ရုရှားနဲ့ခရိုင်းမီးယား ချိတ်ဆက်ထားတဲ့ အဓိကတံတားကြီး တိုက်ခိုက်ခံရ

ခရိုင်းမီးယား

ဓာတ်ပုံ ရင်းမြစ်, MYKHAYLO PODOLYAK

ဓာတ်ပုံ ပုံစာ, တံတားပေါ်မှာ ကုန်တင်ကားတစီး ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ရထားလမ်းပိုင်းက ရေနံတင် ရထားတွဲတွေလည်း မီးလောင်ခဲ့
ရေးသားခဲ့သည်။

ရုရှားက ၂၀၁၄ မှာ ယူကရိန်းဆီက ဖဲ့ယူထားခဲ့တဲ့ ခရိုင်းမီးယားဒေသနဲ့ ရုရှားကုန်းတွင်းပိုင်းကို အဓိကချိတ်ဆက်ထားတဲ့ ကားနဲ့ ရထားသွား တံတားကြီးပေါ်က တနေရာမှာ ပေါက်ကွဲဖြစ်ပွားခဲ့လို့ လမ်းပိုင်းတနေရာ ပင်လယ်ထဲ ပြိုကျခဲ့ပါတယ်။

ရုရှားဘက်က ကြေညာချက် အရကတော့ ဒီတံတားပေါ်မှာ ကုန်တင်ကားတစီး ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ရထားလမ်းပိုင်းက ရေနံတင် ရထားတွဲတွေလည်း မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခရိုဗာကတော့ ဒီပေါက်ကွဲမှုအပေါ် ယူကရိန်းရဲ့ တုံ့ပြန်ချက်တွေအရ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

အခုလို ဒီတံတားကြီး ပျက်စီးမှုနဲ့ ပတ်သက်လို့ ယူကရိန်း အစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးဌာနဲ့တကွ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးရဲ့ အကြံပေး မီခေလို ပိုဒိုလျက်ခ် တို့ရဲ့ တွစ်တာ အကောင့်တွေက အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမဲ့ အကြံပေးပုဂ္ဂိုလ်က ဒီပေါက်ကွဲမှုလက်သည်က ယူကရိန်းနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့တော့ ထုတ်ပြောတာ မရှိဘဲ ဒါအစဘဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, တံတားပေါ်က ပေါက်ကွဲမှု

ခရိုင်းမီးယားဒေသ လွှတ်တော် ဥက္ကဋ္ဌ ဗလာဒီမီယာ ကွန်တန်းတီးနော့ဗ် ကတော့ ဒီတံတားပေါက်ကွဲမှုကို ယူကရိန်း အဖျက်သမားတွေ လုပ်တာလို့ စွပ်စွဲထားပြီး လျင်လျင်မြန်မြန် ပြန်လည် ပြုပြင်သွားမယ်လို့ ဆိုပါတယ်။

ရုရှားခန့်ထားတဲ့ ခရိုင်းမီးယား အုပ်ချုပ်ရေးမှူး ဆာဂေး အက်စီးယိုးနော့ဗ်ကတော့ ဒီလို တံတားပျက်စီးမှုဖြစ်ပေမယ့်လည်း ခရိုင်းမီးယားမှာ အစားအစာနဲ့ လောင်စာ အလုံအလောက် ရှိထားပါတယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှားဟာ ဒီကာ့ချ်တံတားကြီးကို ရုရှားတပ်တွေနဲ့ စစ်လက်နက်တွေ စေလွှတ်ပို့ဆောင်ရာမှာလည်း အသုံးပြုနေတာ ဖြစ်တဲ့အပြင် ခရိုင်းမီးယားနဲ့ ရုရှားချိတ်ဆက်ထားတဲ့ တခုတည်းသော တံတားဖြစ်တာကြောင့်လည်း ဒီတံတားကြီးရဲ့ အရေးပါမှုက ကြီးမားပါတယ်။

လက်ရှိ ဒီတံတားရဲ့ ကား၊ ရထားသွားလာမှုကို ပိတ်ထားရာမှာ ခရိုင်းမီးယား အာဏာပိုင်တွေက ကူးတို့သင်္ဘော စီစဉ်ပေးမယ်လို့ ပြောဆိုထားပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်း နယ်မြေ ၄ခုကို ရုရှားပိုင် အဖြစ်ကြေညာ