ဒီဇင်ဘာ ၆ ရက် ထိပ်တန်းသတင်းများ - ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ လွတ်လပ်စွာရောင်းချခွင့် ဘာသဘောဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စျေးကွက်အတွင်းမှာ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတာကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်တယ်လို့ ဗဟိုဘဏ်က မနေ့ဒီဇင်ဘာ ၅ ရက် က ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်ထုတ်ပြန်ချက်အရ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) စနစ်မှာသာအကျုံးဝင်ပြီး အဲဒီမှာ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်တဲ့အခါ ငွေလဲလှယ်နှုန်းကို သတ်မှတ်ပေးတာမရှိတော့တာလို့ နားလည်ရပါတယ်။ (Online Trading) မှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို အရင် ဗဟိုဘဏ်ရဲ့ တရားသေငွေလဲနှုန်းသတ်မှတ်ချက်နဲ့ ရောင်းဝယ်ရတဲ့စနစ်ကို ပယ်ဖျက်လိုက်တဲ့ သဘောလို့ စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။
'' ပို့ကုန်ရငွေ ကို ၅၀/၅၀ သတ်မှတ်ထားတယ်။ ၅၀ ကို တစ်ဒေါ်လာလဲနှုန်း ကျပ် ၂၁၀၀နဲ့ နောက် ၅၀ ကို Online Trading စနစ်ကသတ်မှတ်တဲ့ ဈေးနှုန်းနဲ့ ရောင်းဝယ်နေတာကို ဖြေလျှော့ပြီး ပြည်တွင်းငွေကြေးဈေးကွက် ပေါက်ဈေးအတိုင်း ရောင်းချဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ခွင့်ပြုတာပါ'' လို့ ပြည်တွင်းက နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရ လုပ်ငန်းရှင်တစ်ခုက ပြောပါတယ်။
ဗဟိုဘဏ်ညွှန်ကြားချက်အရ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရဘဏ်တွေအနေနဲ့ ပို့ကုန်၊သွင်းကုန်သမားတွေထဲက နိုင်ငံခြားငွေရောင်းချလိုသူ နဲ့ ဝယ်ယူလိုသူတွေကသတ်မှတ်တဲ့ ငွေလဲလှယ်နှုန်းအပေါ် မူတည်ပြီး လွတ်လပ်စွာဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
'' ဒါက ပို့ကုန်၊သွင်းကုန်သမားတွေအတွက် လုပ်တဲ့ (Online Trading) စနစ်မှာပဲ စျေးကွက် ပေါက်စျေးလို့ပြောတာပါ။ ကျန်တဲ့အပြင်မှာ ဝယ်တာရောင်းတာမျိုးမပါပါဘူး။ တခြားနိုင်ငံခြားဝင်ငွေတွေက ၂,၁၀၀ နဲ့ပဲ ဖြတ်နေမယ့်သဘောပါပဲ'' လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
အဲဒီလို ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပကို လွှဲပြောင်းရာမှာ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီက သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းပေးရမှာ ဖြစ်တယ်လို့လည်း ဗဟိုဘဏ်ကပြောပါတယ်။
နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရဘဏ်တွေနဲ့ ဖောက်သည်တွေကြား၊ ဖောက်သည်အချင်းချင်းကြား နိုင်ငံခြားငွေရောင်းဝယ်နိုင်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက် Online Trading အစီအစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဦးဆောင်ပြီး အခုနှစ် ဇွန် ၂၂ ရက်က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လောက်ကိုင်ဒကစအနီး က စစ်တပ်စခန်းကိုသိမ်းပိုက်ခဲ့တယ်လို့ MNDAA ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, The Kokang
လောက်ကိုင်မြို့ပြင်က စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) အနီးရှိ လေးမျက်နှာစေတီကုန်းကစစ်တပ်စခန်းကို ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) က ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား သုံးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ကိုးကန့်တပ်တရားဝင်ထုတ်ပြန်တဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ကိုးကန့်တပ်ဖွဲ့ဝင်တွေက လေးမျက်နှာစေတီကုန်းပေါ်ကနေ လောက်ကိုင်မြို့ကို အဝေးကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု တင်ထားတာကို တွေ့ရပါတယ်။
လေးမျက်နှာစေတီကုန်းတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ကိုးကန့်ဒေသမှာလည်း လောက်ကိုင် နဲ့ တာရွှေထန်တပ်စခန်းတွေကိုပဲ သိမ်းယူဖို့ကျန်တော့တယ်လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ပြောပါတယ်။
မြန်မာစစ်တပ် အနှစ် ၂၀ ကျော်ကြာ တပ်စွဲထိန်းချုပ်ထားနိုင်ခဲ့တဲ့ ကုန်းကြမ်းမြို့နယ်က အကြီးဆုံးတပ်စခန်းကို ကိုးကန့်တပ်က ငါးရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၂၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတစ်ရင်းလုံးအပါအဝင် တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေ စုစုပေါင်း အယောက် ၂၇၀ ကျော် လက်နက်ချခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
ကုန်းကြမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှာဖွေချေမှုန်းနေတယ်လို့ ကိုးကန့်တပ်က လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်ပြန်ထားပြီးနောက်မှာပဲ မနေ့ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်ကို ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ကြည်လမ်းခွဲမှာ ဖမ်းဆီးရရှိခဲ့ပြီး တပ်ခွဲမှူးတစ်ယောက်ကို ပစ်သတ်လိုက်တယ်လို့ ကိုးကန့်တပ်က ကြေညာထားပါတယ်။
ကျောက်မဲ၊မိုင်းလုံလေကြောင်းပစ်ခတ်မှု ဒေသခံသေဆုံးမှုရှိ၊ ဘေးလွတ်ရာထွက်ပြေးနေကြရ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် မိုင်းလုံမြို့မှာ ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီနဲ့ တအာင်းတပ် (TNLA) တို့ကြားက တိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းလုံက စစ်ကောင်စီတပ်စခန်းကို တအာင်းတပ် (PSLF/TNLA) ပူးပေါင်းတပ်တို့က ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်တပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
ဒါ့ကြောင့် လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးပြီး မိုင်းလုံဒေသခံအားလုံးနီးပါး ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖော်ပြနေကြပါတယ်။
သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ ၂၃) ကနေ ပစ်လိုက်တဲ့လက်နက်ကြီးတွေက သီပေါတောင်မြို့ဘက် ကိုကျရောက်ပြီး ထိခိုက်တာတွေရှိနိုင်တယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေအနေနဲ့ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေမှာ တိုက်ပွဲဖော်ဆောင်နေကြပြီး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာ ၅ ရက်နေ့တည်းက ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။








