဆက်လက်လည်ပတ်နေတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MWD (ပုံဟောင်း)
လာမယ့်ရက်ပိုင်းအတွင်းမှာ ရုရှားကဆီသင်္ဘောတွေရောက်လာတော့မှာဖြစ်လို့ စျေးကွက်ထဲမှာ စက်သုံးဆီစျေးနှုန်းတွေကျဆင်းသွားမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကလည်း ဆီသိုလှောင်ကန်တွေမှာလလယ်လောက်အထိ စက်သုံးဆီအလုံအလောက်ရှိတယ်လို့ ပြောခဲ့ပြီးနောက်ပိုင်းမှာ စက်သုံးဆီ စျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်ခဲ့ပြီး သြဂုတ်လထဲမှတော့ နေ့စဥ်စျေးမတက်တဲ့နေ့မရှိသလောက်ဖြစ်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ပဲ ရုရှားက စက်သုံးဆီ တန်ချိန် သုံးသောင်းလောက်ရောက်လာဖို့ရှိတာကြောင့် စက်သုံးဆီစျေးနှုန်းတွေကျဆင်းမယ်လို့ဆိုပါတယ်။ ‘’စက်သုံးဆီစျေးကို ထိန်းညှိဖို့လုပ်ဆောင်နေတယ်။ ဒေါ်လာသန်း ၂၀၀ ကိုလည်း အဓိက ဦးစားပေး အဲဒီကဏ္ဍမှာဆောင်ရွက်နိုင်ရေးလုပ်ဆောင်နေတယ်။
ရက်ပိုင်းအတွင်းမှာပဲ စက်သုံးဆီတန်ချိန်သုံးသောင်းလောက်ရောက်ဖို့ရှိနေပြီး နောက်ထပ်လည်းရေရှည်ရဖို့ဆောင်ရွက်ထားပြီးဖြစ်တယ်။ အခုလက်ရှိပေါက်စျေးထက်ချိုသာတဲ့စျေးနဲ့ရထားပါတယ်။ စက်သုံးဆီစျေးနှုန်းတွေအတိုင်းအတာတစ်ခုထိကျဆင်းသွားနိုင်တဲ့အနေအထားရှိပါတယ်’’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ ရန်ကုန်စက်သုံးဆီစျေးကွက်မှာတော့ ၉၂ အောက်တိန်းတစ်လီတာ၂၃၉၅ ကျပ်အထိဖြစ်နေပြီး ရက်ပိုင်းအတွင်းတစ်ရာကျော်ပြန်တက်လာတာကိုတွေ့ရပါတယ်။
မန္တလေးသပိတ်အဖွဲ့ဝင် သုံးဦးကို စစ်ကောင်စီက ထောင်သုံးနှစ်စီချ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးမြို့က စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့မြေပြင်သပိတ်တွေမှာပါဝင်တဲ့မဂျာဆိုင်းအောင်အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှာ စက်တင်ဘာ ၁ ရက်နေ့က ထောင်သုံးနှစ်စီချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။
မန္တလေးမြို့က ဖမ်းဆီးခံရတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်အင်အားစုတွေထဲကအယောက် ၂၀ ဝန်းကျင်ကို ထောင်သုံးနှစ်စီချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းဝိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံရေးအမှုတွေကို လိုက်ပေးတဲ့ဖမ်းဆီးခံရသူ ရှေ့နေတွေကို ရုံးထုတ်စစ်ဆေးတာတွေပါ ရှိတယ်လို့ ဆိုပါတယ်။
အလားတူ အဲဒီနေ့မှာပဲ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြလို့ဖမ်းဆီးခံထားရတဲ့ ကျောင်းဆရာမပါဝင်တဲ့ ၁၇ ယောက်အဖွဲ့ကို မန္တလေးပြည်ကြီးတံခွန်တရားရုံးမှာလည်း ထောင် ၃ နှစ်စီချလိုက်ပြီး အဲဒီထဲမှာ အသက်မပြည့်သူတွေလည်းပါတယ်လို့အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။
ဒီရက်ပိုင်းမှာတော့ မန္တလေးထောင်တွင်းတရားရုံးမှာဗီဒီယိုကွန်ဖရန့်နဲ့ ရုံးထုတ်စစ်ဆေးတာတွေများနေပြီး အမိန့်ချတာတွေကိုဆက်တိုက်လုပ်နေတယ်လို့လည်းအကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း သေဒဏ်ကိုထောင်တွင်းဆန့်ကျင်ဆန္ဒပြတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုတိုက်ပိတ်တာတွေလုပ်သလို တရားရုံးမထုတ်ဘဲ မျက်ကွယ်ထောင်ဒဏ်ချတာတွေနဲ့ဆက်တိုက်ဆိုသလိုလုပ်ခဲ့တဲ့အကြောင်း နိုင်ကျဥ်းအဖွဲ့တွေနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။
"အခုကဘာရှိလို့လဲမသိဘူး။ အိုးဘိုထောင်တွင်းတရားရုံးမှာ အမြန်အမိန့်ချနေတယ်။ ဗီဒီယိုကွန်ဖရန့်နဲ့ချတယ်။ တချို့အမှုတွေဆိုခံပြသက်သေတွေဘာမှမခေါ်ဘဲ အမိန့်ချပစ်တာ။ဒီရက်ပိုင်း ၅၀၅ အမှုတွေလိုက်ပေးလို့ အဖမ်းခံထားရတဲ့ ရှေ့နေတွေထဲက တချို့ကိုလည်း ရုံးထုတ်တာတွေရှိနေတယ်။ ရှေ့နေတွေထဲမှာဆိုရင် ဒေါ်ရူပါတို့ ဆရာဦးတင်ဝင်းအောင်တို့ပါတယ်’’ လို့ အကျဥ်းထောင်နဲ့ နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းက အိုးဘိုထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ နိုင်ငံရေးအမှုတွေကိုလိုက်ပေးတဲ့ရှေ့နေ ၅ယောက်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အဲဒီထဲကတချို့ကတော့ စစ်ကြောရေးမှာရှိနေသလို တချို့ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅၀၅ စတဲ့ပုဒ်မတွေနဲ့တရားစွဲဆိုခံထားရတယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။
မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်လို့ဖမ်းဆီးခံရတဲ့မြေပြင်သပိတ်အဖွဲ့ဝင်တွေလည်း ဆယ်နဲ့ ချီရှိနေပြီး အဲဒီထဲကတချို့ကတော့ နှစ်ဝက်လောက်ကြာတဲ့အထိမိသားစုဝင်တွေကအဆက်အသွယ်ရဘဲဖြစ်နေတယ်လို့ သပိတ်လှုပ်ရှားသူတွေကပြောပါတယ်။








