ရန်ကုန်နဲ့ နယ်က သင်္ကြန်မဏ္ဍပ်အချို့ ဖောက်ခွဲခံရ

 မဏ္ဍပ်အချို့ ဖောက်ခွဲခံရပြီး အာဏာပိုင်တွေ စီစဉ်တဲ့ မဏ္ဍပ် တစ်ဝိုက်မှာ စစ်ကောင်စီ ယာဉ်အချို့ ရောက်ရှိနေ
ဓာတ်ပုံ ပုံစာ, မဏ္ဍပ်အချို့ ဖောက်ခွဲခံရပြီး အာဏာပိုင်တွေ စီစဉ်တဲ့ မဏ္ဍပ် တစ်ဝိုက်မှာ စစ်ကောင်စီ ယာဉ်အချို့ ရောက်ရှိနေ
ရေးသားခဲ့သည်။

မကြာမီကျရောက်တော့မယ် မြန်မာနှစ်ကူး သင်္ကြန်ပွဲတော်ကာလမှာ ရေကစားဖို့ ကြိုတင်ပြင်ဆင်ထားကြတဲ့ ရန်ကုန်မြို့နဲ့ နယ်မြို့တွေက သင်္ကြန်မဏ္ဍပ် အချို့ ဖောက်ခွဲပြီး သတိပေးခံရတယ်လို့ မျက်မြင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သင်္ကြန်ကာလအတွက် စစ်ကောင်စီက မြို့နယ်အလိုက် ရေကစားမဏ္ဍပ်တွေ တည်ဆောက်နေသလို တစ်ဖက် ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ဒီမဏ္ဍပ်တွေကို ဖောက်ခွဲတိုက်ခိုက်မှုတွေ ဒီရက်ပိုင်းရှိနေပါတယ်။

မနေ့က ရန်ကုန်မြို့စမ်းချောင်း ရဲစခန်းရှေ့က ရေကစားမဏ္ဍပ် ဗုံးခွဲတိုက်ခိုက်ခံရသလို ပေါင်းတည်မြို့ ဗဟိုမဏ္ဍပ်ကိုလည်း ဗုံးခွဲတိုက်ခိုက်ခံရတာရှိတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

ဧပြီ ၈ရက်နေ့က စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့မှာ ဆောက်ထားတဲ့ မြို့နယ်မဏ္ဍပ်ကို ဖောက်ခွဲခဲ့တယ်လို့ Dark Shadow မြို့ပြပြောက်ကျားအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ မဏ္ဍပ်ကြီးတွေအနေနဲ့ ဆူးလေမြို့တော်ခန်းမရှေ့မှာအပြင် ရန်ကုန်တိုင်းလွှတ်တော်ရှေ့က ပြည်သူ့ရင်ပြင်ထဲနဲ့ အင်းလျားပန်းခြံတွေမှာပါ မဏ္ဍပ်တွေဆောက်လုပ်နေကြတာရှိပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့က ဆောက်လုပ်ဆဲမဏ္ဍပ်
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့တော်ခန်းမရှေ့က ဆောက်လုပ်ဆဲမဏ္ဍပ်

ရန်ကုန် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်က အမှတ် ၃ လမ်းမပေါ်မှာ တည်ဆောက်နေဆဲ သင်္ကြန်မဏ္ဍပ်ကို စစ်ကောင်စီကပဲ တစ်နေ့ထဲ အပြီး ပြန်ဖျက်သွားတဲ့ခဲ့တယ်လို့ ‌ဒေသခံတွေဆီကသိရပါတယ်။

ဘယ်လိုအကြောင်းကြောင့် ဒီမဏ္ဍပ်ကို ပြန်ဖျက်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

မနေ့ ဧပြီ ၈ရက်နေ့က စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့မှာ ဆောက်ထားတဲ့ မြို့နယ်မဏ္ဍပ်ကို ဖောက်ခွဲမှုနဲ့အတူ ပြည်သူ့ရင်ပြင်ထဲမှာတည်ဆောက်ထားတဲ့ ရေကစားမဏ္ဍပ်ကိုပါ အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ဖို့ရည်ရွယ်ခဲ့ပေမဲ့ ပြည်သူတွေရှိနေတာကြောင့် မဖောက်ခွဲနိုင်ခဲ့ဘူးလို့ Dark Shadow မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် မြို့ပြပြောက်ကျားအဖွဲ့တွေကပဲ ဗုံးရှိတဲ့အကြောင်း ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီအဖွဲ့တွေက အဲဒီနေရာကို စစ်ဆေးပြီး ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ ‌စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေက ရေးပါတယ်။

လက်ရှိမှာတော့ ‌ရန်ကုန်အပါအဝင် နယ်မြို့အများစုမှာ အာဏာပိုင်တွေဘက်ကစီစဥ်တဲ့ မဏ္ဍပ်‌တစ်ဝိုက် စစ်ကောင်စီယာဥ် အချို့ရှိနေသလို တချို့နေရာတွေမှာ ကင်းလှည့်တာနဲ့ လုံခြုံရေးယူပေးတာတွေအထိ ရှိတယ်လို့ မျက်မြင် မြို့ခံတွေကပြောပါတယ်။

no tag
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိုင်းနဲ့ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ နေရာတွေမှာ ဗဟိုမဏ္ဍပ်နဲ့ ဌာနဆိုင်ရာ ရေကစား မဏ္ဍပ်တွေကို တည်ဆောက်ကြပြီး လုံခြုံရေးအတွက် ဒီနှစ်မှာ နယ်တွေဘက်က စစ်ကောင်စီ စစ်ကြောင်းတွေကို ပြန်လည်ခေါ်ယူတာတွေ ရှိတာကို တွေ့ရတယ်လို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးမြို့မှာလည်း လာမယ့် သင်္ကြန်ကာလအတွက် စစ်ကောင်စီက စည်ပင်ရုံး ဗဟိုမဏ္ဍပ်အပြင် ဌာနဆိုင်ရာ မဏ္ဍပ်နဲ့ ကျုံးပတ်လည်တချို့မှာ မဏ္ဍပ်တွေ တည်ဆောက်တာအပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ရေပက်ခံ မဏ္ဍပ်တွေတည်ဆောက်ဖို့ ညွှန်ကြားထားတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တချို့ကနေ သိရပါတယ်။

ဒါပေမဲ့ လုံခြုံရေးအရ တာဝန်ယူမှုကို ဘယ်လိုဆောင်ရွက်သွားဖို့ ရှိလဲဆိုတာ ဖြေကြားမှု မရှိခဲ့ပါဘူး။

ဒီနှစ်သင်္ကြန်အတွက် အိမ်ရာ၊ဟိုတယ်နဲ့ စျေးဝယ်စင်တာတွေရှိတဲ့ မင်္ဂလာမန္တလေးမှာလည်း လမ်းလျှောက်သင်္ကြန်နဲ့ မဏ္ဍပ်တချို့ တိုးချဲ့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီထောက်တိုင်တွေကို ပစ်မှတ်ထားတဲ့ မန္တလေး မြို့ပြ ယူဂျီအဖွဲ့တချို့က သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပတဲ့ ပျော်ပွဲ ရွှင်ပွဲတွေကို ရှောင်ကြဖို့၊ အပျော်လွန် မကဲဖို့၊ တိတ်တိတ်လေးပျော်ပေးဖို့ တောင်းဆိုထားကြပါတယ်။

စစ်ကောင်စီကတော့ အခုနှစ်သင်္ကြန်ကို စည်စည်ကားကားကျင်းပမယ်လို့ပြောထား
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကတော့ အခုနှစ်သင်္ကြန်ကို စည်စည်ကားကားကျင်းပမယ်လို့ပြောထား

စစ်ကောင်စီကတော့ အခုနှစ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပဖို့ ရှိသလို မှတ်တမ်းတင် ရိုက်ကူးတာတွေလည်း လုပ်ဖို့ရှိနေတယ်လို့ ထုတ်ပြောထားပါတယ်။တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီက ဦးစီးကျင်းပနေတဲ့ သင်္ကြန်ကို သပိတ်မှောက်ဖို့၊ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ကုန်ပစ္စည်းတွေကို အသုံးမပြုကြဖို့လူထုကို တိုက်တွန်းထားသလို တပ်တွင်းသင်္ကြန်ပွဲတွေကိုလည်း တိုက်ခိုက်သွားမယ်ဆိုပြီး အသီးသီးထုတ်ပြန်ထားကြပါတယ်။

သင်္ကြန်ကာလအတွင်း အခုလို မဏ္ဍပ်တွေမှာ‌လုံခြုံရေးစိုးရိမ်ချက်ကြောင့် ရေကစားမယ့်သူတွေထက် အပြင်ထွက်မလည်ပတ်မယ့်သူတွေ၊ အခကြေးငွေပေးရပြီး သီးသန့်ပြုလုပ်ပေးထားတဲ့ Private Partyတွေမှာ ပျော်ပါးဖို့စီစဉ်သူတွေ၊ ပြည်တွင်း၊ပြည်ပခရီးသွားလာသူတွေက ပိုများတယ်လို့ပြောကြပါတယ်။