ဇွန်လ ၁၇ ရက် ဘီဘီစီထိပ်တန်းရောက်သတင်းစုစည်းချက် - ထိုင်း-မြန်မာနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့ဆီကနေ ဘိန်းကီလို ၈၀ ကျော် သိမ်းဆည်းရမိ

ထိုင်း-မြန်မာနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့ဆီကနေ ဘိန်းကီလို ၈၀ ကျော် သိမ်းဆည်းရမိ

ဓာတ်ပုံ ရင်းမြစ်, Bangkok Post

ရေးသားခဲ့သည်။

လက်နက်ကိုင်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဘက်ထွက်ပြေး

မနေ့ သောကြာနေ့ ဇွန် ၁၆ ရက်တုန်းက ထိုင်း - မြန်မာနယ်စပ်က မယ်အိုက် (Mae Ai) ခရိုင်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေလဲလှယ်မယ့် ကီလိုဂရမ် ၈၀ ကျော်တဲ့ ဘိန်းတွေကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

ဖြစ်စဉ်ဟာထိုင်းစစ်တပ်ရဲ့ ဖာမောင်း (Pha Maung) တပ်ဖွဲ့က မနေ့မွန်းလွဲပိုင်းတုန်းက ကင်းလှည့်နေချိန် နယ်စပ်တကြောမှာရှိတဲ့ မယ်အိုက်၊ Pang Ton Due ကျေးရွာနားမှာ လွယ်အိတ်တွေလွယ်ထားတဲ့ သံသယဖြစ်ဖွယ် အမျိုးသား ၆ ယောက်ကို တွေ့ခဲ့ကြပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ လက်နက်ကိုင်ဆိုင်ထားသူတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲဝင်ရောက်သွားခဲ့တယ်လို့ ဖော်ပြထားသလို ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ပြောပါတယ်။

ပစ်ခတ်မှုပြီးတဲ့နောက် အခင်းဖြစ်ရာနေရာကို ထိုင်းအာဏာပိုင်တွေကသွားစစ်ဆေးချိန်မှာတော့ လွယ်အိတ် ၄ အိတ်ထဲကနေ ဘိန်းထုပ် ၅၁ ထုပ်တွေ့ရပြီး စုစုပေါင်းအလေးချိန် ကီလိုဂရမ် ၈၁.၆ ဂရမ်ရှိပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဇွန်လ ၁၅ ရက်နေ့တုန်းကလည်း ထိုင်း - မြန်မာနယ်စပ် ချင်းဒေါင် ( Chiang Dao) ခရိုင်မှာ ထိုင်းအာဏာပိုင်တွေက မြန်မာမူးယစ်မှောင်ခိုသမား ၂ ယောက်ကို စိတ်ကြွဆေးပြား ၃ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တဲ့ သိမ်ဇရပ်မြို့အရပ်သားနေအိမ် လက်နက်ကြီးကျရောက်မှု စစ်ကောင်စီ ငြင်းဆို

တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တဲ့ သိမ်ဇရပ်မြို့အရပ်သားနေအိမ် လက်နက်ကြီးကျရောက်မှု  စစ်ကောင်စီ ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, Social Media

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်မြို့မှာ ဇွန်လ ၁၆ ရက်နေ့ည ၁၁ ဝန်းကျင်က အမှတ်(၁)ရပ်ကွက် ၊ ရွာ‌လေးကျေးရွာမှာရှိတဲ့ အရပ်သားပြည်သူနေအိမ်တစ်လုံးကို လက်နက်ကြီးကျရောက်ထိမှန်ခဲ့လို့ အနည်းဆုံးတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ချိန် နေအိမ်အတွင်းမှာရှိတဲ့ မိသားစုဝင် ၃ ဉီး ထိခိုက်ဒဏ်ရရှိခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေရာမှာပင် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပြည်သူတွေထိတာဆိုတော့ မကြိက်ဘူး။ ဘယ်အဖွဲ့ က လုပ်မှန်းလည်း မသိဘူး။ သူတို့ရဲ့ အိမ်တည့် တည့်ကိုထိတာလို့ကြားတယ်။ မိသားစုဝင် ၃ ဉီးထိသွားတာ။ အမျိုးသမီးကတော့ ဆီးခုံကို ထိပြီး ဆုံးသွားတယ် “ လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ်၊ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးတိုးဝင်းကို ဘီဘီစီက မေးကြည့်တော့

“ကျွန်တော်တို့ တပ်က ပစ်စရာအကြောင်းမရှိဘူး။ အဲဒါတွေက သိမ်ဇရပ်မြို့အနားမှာ လာြဖစ်တာ။ သူတို့က စစ်ယာဉ်တန်းသွားတိုင်း ဟိုဘက်ကနေ ထုနေကျ။ အကြမ်းဖက်အဖွဲ့က အမြဲတမ်း ချောင်းချောင်း ပစ်နေတာရှိတယ်လေ။ တပ်ကလိုက်ရှင်းတဲ့ အခါကျ‌တော့ သူတို့က လက်နက်ကြီးနဲ့ လိုက်ထုတဲ့အခါရှိတယ်။ အဲဒါကြောင့် ဖြစ်တာပါ” လို့ ပြောပါတယ်။

ဒါကြောင့် သထုံခရိုင် ကေအန်ယူတပ်မဟာ (၁) က မိတ်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကို ဘီဘီစီကမေးမြန်းကြည့်ရာမှာ‌တော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတိအကျမသိရှိရသေးဘူးလို့ ပြောပါတယ်။

အရပ်သားထိခိုက်မှုနဲ့ ပတ်သက်လို့ သိမ်ဇရပ်လူမှုကူညီရေးအဖွဲ့တွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။

ကလေးဝ၊ စခန်းကြီးရွာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လက်နက်တွေသိမ်းဆည်းခဲ့တယ်လို့ NUG ပြော

ကလေးဝ၊ စခန်းကြီးရွာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လက်နက်တွေသိမ်းဆည်းခဲ့တယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, NUG

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မနေ့ ဇွန်လ ၁၆ ရက် မနက်ပိုင်းတုန်းက စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စခန်းကြီးရွာအနီးကို ဖြတ်သန်းသွားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ စစ်ကြောင်းကို PDF ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ NUG ဘက်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ ကလေးဝမြို့နယ်ကနေ မင်းကင်းမြို့နယ်ကို ယာကြီးလမ်းအတိုင်း လူ၊ လက်နက်၊ ရိက္ခာပို့ဖို့ Faw ကား ၃ စီးအပါအဝင် ခမရ - ၃၆၂ (ကျီကုန်းအခြေစိုက်) ရဲနဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အင်အား အယောက် ၁၃၀ ပါဝင်တယ်လို့ ပြောပါတယ်။

ဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF ကလေးခရိုင်၊ အမှတ် ၉ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်း Faw ကား ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့သလို MA 11 ၂ လက်၊ G 3 ၂ လက်အပါအဝင် တာဝေးစိန်ပြောင်း၊ လက်ပစ်ဗုံး၊ ကျည်ဆံနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တာလို့ NUG က ဖော်ပြပါတယ်။

ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က ‌ထိခိုက်သေဆုံးမှုစာရင်းကို စိစစ်နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီကလေးဝမြို့နယ်ကဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာမတွေ့ရသေးသလို စစ်ကောင်စီသတင်းတွေဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီဖြစ်စဉ်အကြောင်း ဖော်ပြတာမတွေ့ရသေးပါဘူး။

မယ်စဲ့မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲ

မနေ့ မိုးဗြဲမြို့တွင်းတိုက်ပွဲပြီးနောက် မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MBPDF- ရွှေလင်းယုန်တပ်ခွဲ

ကယား (ကရင်နီ) ပြည်နယ်၊ ဘော်လခဲခရိုင်ထဲက မယ်စဲ့မြို့မှာ ဒီရက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းအဖွဲ့အကြား နှစ်ဖက်တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ ဇွန် ၁၇ ရက်အထိ တိုက်ပွဲဖြစ်နေဆဲလို့ ‌ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီက သိရပါတယ်။

"ကရင်နီနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ မယ်စဲ့မြို့နယ်ထဲမှာက အခုမှ တိုက်ပွဲပြန်စဖြစ်တာပေါ့လေ။ စခန်းသိမ်းတိုက်ပွဲပြန်စတာဖြစ်ပါတယ်။ လတ်တလောမှာတော့ တိုက်ပွဲက ပြင်းထန်နေလို့ အသေးစိတ်တော့ မပြောနိုင်သေးဘူး" လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မယ်စဲ့တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီဟာ ‌တောတောင်တွေထဲသာမက တဖက် ထိုင်းနိုင်ငံထဲကိုပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မယ်စဲ့နဲ့ ထိစပ်နေတဲ့ ဖားဆောင်းမြို့နယ်ဘက်မှာလည်း မနေ့ ဇွန်လ ၁၆ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ စဖြစ်နေတယ်လို့ ဖားဆောင်း PDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဖားဆောင်းသံလွင်အရှေ့ဘက်ခြမ်းကို ပြည်သူတွေမသွားလာဖို့လည်း ပြောပါတယ်။

မိုးဗြဲမြို့တွင်းအခြေအနေကတော့ ဒီကနေ့မှာ တိုက်ပွဲငြိမ်သက်နေပြီး မနေ့ကတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မိုးဗြဲကာကွယ်ရေးအဖွဲ့တွေဘက်က ၇‌ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Mobye PDF Rescue Team ဆီက သိရပါတယ်။

ကရင်နီဒေသမှာ အခု ၂၀၂၃ ခုနှစ်အစပိုင်းကစလို့ အဆိုးရွားဆုံးအနေနနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၊ ဖယ်ခုံ - ပင်လောင်းအစပ်၊ မိုးဗြဲမြို့ပေါ်တွေမှာသာမက အခုဆို ဘော်လခဲခရိုင်ထဲက မြို့နယ်တွေမှာပါ တိုက်ပွဲတွေ ထပ်ပြင်းထန်လာတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်မှာပဲ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးအဖွဲ့ IEC ဖွဲ့စည်းပြီးနောက် စစ်ရေးနောက်တဆင့်မြှင့်မယ်လို့ KNDF က တရားဝင်ပြောထားခဲ့သလို တဖက် စစ်ကောင်စီဘက်ကလည်း စစ်အင်အားတိုးချဲ့လာတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ကရင်နီဒေသထဲက တိုက်ပွဲတွေအကြောင်း ဒီကနေ့ ဇွန်လ ၁၇ ရက် ညနေပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ညောင်ပင်ကြီးကျေးရွာအုပ်စုတွင်း ကိုးရက်ဆက်တိုက်မီးရှို့ခံရ

ညောင်ပင်ကြီးကျေးရွာအုပ်စုတွင်း ကိုးရက်ဆက်တိုက်မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း

စစ်ကောင်စီအင်အားရာနဲ့ချီဝင်ရောက်စီးနင်းတာခံနေရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာကို ဒီကနေ့ ဇွန်လ ၁၇ ရက်မနက်ပိုင်းမှာ မီးရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ နေ့စဉ်လိုလို ကျေးရွာထဲ မီးရှို့ခံနေရတာ ဒီကနေ့နဲ့ဆိုရင် ၉ ရက်တိတိကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

"ဒီကနေ့ မနက် ၈ နာရီကျော် ၉ နာရီလောက်ထဲက မီးခိုးလုံးတွေ ရွာ‌ထဲက တက်လာတာ။ မီးခိုးလုံးက များတယ်။ ရွာနားမကပ်နိုင်သေးတော့ ဘယ်နားအရှို့ခံရလဲသေချာမသိဘူး။ ကျောက်မျက်တောင်ပေါ်ကနေတော့ ထနောင်းကုန်းရွာဘက်ကို စစ်ကြောင်းတကြောင်း ထပ်ထွက်လာတာလည်းရှိတယ်" လို့ ဆားလင်းကြီးဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ဒီကနေ့ နေ့လယ် ၁၁ နာရီအချိန်မှာ ညောင်ပင်ကြီးရွာရဲ့ ငွေဇင်ယော်ကူးတို့ဆိပ်ကို စစ်ကောင်စီတပ်တွေက မီးရှို့နေတယ်လို့ ဖော်ပြထားသလို ဒေသခံအချို့ရဲ့ အပြောအရ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲက သာဂရရွာလည်း အရှို့ခံနေရတယ်လို့ ပြောပါတယ်။

အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာအပြင် ညောင်ပင်ကြီးကျေးရွာရဲ့ ‌မြောက်ဘက်ခြမ်းမှာပါ အရပ်သားတွေကျန်ရှိနေသေးတာကြောင့် လတ်တလော တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့ မြေပြင်မှာရှိနေသူတွေဆီကသိရပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ညောင်ပင်ကြီးရွာဟာ တိုက်နယ်အဆင့်ရှိပြီး အခုစစ်ကြောင်းထိုးခံရတာကြောင့် ‌စစ်ရှောင်သောင်းနဲ့ချီရှိလာကာ ‌လာမယ့်ရက်ပိုင်းအတွင်း ဆန်ဆီစားနပ်ရိက္ခာ ပြတ်တောက်နိုင်ခြေရှိတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဆားလင်းကြီး ဒေသကာကွယ်‌ရေးအဖွဲ့ဝင်တစ်ဦး စစ်ကောင်စီက ဖမ်းဆီးတာခံခဲ့ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကစလို့ ဆားလင်းကြီး ဘက်ကို စစ်ကောင်စီ တပ်တွေ စစ်အင်အားတိုးချဲ့တာတွေ ပြုလုပ်လာသလို ကျေးရွာတွေကို စီးနင်းဝင်ရောက် စစ်ဆေးမေးမြန်းတာတွေလည်းဆက်တိုက်ရှိနေခဲ့ပြီး အခုလို ဆက်တိုက်မီးရှို့တာတွေ ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီစစ်ကြောင်းထိုးတာနဲ့ ပတ်သက်လို့ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

မုန်တိုင်းတိုက်ခတ်ပြီး တစ်လကြာအထိ ရခိုင်ပြည်နယ်မှာ အရေးပေါ်အကူအညီ ၇၀ ရာခိုင်နှုန်းလိုအပ်နေဆဲ

မုန်တိုင်းတိုက်ခတ်ပြီး တစ်လကြာအထိ ရခိုင်ပြည်နယ်မှာ အရေးပေါ်အကူအညီ ၇၀ ရာခိုင်နှုန်းလိုအပ်နေဆဲ

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ဟာ အရေးပေါ်ကူအညီတွေ လိုအပ်နေပြီး လက်ရှိမှာတော့ အကူအညီ ၃၀ ရာခိုင်နှုန်း အကူအညီတွေ ရရှိထားပြီး နောက်ထပ် ၇၀ ရာခိုင်နှုန်း ထပ်မံလိုအပ်နေဆဲဖြစ်တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

မိုခါတစ်လပြည့် ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ စာရင်းတွေအရတော့ ရခိုင်ပြည်နယ်ရဲ့ ကျေးရွာပေါင်း နှစ်ထောင်ကျော် နဲ့ အိမ်ခြေ နှစ်သိန်းရှစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် ထိခိုက်သေဆုံးသူဉီးရေက ၁၆၄ ဦး ရှိခဲ့ပြီး ကျွဲနွားတိရစ္ဆာန် အကောင်ရေ တစ်သောင်းနီးပါး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စာသင်ကျောင်းပေါင်း ၂ ထောင်ကျော် နဲ့ ဘာသာရေးအဆောက်အအုံပေါင်း ၁၉၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် ဆေးရုံဆေးခန်းပေါင်း ၅၅ ခုနဲ့ ကျန်းမာရေးအဆောက်အအုံ ၁၃၉ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အရေးပေါ်လိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာ ၊ အမိုးအကာ ၊ သောက်သုံးရေအပြင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါး၊ စိုက်ပျိုးမွေးမြူရေးအသက်မွေးဝမ်းကြောင်းအတွက် မျိုးစေ့နဲ့ ငွေသား အကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ဉီးလှသိန်းကတော့ ရခိုင်ပြည်နယ်ဟာ မုန်တိုင်းဘေးပြန်လည်ထူထောင်ရေးမှာ မူလအခြေအနေနီးပါးပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ မိုခါမုန်တိုင်တိုက်ခတ်ပြီးတစ်လပြည့်တဲ့နေ့မှာ CNI သတင်းဌာနကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာလည်း မိုခါတစ်လပြည့်ကာလမှာ ရခိုင်ပြည်နယ်ကိုရောက်ရှိနေပြီး ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုကြောင့် စစ်တွေအပါအဝင် မုန်တိုင်းထိခိုက်ခဲ့တဲ့မြို့နယ်တွေမှာ တစ်လအတွင်း မြင်သာထင်သာတဲ့ တိုးတက်မှုတွေ တွေ့ရှိရတယ်လို့ ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကတော့ မိုခါဒဏ်သင့်ပြည်သူတွေကို အကူအညီပေးရေးခရီးစဥ်တွေ ကန့်သတ်ခံထားရတာကို ဖြေလျှော့ခွင့်ပြုဖို့ စစ်ကောင်စီကို ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုထားပါတယ်။

အိန္ဒိယနိုင်ငံအတွင်းက နိုင်ငံရေးရာတွေမှာ စစ်ရှောင်မြန်မာနိုင်ငံသားတွေ မပါဝင်ဖို့ NUG အသိပေး

အိန္ဒိယရောက် မြန်မာစစ်ရှောင်မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် မြန်မာ့လူမှုအဖွဲ့အစည်းတွေအနေနဲ့ လေးစားလိုက်နာရမယ့် အချက် ၅ ချက်ကို NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အသိပေးထုတ်ပြန်လာပါတယ်။

အိန္ဒိယရဲ့ အချက်အခြာအာဏာနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိပါးစေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ဖို့၊ မိမိတို့ခိုလှုံနေတဲ့ ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ အရေးတွေမှာ မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုတွေ မရှိစေဖို့၊ မူးယစ်ဆေးနဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်သယ်တာအပြင် အဲဒီ ကိစ္စတွေမှာ မပါဝင်ဖို့၊ မိမိနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေက ဒေသခံတွေနဲ့ သင့်တင့်အောင်နေပြီး ထုတ်ပြန်ထားတဲ့ လူမှုရေး၊ ဘာသာရေးစည်းကမ်းတွေကို လိုက်နာပေးကြဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဒ့ါအပြင် လူမှုရေးအခက်အခဲတွေကြုံလာရရင် အနီးစပ်ဆုံး မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေတာဝန်ရှိသူတွေကို အသိပေးတိုင်ပင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့လည်း ပြောပါတယ်။

"အထူးသဖြင့် မဏိပူရ်ပြည်နယ်မှာရှိနေတဲ့ လူမျိုး အုပ်စု ၂ စုကြားက ပဋိပက္ခတွေမှာ မြန်မာပြည်သားတွေမပါဝင်ဖို့ အဓိကသတိပေးပုံရပါတယ်။ အဲဒီပဋိပက္ခဖြစ်တဲ့ဒေသမှာ ခိုလှုံနေတဲ့ မြန်မာပြည်သားက ၅၀၀၀ ဝန်းကျင်လောက်တောင် ရှိပါတယ်။ အခုလို အသိပေးချက်ထုတ်တာကကောင်းပါတယ်။ တခုက ပိုပြီး စစ်ဘေးရှောင်တွေလက်လှမ်းမီ နိုင်အောင် လုပ်ပေးဖို့တော့ လိုအပ်ပါတယ်" လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ဘီဘီစီကို ပြောပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေရော လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခုအသိပေးမေတ္တာရပ်ခံချက်ကို မိမိနဲ့ ဆက်စပ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ အသိုက်အဝန်းတွေကို ထပ်ဆင့် အသိပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံထဲကို ချင်း၊ စစ်ကိုင်းနဲ့ မကွေးဘက်က စစ်ဘေးရှောင် သောင်းနဲ့ချီ စစ်ရှောင်ခိုလှုံနေကြတယ်လို့လည်း ကူညီပေးသူတွေဆီက သိရပါတယ်။

နေပြည်တော်မှာ လက်ပစ်ဗုံး ပစ်ခတ်ခဲ့သူတွေကို နာရီပိုင်းအတွင်း ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

နေပြည်တော်မှာ လက်ပစ်ဗုံး ပစ်ခတ်ခဲ့သူတွေကို နာရီပိုင်းအတွင်း ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, CJ

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းမှာဖြစ်ခဲ့တဲ့ နေပြည်တော်၊ လယ်ဝေးမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့သူတွေအပါအဝင် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်းက MCC II ဂိတ်ဝင်ပေါက်ကို ပစ်ခတ်ခဲ့သူတွေကို ၁၀ နာရီအတွင်း ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေထဲက ကိုသက်နိုင်နဲ့ အငှားယာဉ်မောင်း ကိုရန်နိုင်ထွန်း တို့ကို ဇွန်လ ၁၃ ရက်‌နေ့မှာပဲ ပျဉ်းမနားမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်မှာ ဖမ်းဆီးပြီးနောက် လိပ်သိုမြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကိုရဲနိုင်နဲ့ အငှားယာဉ်မောင်း အိုင်ဖော့ (ခ) ရန်နိုင်ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။

နေပြည်တော်မှာ စစ်ကောင်စီက ဖောက်ခွဲသူတွေကို ဖမ်းမိဖို့ ကြိုးစားနေတာကြောင့်ကယားပြည်နယ်ထဲကို ထွက်ပြေးဖို့ လုပ်နေချိန် ဖမ်းဆီးဖော်ထုတ်ခဲ့တာလို့လည်း ‌ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နေပြည်တော်မှာ ကြုံရာကျပန်းလုပ်သူတွေဖြစ်ပြီး စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ကနေ ဖောက်ခွဲမှုတွေလုပ်ဖို့ ငွေကြေးထောက်ပံ့ပေးခဲ့တာလို့ ပြောပါတယ်။

စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ဘက်ကတော့ စစ်ကောင်စီရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ဒီကနေ့ ဇွန်လ ၁၇ ရက်မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။