ဇူလိုင် ၁၂ ရက်သတင်းများအနှစ်ချုပ် - ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားရှိတယ်လို့ နေပြည်တော်က အာဆီယံကိုပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

အသိပေးပြင်ဆင်ချက် - ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားချက်နဲ့ပတ်သက်လို့ ပိုမိုတိကျစေဖို့ ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ထပ်မံအတည်ပြုမေးမြန်းခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက် အတိအကျစကားလုံးအတိုင်း သတင်းကို ပြန်လည်ပြင်ဆင်ထားပါတယ်။

နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ထားတယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်ပြီး စောင့်ရှောက်ထားတယ်လို့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားကြောင်း အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာထရီဇာ လာဇာရိုက ပြောလာပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံချိန်မှာ ဦးတင်မောင်ဆွေက အခုလိုပြောသွားတာလို့ အာဆီယံအထူးသံက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်နဲ့အတူ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

"မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ စကားကို ကျွန်မ မှတ်မိသလောက်တော့၊ သူကျန်းမာရေးကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် 'ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေမျိုးတစ်ယောက်၊ အစ်မတစ်ယောက်လို ဖြစ်တဲ့အတွက် ကျွန်တော်တို့က သူ့ကို စောင့်ရှောက်သွားမှာပါ' ဆိုတာမျိုးလည်း ပြောခဲ့တယ်" လို့ လာဇရိုက သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆတ်ကတော့ ''ကျွန်တော်တို့ ဘက်ကတော့ အာဆီယံ အထူးသံတမန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ပြောခဲ့တာရှိပါတယ်။ ဒါဆိုရင်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးပြောသွားတာတွေကို ကျွန်တော်တို့လည်း အတည်ပြုနိုင်မှာပေါ့လေ။ ဒါပေမဲ့ တစ်ခုကောင်းတာက မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်မှုတွေ ပေးနေပါတယ်ဆိုတဲ့အကြောင်းကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရှေ့မှာ သေချာအောင် ပြောသွားတာတော့ရှိတာပေါ့။''

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံပွဲမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကလည်း အရေးပါတဲ့အကြောင်း ထပ်လောင်းပြောကြားခဲ့တယ်လို့ အာဆီယံအထူးသံက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မြန်မာဇာတ်ကားက ချက်နိုင်ငံကရုပ်ရှင်ပွဲတော်မှာအမြင့်ဆုံးဆုရ

မြန်မာဒါရိုက်တာအောင်ဖြိုးရိုက်ကူးထားတဲ့ သစ်သီးခူး (Fruit Gathering) ဇာတ်ကားဟာ ချက်သမ္မတနိုင်ငံမှာပြုလုပ်တဲ့ Karlovy Vary နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုကို ရရှိခဲ့ပါတယ်။

Karlovy Vary နိုင်ငံတကာရုပ်ရှင်ပွဲတော်ဟာ ကမ္ဘာပေါ်မှာရှေးအကျဆုံးပွဲဖြစ်သလို ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ဂုဏ်သိက္ခာရှိတဲ့ပွဲလည်းဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ဆုကြေးနဲ့အမြင့်ဆုံးဆုရခဲ့တဲ့ သစ်သီးခူးဇာတ်ကားဟာ ကျေးလက်ကနေအိမ်တွေကို စွန့်ခွာပြီး မြို့ပြအထည်ချုပ်စက်ရုံမှာဝင်ရောက်လုပ်ကိုင်ရင်း အခက်အခဲတွေကြား ခင်မင်မှုကတဆင့်အစတည်လာတဲ့ အမျိုးသမီးနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ဖော်ညွှန်းပြသထားတာပါ။

ဒါရိုက်တာအောင်ဖြိုးရဲ့ ပထမဆုံး ဇာတ်ကားရှည်ဖြစ်ပြီး အကြိမ် ၆၀ မြောက် Karlovy Vary နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့Crystal Globe Competition မှာပါဝင်ပြသရင်း ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေအကြောင်းပိုပြီးနားလည်ချင်မိတယ်။ ဒါတွေကိုလည်း ပိုပြီးသိစေချင်တယ်" လို့ ပွဲတော်ကာလ အင်တာဗျူးတခုမှာ ဇာတ်ကားရိုက်ကူးဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဒါရိုက်တာအောင်ဖြိုးက ပြောခဲ့ပါတယ်။

ဒါဟာ Karlovy Vary နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကားကအမြင့်ဆုံးဆုကို ပထမဆုံး အကြိမ်ရရှိတာလည်းဖြစ်ပါတယ်။

သစ်သီးခူးရုပ်ရှင်ကားကို အရှေ့တောင်အာရှ နိုင်ငံတွေမှာ လွတ်လပ်တဲ့ (Independent) ရုပ်ရှင်လောက ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်လုပ်ဆောင်ပေးတဲ့ ထိုင်းနိုင်ငံအခြေစိုက် Purin Pictures ကနေ ရိုက်ကူးရေးအတွက်ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ Purin ဘက်က ထုတ်ပြောထားပါတယ်။

ဘားအံမြို့က DKBA ရုံးခန်းဖွင့်ပွဲကို စစ်တပ်နဲ့ BGF အရာရှိကြီးတွေ တက်ရောက်

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ရဲ့ဆက်ဆံရေး ရုံးသစ်ဖွင့်ပွဲကို ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး DKBA ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် မြန်မာစစ်တပ်၊ BGF နဲ့ KNU/ PC ကအရာရှိကြီးတွေပါ တက်ရောက်ခဲ့ပါတယ်။

DKBA လှုပ်ရှားနယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ပိုင်း၊ ထိုင်း -မြန်မာ နယ်စပ် မင်းလက်ပံဒေသမှာ စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ DKBA က ပြည်နယ်မြို့တော် ဘားအံမှာ ဆက်ဆံရေးရုံး ဖွင့်ပွဲပြုလုပ်ခဲ့တာပါ။

တဖက်မှာလည်း DKBA ရဲ့ဆက်ဆံရေးရုံးဖွင့်ပွဲကို ကရင်လက်နက်ကိုင်တွေထဲ KNU က လွဲလို့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံး တက်ရောက်တာကိုလည်း တွေ့ရပါတယ်။

"မင်းလက်ပံက ကာကင်းစခန်းနေရာတခုကို KNU ဘက်က ပြန်ဆုတ်ပေးထားရတယ်။ မြေပြင် သာလွန်အင်အားထက် လေကြောင်းအလွန်အကျွံသုံးတယ်'' မင်းလက်ပံစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းဆီ လက်နက်ကြီးနဲ့ကျည်တွေ ကျရောက်တဲ့အထိ ပြင်းထန်တဲ့ နယ်စပ်က အခုစစ်ပွဲမှာ စစ်တပ်က လေကြောင်းအားပြု တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်တွေနဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုတိုက်ပွဲမှာ DKBA ဘက်က မြေပြင်မှာ တိုက်ခိုက်ခိုက်ရေး မဟုတ်ဘဲ စစ်တပ်နဲ့ ပူးပေါင်း တာမျိုးလည်း ရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပေမဲ့ ဘီဘီစီ အနေနဲ့သီးခြား အတည်မပြုနိုင်ပါဘူး။

ဘားအံမှာ ဒီနေ့လုပ်တဲ့ ဆက်ဆံရေးရုံး ဖွင့်ပွဲကိုတော့ အခုနှစ်စမှ တာဝန်ပြောင်းယူလိုက်တဲ့ DKBA ရဲ့ စစ်ဦးစီးချုပ်အသစ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝ ၊ စစ်ဦးစီး အရာရှိချုပ် စောဆန်းအောင်တို့အပါအဝင် ခေါင်းဆောင်ပိုင်းတွေ ပွဲတက်လာပါတယ်။

ဒါအပြင် နေပြည်တော်အစိုးရရဲ့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းတက်ရောက်လည်း တက်ရောက်မိန့်ခွန်းပြောတာတွေ့ရပါတယ်။

"ဆက်ဆံရေးရုံးဖွင့်တာဟာ နောင်တချိန်သွားမယ့်လမ်းကြောင်းပေါ်အထောက်အကူပြုမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်" လို့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောပါတယ်။

ဒါအပြင် ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုံကလည်း "ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပုံစံနဲ့ တွေ့ဆုံပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်ရင် ကောင်းတဲ့ရလဒ်ရနိုင်တယ်" လို့ မိန့်ခွန်းပြောပါတယ်။

ဒီပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ရဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယစစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး နော်ကဘောထူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ‌‌ဟောင်း ပဒိုစောရွှေမောင်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အထူးသဖြင့် DKBA နဲ့ BGF အဖွဲ့တို့ဟာ ကရင်ပြည်နယ် ထိုင်း - မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ် လုပ်ငန်း (ကျားဖြန့်) တွေနဲ့ဆက်စပ်နေတယ်လို့ဆိုကာ နိုင်ငံတကာကပစ်မှတ်ထားအရေးယူမယ့် စာရင်းထဲပါဝင်နေပါတယ်။ မနှစ် နှစ်ကုန်ပိုင်းမှာပဲ DKBA ခေါင်းဆောင်လေးဦးဖြစ်တဲ့ စောစတီးလ်၊ စောစိန်ဝင်း၊ စောဆန်းအောင်နဲ့ စိုင်းကျော်လှတို့ကို အမေရိကန်ကနာမည်ပျက်စာရင်းသွင်းကာ အရေးယူဒဏ်ခတ်ခဲ့ပါတယ်။

မြန်မာ့အရေး ဘန်ကောက်အလွတ်သဘောတွေ့ဆုံပွဲစပြီ

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဦးစီးပြီး ထိုင်းနိုင်ငံကလက်ခံကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ဒီနေ့ နေ့လယ်ပိုင်းမှာစတင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲကို နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့အဖွဲ့ တက်ရောက်ဆွေးနွေး နေတာကိုတွေ့ရပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမစတင်ခင် မနေ့ ဇူလိုင် ၁၁ ရက်မှာတော့ အိမ်ရှင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်နဲ့ ဦးတင်မောင်ဆွေတို့ ကနဦးတွေ့ဆုံခဲ့ကြပြီး မြန်မာကငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု တွေကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းဘက်ကထုတ်ပြန်လာတာပါ။

နှစ်နိုင်ငံချစ်ကြည်ရေးဆက်လက်ဆောင်ရွက်ဖို့နဲ့ နယ်စပ်လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်အရေးနဲ့ မြစ်ရေညစ်ညမ်းမှုဆိုင်ရာတို့ကို မနေ့ကဆွေးနွေးခဲ့ကြပါတယ်။

လာမယ့်တစ်ပတ်အတွင်း မုတ်သုံလေအားကောင်းပြီး မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်လို့ ဒီနေ့ကစလို့ ဇူလိုင် ၁၈ ရက်အထိ တစ်ပတ်အတွင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သံလွင်၊ ဘီးလင်းနဲ့ စစ်တောင်း၊ ချင်းတွင်းနဲ့ သောင်ရင်းမြစ်ရေတွေ မြင့်တက်နေတယ်လို့ ပြောနေချိန်မှာပဲ တစ်ပတ်အတွင်း မိုးများမယ်လို့ မိုးဇလက ဒီနေ့ မနက်ပိုင်း ထုတ်ပြန်လာတာပါ။

မုတ်သုံလေ အားကောင်းလာနိုင်လို့ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်အပါအဝင် ရှမ်းမြောက်နဲ့ ရှမ်းအရှေ့ပိုင်းတို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

မိုးသည်းတာနဲ့အတူ လေပြင်းတိုက်၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်နိုင်လို့ ကုန်းမြင့်ဒေသအနီးမှာနေသူတွေက မြေပြိုမှု အန္တရာယ်သတိရှိဖို့နဲ့ မြစ်ငယ်ချောင်းငယ်အနီးနေသူတွေ ရေကြီးရေလျှံမှုတွေကို ကြိုသတိထားဖို့လည်း တိုက်တွန်းပါတယ်။

မိုးဇလကတော့ လက်ရှိမှာ သံလွင်၊ ဘီးလင်းနဲ့ စစ်တောင်းမြစ်ရေတို့ စိုးရိမ်ရေအမှတ်အထက်ကိုရောက်ရှိနေပြီး ချင်းတွင်းနဲ့ သောင်းရင်းမြစ်ရေတွေကတော့ လာမယ့်နာရီပိုင်းအတွင်း စိုးရိမ်ရေအမှတ်ကို ရောက်လာနိုင်တယ်လို့ မြစ်ရေအခြေအနေကို ပြောပါတယ်။

"မြဝတီမြို့ပေါ်ရပ်ကွက်တွေအထိတော့ ရေမဝင်သေးဘူး၊ ဒါပေမဲ့ သောင်းရင်းမြစ်ရေတက်တာက အပေါ်ပိုင်းကို ရောက်လာတယ်။ မိုးကလည်း ဆက်တိုက်ရွာနေတယ်၊ ညနေလောက်မှ အခြေအနေ ဆက်ကြည့်ရမယ်" လို့ မြဝတီမြို့မှာကူညီရေးလုပ်ပေးနေသူတဦးက ပြောပါတယ်။

ဘီးလင်းမြစ်ရေအခြေအနေကတော့ ဘီးလင်းမြို့နယ်အတွင်း မြစ်ကမ်းဘေးကျေးရွာ ၂၀ နီးပါးမှာ ရေဝင်ရောက်နေလို့ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၀၀ နီးပါးရှိနေပြီလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

နောက်ပြီး ရခိုင်မှာလည်း မိုးများပြီး ရေကြီးနေလို့ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရေဘေးသင့်သူ သိန်းဂဏန်းအထိ ရှိတယ်လို့ ပြည်နယ်ထဲ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရေကြီးမှုတွေအတွင်း နေအိမ်တွေ ရေထဲမျောပါပြီး လူသေဆုံးတဲ့အထိဖြစ်နေတယ်လို့ ရခိုင်အခြေစိုက်သတင်းတွေက ရေးပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲ ဆက်သွယ်ရေးပြတ်တောက်နေလို့ အခုသီတင်းပတ်အတွင်းမှာဖြစ်တဲ့ ရေကြီးမှုအခြေအနေ အတိုင်းအဆကို သိနိုင်ဖို့ ခက်ခဲနေပါတယ်။

ရတနာပုံဆိုက်ဘာစီးတီးကို Silicon Valley လို ဖြစ်လာဖို့ ရည်ရွယ်တယ်လို့ ဦးမင်းအောင်လှိုင်ပြော

မန္တလေးတိုင်းထဲ စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မြို့အနီး ဖော်ဆောင်နေတဲ့ ရတနာပုံဆိုက်ဘာစီးတီးကို အမေရိကန်က ကမ္ဘာ့ကျော်နည်းပညာရပ်ဝန်း Silicon Valley လိုဖြစ်လာဖို့ ရည်မှန်းထားတယ်လို့နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကပြောပါတယ်။

ပြင်ဦးလွင်က အနီးစခန်းလေဆိပ်ဖွင့်ပွဲကို မနေ့ ဇူလိုင်လ ၁၁ ရက်မှာ တက်ရောက်ချိန် သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒါအပြင် ဒီလေဆိပ်ဟာ ရတနာပုံဆိုက်ဘာစီးတီးအတွက် လေကြောင်းဆက်သွယ်ရေး တံခါးပေါက်ဖြစ်လာမယ်လို့ ပြောလိုက်ပါတယ်။

လွတ်လပ်ရေးမရခင်ကာလတည်းက ဖောက်လုပ်ထားတဲ့ အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ရေးကို စစ်ကောင်စီလက်ကထက် ၂၀၂၃ ခုနှစ်ကတည်းက စလုပ်ခဲ့ပြီး လေဆိပ်ဖွင့်ပွဲကို မနေ့တုန်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ ဒီလေဆိပ်ကို အသုံးပြုပြီး ပြည်တွင်းပြည်ပက နည်းပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရတနာပုံဆိုက်ဘာစီးတီးကို အချိန်တိုအတွင်း ဝင်ထွက်သွားလာနိုင်မယ်လို့ သူ့ရဲ့ ဖွင့်ပွဲမိန့်ခွန်းမှာ ထည့်ပြောပါတယ်။

ရတနာပုံဆိုက်ဘာစီးတီးက နိုင်ငံရဲ့သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍ (ICT Sector) ကိုပါ တိုးတက်မြင့်မားရေးအတွက် ဗဟိုချက်မဖြစ်တယ်လို့ပြောရင်း ကမ္ဘာ့အဆင့်မီ Silicon Valley အဖြစ်ရည်ရွယ်တယ်လို့လည်း သူက မိန့်ခွန်းထဲ ထည့်ပြောခဲ့တာပါ။

ဒီရတနာပုံဆိုက်ဘာစီးတီး (ရတနာပုံမြို့သစ်စီမံကိန်း) ကို ဆယ်စုနှစ်တွေနဲ့ချီအကောင်အထည် ဖော်နေတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ သားဖြစ်သူပိုင် ကုမ္ပဏီကအကောင်အထည်ဖော်နေတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေတဲ့စီမံကိန်းဖြစ်ပါတယ်။

ဒါအပြင် စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် မြေယာပြဿနာအငြင်းပွားမှုတွေလည်း ရှိခဲ့ပါတယ်။ အခုဦးမင်းအောင်လှိုင်ရဲ့ပြင်ဦးလွင်ခရီးစဉ်မှာလည်း စီမံကိန်းမြေဧရိယာဧက ၃၀၀၀ ဆိုင်ရာ အချက်အလက်တွေ၊ စီမံကိန်းဧရိယာအတွင်းက ကျေးရွာတွေနဲ့ပတ်သက်လို့ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

စီမံကိန်းမြေဧရိယာဧက ၃၀၀၀ ကို ၂၀၀၆ ခုနှစ်ကတည်းက အစိုးရပိုင်စီမံကိန်းမြေအဖြစ် သတ်မှတ်ထားတာဖြစ်လို့ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်နေထိုင်သူတွေကို သတ်မှတ်စည်းကမ်းနဲ့ကိုင်တွယ်ဖို့ပါ ဦးမင်းအောင်လှိုင်က ညွှန်ကြားသွားခဲ့ပါတယ်။

ပထမဆုံးသမ္မတခရီးစဉ်ဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံချိန်မှာလည်း ရတနာပုံဆိုက်ဘာစီးတီးမှာ အိန္ဒိယလုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။ ဒါအပြင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်နိုင်ကြောင်း အသွင်ပြောင်းအစိုးရရဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံလက်ခံတွေ့ဆုံမယ့်အပေါ် ဝေဖန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ဒီနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတာဟာ စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို အားပေးရာရောက်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ကြပါတယ်။

ဒီတွေ့ဆုံမှုက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထိခိုက်စေပြီး မြန်မာစစ်တပ်ရဲ့ သဘောထားတင်းမာမှုကို အသိအမှတ်ပြုရာရောက်တယ်လို့ ကုလသမဂ္ဂ ကျွမ်ကျင်သူဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က မနေ့ရက်စွဲနဲ့ ထုတ်ပြန်တာပါ။

"အခုလိုအလျှော့ပေးလိုက်တဲ့လုပ်ရပ်ကြောင့် အာဆီယံရဲ့အရေးပါမှု၊ သြဇာလွှမ်းမိုးနိုင်စွမ်းတွေ ဆုံးရှုံးသွားနိုင်တဲ့အခြေအနေကိုရောက်သွားပြီ" လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့သူ SAC-M အဖွဲ့ဝင် မစ္စ ယန်ဟီးလီက ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာစစ်တပ်ရဲ့ထောင်ချောက်ထဲ မကျသွားဖို့လိုတယ်လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ(APHR)ကလည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုဖြစ်စေမယ့်ဘယ်လိုခြေလှမ်းကိုမဆိုငြင်းပယ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းကြောင်းပါ APHR အမတ်တွေက သူတို့ ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။

ဒီနေ့ဘန်ကောက်တွေ့ဆုံပွဲကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံရဲ့ မြန်မာ့အရေးအထူးသံ မာထရီဆာပီ လာဇာရိုက ဦးဆောင်မှာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အိမ်ရှင်အဖြစ် လက်ခံပြုလုပ်တာပါ။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘော ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်ပါတယ်။

အာဆီယံဘုံသဘောတူညီချက်ထဲပါတဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးမယ်လို့ ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

တဖက်မှာလည်း ဘန်ကောက်မြို့ တွေ့ဆုံပွဲဟာ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရသစ် ဧပြီလမှာ အာဏာယူပြီးတဲ့နောက် အာဆီယံ နိုင်ငံအဖွဲ့ဝင်နိုင်ငံအချို့က နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်အထိ ခရီးပေါက်ခဲ့အပြီးမှာ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဖိလစ်ပိုင်ကတော့ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှုမရှိတဲ့အတွက် ချမှတ်ထားတဲ့ကန့်သတ်ချက်အရ နေပြည်တော် ခေါင်းဆောင်နဲ့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ပေးဦးမှာမဟုတ်ဘူးလို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ အစောပိုင်း ကတည်းက ပြောထားပါတယ်။

ဘန်ကောက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံကြမယ်လို့ သတင်းထွက်အပြီး ဇူလိုင် ၉ ရက်က လုပ်တဲ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီအမတ်တွေ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

အဖွဲ့ဝင်နိုင်ငံတချို့က ပြည်တွင်းရေးကို နှောင့်ယှက်ဖို့ကြိုးစားတယ်ဆိုပြီးလည်း အမတ်တချို့က ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်‌ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အာဆီယံဘုံသဘောတူညီချက်တွေနဲ့ကိုက်ညီတဲ့ ဘက်ပေါင်းစုံ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ သဘောထားထုတ်ပြန်ထားပါတယ်။