ဇွန်လ ၂၂ ရက်နေ့ ထိပ်တန်းသတင်းများ စုစည်းချက် - ဖရူဆို အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်
မိုးစပါးရာသီမှာ စစ်ကိုင်းတိုင်းအတွင်း မိုးစပါးကို ထက်ဝက်ကျော်လောက်သာ စိုက်ပျိုးနိုင်ကြ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့တော်တော်များများမှာ အရှိန်အဟုန်နဲ့ အာဏာသိမ်း ဆန့်ကျင် တော်လှန်တာတွေ နှစ်နှစ်ကျော်ကာလထဲကို ရောက်ရှိလာသလို တစ်ဖက်မှာလည်း ရာသီဥတုရဲ့ သဘာဝဘေးဒဏ်တွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေဟာ မိုးစပါးစိုက်ပျိုးရာသီကို ရောက်ရှိနေတာတောင် စပါး စိုက်ပျိုးနိုင်တဲ့ တောင်သူအရေအတွက်ဟာ အရင်နှစ်တွေကထက် နေရာဒေသကိုလိုက်ပြီး ထက်ဝက်ကျော်ကနေ သုံးပုံ နှစ်ပုံအထိ စိုက်ပျိုးနိုင်မှုတွေ အသီးသီး လျော့ကျလာတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
အာဏာ မသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးခါစကာလတွေမှာတော့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေဟာ နွေစပါး၊ ပဲ ၊ နှမ်း၊ မိုးစပါး စတာတွေကို ရာသီအလိုက် မပြတ် စိုက်ပျိုးနိုင်ကြပြီး စီးပွားရေးလည်း အဆင်ပြေကြတယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးကတည်းက စပါးကျီတွေထံက စပါးတင်းပေါင်း သောင်းနဲ့ချီ မီးရှို့ခံရတာ၊ ဆန်တင်းပေါင်း ထောင်နဲ့ချီထားရှိတဲ့နေရာတွေက ဆန်စက်တွေ၊ ဆန်ဂိုထောင်တွေ မီးရှို့ခံရတာတွေကြောင့် ဆုံးရှုံးမှု တဖြည်းဖြည်းများလာကြတဲ့တောင်သူတွေဟာ အခုနှစ်မှာတော့ မိုခါ မုန်တိုင်းကြောင့်ပါ ပျက်စီးဆုံးရှုံးမှု ပိုတိုးလာတာကြောင့် အခုမိုးစပါး စိုက်ပျိုးကြတဲ့ရာသီမှာ တောင်သူတိုင်း မစိုက်ပျိုးနိုင်တဲ့ အခြေအနေတွေကို ကြုံတွေ့ရင်ဆိုင်နေကြရတာပါ။
“ခင်ဦးရေဦး ကားလမ်းတစ်လျှောက်မှာ မိုင် ၂၀ ကျော်ရှိတယ်။ အဲဒီတစ်လျှောက်က အရင်က စပါးတွေစိုက်ကြတာ။ အခု စစ်တပ်က တပ်စွဲထားတော့ အဲဒီ တစ်လျှောက်လုံးဘာမှ စိုက်လို့မရတော့ ဘူး။ အခုရာသီ မိုးစပါးလည်း စိုက်လို့မရဘူး။ အရင်နှစ်တွေက စိုက်ပျိုးထားတာတွေကိုလည်း သွားရိတ်ရင် သေနတ်နဲ့ လှမ်းပစ်တာတွေ ရှိလို့ တောင်သူတွေ ဆုံးရှုံးရပါတယ် “ လို့ ခင်ဦး မြို့နယ်ထဲက တောင်သူတစ်ဦးပြောပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေဟာ မိုးရာသီ စပါးစိုက်ရာသီ ရောက်ရှိနေပေမဲ့ အခက်အခဲမျိုးစုံတွေကြောင့် မိုးစပါး စိုက်ပျိုးနိုင်မှုက ဒေသအလိုက် စိုက်နိုင်တဲ့ ဦးရေက ထက်ဝက် ကျော်ကနေ သုံးပုံ တစ်ပုံလောက်ပဲ စိုက်ပျိုးနိုင်မယ့်အခြေအနေမှာ ရှိနေတဲ့အတွက် လာမယ့် စပါးပေါ် တဲ့ရာသီမှာလည်း ဆန်စပါးလိုအပ်ချက်တွေ မြင့်မားနေပြီး စျေးနှုန်းတက်ဦးမယ့် အလားအလာ ရှိတယ်လို့ ခန့်မှန်းချက်တွေအရ သိရပါတယ်။
“ဒီနှစ် မိုးစပါးက ဒီပဲယင်းနယ်ထဲမှာ သုံးပုံတစ်ပုံလောက်ပဲစိုက်ပျိုးနိုင်ကြပါတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ လုံးလုံးမစိုက်ပျိုးနိုင်ကြပါဘူး။ မိုခါ အရှိန်ကြောင့် ရေကြီးတာ လယ်ယာတွေ ရေမြုပ်တာတွေ ဖြစ်တဲ့နောက်ပိုင်း ပဲခင်းနှမ်းခင်းတွေ ဧက ထောင်ချီ ပျက်စီးကြပါတယ်။ တချို့နယ်တွေ သောင်းနဲ့ချီတဲ့ဧကတွေ ပျက်စီးကြပါတယ်။ အဲဒီအခါ အခု မိုးစပါးစိုက်ဖို့ အရင်းအနှီးက လက်ထဲမရှိတော့တဲ့အတွက် မစိုက်နိုင်တာသူတွေ များလာတာပါ” လို့ ဒီပဲယင်းတောင်သူတစ်ဦးက ပြောပါတယ်။
မိုးစပါးစိုက်ပျိုးနိုင်မယ့် အခြေအနေက အရင်ကထက် ထက်ဝက် နီးပါး လျော့ကျတာသေချာပေမဲ့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ ဝန်းကျင် ဟာ မိုးစပါး စိုက်ပျိုးရာသီ နောက်ဆုံးဖြစ်တဲ့အတွက် အဲဒီရဲ့ နောက်ပိုင်းကာလတွေမှာတော့ မိုးစပါးရာသီမှာ စစ်ကိုင်းတိုင်းအတွင်း ဘယ်လောက် ဧကပဲ စိုက်ပျိုးနိုင်တယ်ဆိုတာကို အတိအကျ ပြောနိုင်မယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဆောမြို့နယ်၊ ရွာသာကျေးရွာအတွင်းက ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ၇ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, LSRPDF
မနေ့က ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်လောက်က မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ထဲကို စစ်ကောင်စီရဲ့ ကျောက်ထု အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေနဲ့ ဘုန်းကြီး နဲ့ ကိုရင် နှစ်ပါး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးက ဆောမြို့နယ် ၊ ရွာသာ ကျေးရွာအတွင်းက ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပဥ္ဇင်း တစ်ပါး၊ ကိုရင်တစ်ပါး အပါအဝင် အရပ်သား စစ်ဘေးလာရောက်ရှောင်တိမ်းနေသူ ၅ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတစ်ဦးကတော့ " ဒဏ်ရာပြင်းထန်တဲ့သူက ၄ ဦးရှိပါတယ်။ အဲဒီ ပြင်းထန်သူတွေကိုတော့ ဆေးရုံကို ပို့လိုက်ပါပြီ။ ညပိုင်းတွေမှာ ဘာမှ တိုက်ပွဲ ထိတွေ့ မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ အခုတော့ ရွာသားဒေသခံတွေလည်း လန့်ပြီးနေနေကြရတယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ အခုလို ထိခိုက်ဒဏ်ရာရတယ်ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့လည်း ကြိုးစားနေပါတယ်။
ဇွန်လ ၂၀ ရက်နဲ့ ၂၁ ရက်မှာတော့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ဆိပ်ဖြူ - ဆော ကားလမ်း အနီးနဲ့ ရေကျော်လမ်းခွဲ အနီး နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေ ဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီကိစ္စနဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ အဆက်အသွယ်မရသေးပါဘူး။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကိုပါ အမေရိကန်က ပိတ်ဆို့အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေထုတ်ပြန်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီ ဦးစီးနေတဲ့ ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူတဲ့အပေါ် တော်လှန်ရေး အင်အားစုတွေ ကြိုဆိုထောက်ခံကြောင်း ဇွန်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) ကနေ နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို စစ်ကောင်စီကို အာဏာရရှိဖို့ ဆက်လက်ကူညီထောက်ပံ့ပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အမေရိကန်နိုင်ငံအစိုးရက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ စတင် လုပ်ဆောင်လာပြီဖြစ်တဲ့အတွက် ကျန်နေသေးတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကိုပါ ဆက်လက် အရေးယူ ပိတ်ဆို့ပေးဖို့ ဆက်လက် တောင်းဆိုထားလို့ သိရပါတယ်။ တရားဝင်ပိတ်ဆို့မှုတွေမလုပ်သေးပေမဲ့ ပို့ကုန်သွင်းကုန်သမားတွေကတော့ သူတို့ ရှေ့လျောက်ပိုခက်ခဲတော့မယ့်အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
ဗဟိုဘဏ်ရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ် နဲ့ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ်တစ်ထောင်ဝန်းကျင်ကွာဟ သွားတဲ့အခြေအနေကို သူတို့က ထောက်ပြကြပါတယ်။
"တရားဝင် ဖြစ်လာပြီဆိုရင်လည်း ဒါက နောက်ဆုံး အခြေခံ ပြည်သူလူထုကိုပဲ ထိမှာပါ။ ကုန်သည်တွေ စီးပွားရေး လုပ်ငန်းရှင် တွေကတော့ ပမာဏအလိုက် စျေးတက်သွားမှာပဲလေ။ နောက်ဆုံးထိမှာတော့ ပြည်သူ တွေပဲ ထိခိုက်နိုင်ပါတယ်" လို့ သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီပိတ်ဆို့မှုကြောင့် ထိခိုက်မှုတွေ အနည်းနဲ့အများကြုံတွေ့ရမယ်လို့ မျှော်လင့်ထားပြီး မိတ်ဆွေနိုင်ငံတွေရဲ့အကူအညီနဲ့ ကျော်ဖြတ်သွားမယ်လို့ တုံ့ ပြန် ပြောဆိုထားပါတယ်။
NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင် ကို ဒီပဲယင်း ပကဖ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, လွှတ်တော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဒီပဲယင်းအမတ်ဟောင်း ဦးဝင်းမြင့်အောင် ကို စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်နေလို့ ဆိုပြီး ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဖမ်းဆီးထားတယ် လို့ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။
ဦးဝင်းမြင့်အောင် ဟာ ရွှေဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ ညီဖြစ်သူကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ထောင်ဝင်စာသွားပို့ရင်း ကျေးရွာတစ်ရွာမှာ ပကဖ ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတယ်လို့ ဒေသခံတွေကရော ဒီပဲယင်းအခြေစိုက် PDF တပ်ရင်းတစ်ခုကပါ အတည်ပြုပါတယ်။
ဒါဟာ NLD အမတ်ဟောင်းတစ်ယောက်ကို NUG လက်အောက်ခံ အဖွဲ့တစ်ခုက ပထမဆုံးဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။
“သူ့ကို NLD ပါတီကလည်း ထုတ်ထားလိုက်ပါပြီ။ ဒါက NLD အမတ်ကို ဖမ်းတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပတ်ကပဲ ပကဖ က သူ့ကို ပုဒ်မတွေ တပ်လိုက်ပြီ လို့ သိရပါတယ်။ အဓိကကတော့ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်လို့ ဖမ်းတာလို့သိရပါတယ်။’’ လို့ ဒီပဲယင်းအခြေစိုက် PDF တပ်ရင်းတစ်ခုက ရဲဘော်တစ်ဦးက ပြောပါတယ်။
NLD ရဲ့ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်အောင် ကို ဦးဖြိုးမင်းသိန်း၊ ဦးတိုးလွင် နဲ့ ဒေါ်စန္ဒာမင်းတို့နဲ့ အတူ NLD ဗဟိုအလုပ်ကော်မတီ က ပြီးခဲ့တဲ့ မတ် လ က ပါတီကနေ ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပယ်မှုကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို မကျင်းပနိုင်တာကြောင့် လုပ်ပိုင်ခွင့်မရှိသလို ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဥ်းနဲ့ လုပ်ထုံးလုပ်နည်းမှာလည်း မရှိဘူးလို့ ဦးတိုးလွင်က ကန့်ကွက်ခဲ့ပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် သြဂုတ်လမှာ ဦးဝင်းမြင့်အောင် ကို ဖမ်းဖို့ လာရှာရင်း သူ့ရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ဦးဝင်းမြင့်အောင် လည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လက စစ်ကောင်စီရဲ့စီစဉ်ပေးမှုနဲ့ နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပြီး နောက် ဗဟိုအလုပ်ကော်မတီ ကသူ့ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော်သွားပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြည်တွင်း အရောင်းအဝယ်စျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ပေါက်စျေး ၃၀၃၀ ကျပ် စျေးနှုန်းအထိ ဒီကနေ့ ဇွန် ၂၂ ရက်မှာ ဖြစ်လာနေပါတယ်။
လေယာဉ်လက်မှတ်အရောင်းဆိုင်တွေမှာလည်း ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ တရားဝင် လေယာဉ်လက်မှတ်စျေးနှုန်းကို တစ်ဒေါ်လာကို ငွေကျပ် ၃၀၃၀ ကျပ်နှုန်းနဲ့ တွက်ချက်ပြီး ရောင်းချနေတယ်လို့ လည်း စျေးကွက်အတွင်းက သိရှိရပါတယ်။
ဒါဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန် အစိုးရ ပိတ်ဆို့အရေးယူမယ်လို့ သတင်းတွေ ဇွန်လ ၂၀ ရက်နေ့က ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းကတည်းက ဒေါ်လာလဲလှယ်နှုန်းတွေက စတင် စျေးတက်လာတာလည်း ဖြစ်ပါတယ်။
အဲဒီဘဏ်နှစ်ဘဏ်ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ကြောင်း ဇွန်လ ၂၁ ရက်မှာ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။
ဗဟိုဘဏ်ရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ် နဲ့ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ်တစ်ထောင်ဝန်းကျင်ကွာဟ သွားတဲ့အခြေအနေလည်းဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီပိတ်ဆို့မှုကြောင့် ထိခိုက်မှုတွေ အနည်းနဲ့အများကြုံတွေ့ရမယ်လို့ မျှော်လင့်ထားပြီး မိတ်ဆွေနိုင်ငံတွေရဲ့အကူအညီနဲ့ ကျော်ဖြတ်သွားမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားပါတယ်။
မြန်မာဘဏ် ၂ ခုကိုပိတ်ဆို့မှုသာမက အမေရိကန်ဘဏ်စနစ်တွေနဲ့ ချိတ်ဆက်မှုရှိတဲ့မြန်မာနိုင်ငံသားအများစုအသုံးပြုတဲ့ နိုင်ငံတွေက ဘဏ်တွေကိုပါ ဆက်နွှယ်ပြီးဖိအားပေးလာတာမျိုးရှိလာမှာကိုလည်း ပြည်တွင်းက ကုန်သည်နဲ့ လုပ်ငန်းရှင်တွေဘက်က စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတစ်ရွာကို တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ကြိမ်ထက်မနည်း ဗုံးကျဲခဲ့တဲ့အတွက် နေအိမ် ၃ လုံး ပျက်စီးခဲ့သလို ဒေသခံတွေလည်း အထိတ်တလန့်နဲ့ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
"မနေ့က ညသန်းခေါင်တုန်းကတစ်ခါ လင်းအားကြီးတစ်ခါ ဗုံးလာကျဲချတယ်။ အသံတွေ ကြားရတယ်။ မနက်ပိုင်းလာကျဲချတော့ လူတွေကတော့ ရှောင်နေကြလို့ မရှိတော့ဘူး။ ညကတော့ ဘယ်သူထိလဲ မပြောနိုင်ဘူး" လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မနေ့ကညက သန်းခေါင်အချိန် ၁၂ နာရီ ဝန်းကျင်တုန်းက တစ်ခါ၊ မနက် အစောပိုင်းတုန်းက တစ်ခါ လေကြောင်းနဲ့ ပြည်သူတွေနေထိုင်ရာ နေရာတွေကို စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းလာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို အရပ်သားပြည်သူတွေပဲရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။








