ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
“ချိပ်ပဲပိတ်ပိတ်၊ မီးပဲရှို့ရှို့ဆိုင်းဘုတ် ချမပေးဘူး”- ပြည်တွင်းက NLD ပါတီဝင်တွေ ဘယ်လို ရပ်တည်နေကြလဲ
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို မဲမသာမှုတွေရှိတယ်ဟုဆိုပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ပါတီမှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီ ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်းမှာ ပါတီအဆောက်အအုံအချို့ဟာလည်း ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး ပါတီဝင်တွေရဲ့ ရပ်တည်မှုဟာ ဖိအားတွေရှိလာနေပါတယ်။
“စစ်တပ်က တရားမဝင်လုပ်နေတာဖြစ်တဲ့အတွက် သူတို့လုပ်ထားတဲ့ လမ်းကြောင်း၊ သူတို့စွဲထားတဲ့ပုံစံမျိုးနဲ့ အခု လက်ရှိအခြေအနေအရကို ပါတီမှတ်ပုံတင်တဲ့လမ်းကြောင်းကို လုံးဝလက်မခံနိုင်ပါဘူး” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးလည်းဖြစ်၊ စစ်တပ်က ပယ်ဖျက်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးလည်းဖြစ်သူက စစ်တပ်လက်အောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန် မတင်တာကို သဘောတူတဲ့ အကြောင်း ပြောပြခဲ့တာပါ။
သူဟာ ပြည်တွင်းမှာပဲ NLD ပါတီအတွက် ဆက်လက် ရပ်တည်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ပြည်ထောင်စုအဆင့် လွှတ်တော်နေရာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပြီး အဲဒီကတစ်ဆင့် အစိုးရအဖွဲ့ကို စိတ်ကြိုက် ဖွဲ့စည်းခွင့်ရနိုင်တဲ့အထိ ၂၀၂၀ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ ၁၃၈ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၂၅၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်မှာ နေရာ ၅၀၀ ကျော်နဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ မဲစာရင်းတွေမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တာ ၂နှစ်ကျော် ကာလကို ရောက်လာခဲ့ပါပြီ။
အာဏာသိမ်းပြီးကတည်းက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ခေါင်းဆောင် အများအပြားနဲ့ ပါတီဝင်တွေ၊ အနိုင်ရတဲ့အမတ်တွေကို ဖမ်းဆီးတာတွေကို အာဏာသိမ်းစစ်တပ်ဘက်က ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် မတ်လအထိ NLD ပါတီဝင်ဦးရေ ၁၂၃၅ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေစာရင်းကို ပါတီက ထုတ်ပြန်ထားပါတယ်။
အဲဒီထဲက ၂၆ ဦးဟာ စစ်တပ်ရဲ့ စစ်ကြောရေးစခန်းတွေနဲ့ ထောင်ထဲမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပါတီရဲ့ အဆိုအရ အကြောင်းမဲ့ သတ်ဖြတ်ခံရသူက ၆၃ ဦးရှိခဲ့သလို၊ ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်ကို ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။
အဲဒီအပြင် လွှတ်တော်အမတ် ၂၀၆ ဦးနဲ့ ပါတီဝင် ၃၇၁ ဦးတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်း ထားသလို၊ ပါတီဝင် ၄၇ဦးရဲ့ နေအိမ်တွေကိုလည်း ဝရမ်းကပ်ခံထားရပါတယ်။
ပါတီရဲ့ ဗဟိုရုံးချုပ်ဖြစ်တဲ့ ရွှေဂုံတိုင်ရုံးလို အများသိကြတဲ့ ရုံးအပါအဝင်၊ အခြားတိုင်း၊ ခရိုင်နဲ့ မြို့နယ်ရုံးတွေ ကို အကြိမ်ရေစုစုပေါင်း ၁၂၀ အထိကျူးကျော်ဝင်ရောက်ဖျက်ဆီးတာတွေကို လုပ်ဆောင်ထားတယ်လို့ NLD ပါတီက စာရင်းပြုစုထားပါတယ်။
စစ်တပ်ရဲ့ NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေအပေါ်ကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကြောင့် လည်း ပါတီဝင်တွေ၊ ခေါင်းဆောင်အချို့နဲ့ အမတ်အချို့က ပြည်ပတွေကိုထွက်ခွာပြီး ပါတီဆက်လက်သက် ဝင်နေစေဖို့ ဦးဆောင်လုပ်ဆောင်နေကြတာလည်း ရှိပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာလည်း ဖမ်းဆီးခံရပြီးနောက်ပိုင်း ပြန်လည်လွတ်မြောက်လာသူတွေကလည်း ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်တွေအတိုင်း ပြည်တွင်းကနေ ပါတီဆက်လက်တည်ရှိနေဖို့ ကျားကန်ရပ်တည်နေတာ တွေလည်းရှိပါတယ်။
အဆက်အသွယ်ပြတ်တောက်ခြင်းနဲ့ ဖြတ်တောက်ခံရခြင်း
NLD ပါတီရဲ့ ရပ်တည်ချက်တွေအတိုင်း ပြည်တွင်းမှာ ပါတီအတွင်းဖွဲ့စည်းပုံတွေမပျက်အောင် အချင်း ချင်းဆက်လက်ချိတ်ဆက် လုပ်ဆောင်တာမျိုးတွေလည်းရှိပါတယ်။ ဒါက စစ်တပ်က ဖျက်သိမ်းချင်နေတဲ့ ပါတီကို ဆက်လက်တည်ရှိနေအောင် လုပ်ဆောင်နေတာမျိုးလည်းဖြစ်ပါတယ်။
“ရပ်ကျေးတွေနဲ့ တွေ့တာ တွေရှိတယ်။ အောင်နိုင်ရေးတုန်းက ပါသူတွေ၊ ရပ်ကျေးတွေအားလုံးကလက်ရှိကာလမှာ အဆင်ပြေအောင်နေနေကြရတာ၊ အားလုံးက မတရားဘူးဆိုတာကိုလက်ခံထားပြီးသား၊ အခြေအနေ တစ်ခုကြောင့်သာ အခုလိုရပ်တည်နေတာ” လို့ မြို့နယ်အဆင့်တာဝန်ရှိသူ ပါတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါ တယ်။
ဒါပေမဲ့ စစ်တပ်ဘက်ကတော့ ပါတီဝင်တွေနဲ့ ပါတီခေါင်းဆောင်တွေအကြားမှာ အဆက်အသွယ် လိုက်လံဖြတ်တောက်တဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။
မြို့နယ်အဆင့် ခေါင်းဆောင်ပါတီတွေရဲ့ အိမ်တွေကို အဝင်အထွက်မလုပ်ဖို့အတွက် အုပ်ချုပ်ရေးမှူးတွေက အဝင်အထွက်လုပ်လေ့လုပ်ထရှိသူ ပါတီဝင်တွေကို တားမြစ်တာ အရေးယူခံနိုင်ရတယ်လို့ ခြိမ်းခြောက်ပြော ဆိုတာတွေလည်း ရှိနေပါတယ်။
“ဒေသတွင်း၊ မြို့နယ်အတွင်းမှာတင်ရှိနေတဲ့ ပါတီဝင်တွေကို မြို့နယ်၊ ဒေသပါတီခေါင်းဆောင်အဖွဲ့ဝင်တွေနဲ့ လုံးဝအဆက်အသွယ်မလုပ်ဖို့အထိကို တချို့လူမှုရေးအရ အသွားအလာရှိသူတွေကိုပင် မသွားကြဖို့ လိုက်လံ တားမြစ်တာမျိုးတွေ၊ ခြိမ်းခြောက်တာ မျိုးအထိကို လုပ်တာ” လို့ မြို့နယ်ပါတီခေါင်းဆောင်အိမ်ကို အဝင် အထွက်ရှိခဲ့သူ ပါတီဝင်တစ်ဦးကို စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတစ်ဦးက တားမြစ်ခဲ့ဖူးတာကို အဲဒီပါတီဝင် တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
တိုင်းနဲ့ ပြည်နယ်အနှံ့မှာ ရှိတဲ့ ဗဟိုကော်မတီဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေ အများစု အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာလည်း အရင်ရှိတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေက လုံးဝပြတ်တောက်ခဲ့တာမျိုးလည်း ရှိနေပါတယ်။
ပါတီရုံးတွေကို လူကိုယ်တိုင်သွားပြီး ဆက်သွယ်လို့ မရသလို၊ အရင် ဆက်သွယ်နေကြဖုန်းလိုင်းတွေကလည်း လုံးဝကို ဆက်သွယ်လို့မရတော့တဲ့ အခြေအနေကြောင့် တိုင်းနဲ့ပြည်နယ်အနှံ့ ချိတ်ဆက်မှုတွေကတော့ ပြတ်တောက်တာမျိုးအထိရှိတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာရှိနေတဲ့ ဗဟိုခေါင်းဆောင်တွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်စတဲ့ ခေါင်းဆောင်အများစုကို အာဏာသိမ်း ပြီးကတည်းက ဖမ်းဆီးထားပြီး အခုချိန်အထိကို ပြန်မလွှတ်ပေးသေးတာ၊ ကျန်နေတဲ့အခြားလူအများစုကို လည်း အချင်းချင်းအကြားမှာ ဆက်သွယ်လို့မရအောင် စောင့်ကြည့်ကာ ပါတီဝင်တွေ ခေါင်းဆောင်တွေ အကြား ချိတ်ဆက်မှုကိုဖြတ်တောက်နေတာလို့ NLD အမတ် တွေနဲ့ ပါတီဝင်တွေကယူဆထားကြပါတယ်။
ပုံစံမျိုးစုံနဲ့ ဖိအားပေးခြင်း
စစ်တပ်ဘက်ကတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ လွတ်မြောက်လာတဲ့ အမတ်တွေ၊ ပါတီဝင်တွေ အပေါ် ဖိအားမျိုးစုံပေးတာမျိုးတွေက အခုချိန်ထိရှိနေတုန်းပါ။
ပြန်လွတ်လာသူတွေအပေါ်ကိုလည်း အကြောင်းအမျိုးမျိုးပြ မကြာခဏဆိုသလိုစစ်ဆေးတာတွေကို လုပ် ဆောင်ပါတယ်။ အဲဒါအပြင် ကိုယ့်မူလနေထိုင်တဲ့ နေရာတွေကနေ အခြားနေရာတွကို ပြောင်းရွှေ့နေထိုင်ရတဲ့အထိ စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ ဖိအားပေးလုပ်ဆောင်တာတွေ ဒီနေ့အထိရှိနေသေးတယ်။
“ဧည့်စာရင်းစစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အိမ်တွေကိုလာတယ်။ ဘာတွေလုပ်ထားလဲဆိုတာမျိုးကို ဖုန်းတွေကိုပါ အကုန်ယူကြည့်တယ်။ ကိုယ်ကြောင့် အခြားပါတီဝင်တွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေနိုင်ငံရေးဆောင်ရွက်မှု တွေရပ်တန့်မှာ ခက်ခဲသွားမှာကို လုံးဝမလိုချင်လို့ အကောင်းဆုံးဖြစ်အောင် နေနေတယ်” လို့ အမတ်ဟောင်း တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
အမတ်ဟောင်းတွေ၊ ထောင်ကျပြီးပြန်လွှတ်ပေးခဲ့သူတွေကို ၂၀၂၁ခုနှစ်အတွင်းကဆိုရင် တစ်ပတ်ကို တစ်ကြိမ် လောက်အထိ သက်ဆိုင်ရာရဲစခန်းတွေမှာ ကောင်းမွန်စွာနေထိုင်ကြောင်း ကတိဝန်ခံချက်တွေကို လာရေးခိုင်း တဲ့အထိ စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက် တစ်ပတ်တကြိမ်ကနေ တစ်လတကြိမ်၊ အဲဒီကနေမှ သုံးလတစ်ကြိမ်ဆိုကာ တစ်ဆင့်ပြီး တစ်ဆင့်ဖြေ လျော့လာတာမျိုးလည်းရှိပါတယ်။
အခု ၂၀၂၂ ခုနှစ် အတွင်းမှာတော့ ဝန်ခံလက်မှတ်မထိုးခိုင်းတော့သူတွေရှိသလို၊ အချို့ကိုလည်းဆက်လက် ခံဝန်ကတိဆိုကာ သက်ဆိုင်ရာရဲစခန်းတွေမှာ လက်မှတ်ထိုးခိုင်းတာမျိုးအထိရှိနေသေးပါတယ်။
ချိပ်ပဲပိတ်ပိတ်၊ မီးပဲရှို့ရှို့ ဆိုင်းဘုတ်ချမပေးဘူး
ပြည်တွင်းမှာကျန်ရှိနေတဲ့ ပါတီဝင်၊ ပြည်နယ်တိုင်းက ခေါင်းဆောင်ပိုင်းအချို့တွေကတော့ သူတို့ ပါတီရဲ့ ဆက်လက်ရပ်တည်ရေးကို အားစိုက်လုပ်နေကြတာတွေလည်း ရှိနေဆဲပါ။ အခု ၂၀၂၂ခုနှစ်အတွင်းမှာ တော့ ပါတီရုံးတွေနဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချခိုင်းတာမျိုး၊ လာရောက်ဖြုတ်ချတာတွေကိုပါ လုပ်ဆောင် လာတယ် လို့ ပြောကြပါတယ်။
“ပါတီရုံးတွေကို ဖိအားပေးပြီးတော့ ဆိုင်းဘုတ်ချခိုင်းတာတွေကို လုပ်လာတယ်။ ချိပ်ပဲပိတ်ပိတ်၊ မီးပဲရှို့ရှို့ ဆိုင်းဘုတ် ချမပေးဘူး။ လာဖမ်းရင် ဘယ်လိုလုပ်မလဲဆိုရင်လည်း အရင်တုန်းကလည်း သူတို့ဖမ်းချင်ရင်လာဖမ်းတာပဲ၊ အခုဒီထဲမှာ ရပ်တည်နေတာက အချိန်မရွေးကိုယ်တွေကိုလာဖမ်းနိုင်တယ်။ မကြောက်ဘူး လာဖမ်း၊ သူတို့ ကြိုက်သလို ဥပဒေတွေနဲ့ မတရားသဖြင့်လုပ်လည်း ကိုယ်တွေကတော့ ဒီပါတီအနေနဲ့ပဲ ဆက်လက် ရပ်တည် ပြီးတော့ဆက်သွားမှာပဲ” လို့ ပြည်တွင်းမှာ ပါတီရဲ့ မူအတိုင်း ရပ်တည်လုပ်ဆောင်နေတဲ့ အမတ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကျော်ကို မှတ်ပုံပြန်မတင်တဲ့အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၈ရက်နေ့မှာ ဖျက်သိမ်းခဲ့ပါတယ်။
အဲဒီနောက် ရက်ပိုင်းအကြာ ဧပြီလအစပိုင်းကစလို့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးအပါအဝင် တိုင်းနဲ့ ပြည်နယ် အချို့က NLD ပါတီရဲ့ ရုံးခန်းတွေ၊ ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးတာ၊ ဖြုတ်ချခိုင်းတာမျိုးတွေ ဆက်တိုက် ရှိလာပါတယ်။
“အနီရောင်တွေ ဝတ်တဲ့အထိကို သူတို့က သေချာလိုက်ကြည့်တာ၊ အဲဒါမို့ အနီရောင်တွေ၊ ပင်နီနဲ့ ဆင်တူတဲ့ အရောင်တွေကို အမြဲတမ်းဝတ်တယ်။ သူတို့ ဒီလို မတရားလိုက်လုပ်နေပေမယ့် ငါတို့ကတော့ မပြောင်းလဲဘူး။ ဒါပဲဆိုတဲ့ ပြသတာမျိုးတွေ လုပ်နေတုန်းပဲ။ ဒါကတော့ ဆက်ပြီးရပ်တည်နေတာ အခုထိပဲ” လို့ မြို့နယ်အချို့မှာပါတီဆက်လက်တည်ရှိတဲ့ အသွင်သဏ္ဍန်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ် တန်ပြန် လုပ်ဆောင်တာမျိုးတွေဆက်လုပ်နေတယ်လို့ ပြောကြသူတွေလည်းရှိနေပါတယ်။
စစ်တပ်ဖောက်တဲ့ လမ်းကြောင်းလုံးဝ လက်မခံနိုင်
NLD ပါတီကတော့ စစ်တပ်ဘက်ကလုပ်ဆောင်ပေးဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ အတိအလင်း ထုတ်ပြောထားပါတယ်။ ဒါကို ပါတီရဲ့အလုပ်ကော်မတီကလည်း တရားဝင်ထုတ်ပြန်ထား ပါတယ်။
အလားတူ ပြည်တွင်းမှာရပ်တည်နေထိုင်ကြတဲ့ အမတ်ဟောင်းတွေနဲ့ ပါတီဝင်တွေကလည်း အလားတူ ထောက်ခံကြပါတယ်။ စစ်တပ်က NLD ပါတီကို မှတ်ပုံပြန်တင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ပါတီခေါင်းဆောင်ထံကို ချဥ်းကပ်စေခိုင်းတာမျိုးတွေကို ပြည်တွင်းကအခြားပါတီဝင်တွေကလည်း သိရှိကြပါတယ်။
“ပါတီကို မှတ်ပုံတင်တဲ့လမ်းကြောင်းကို လုပ်လိုက်မယ်ဆိုရင် အခုသူတို့လုပ်မယ့်ရွေးကောက်ပွဲကို ထောက်ခံတဲ့ပုံစံမျိုး ဖြစ်သွားပြီးတော့ ဒီ ၂၀၂၀ ကလုပ်ခဲ့တဲ့ရွေးကောက်ပွဲကို သူတို့ပြောလိုက်တဲ့ မဲလိမ်မဲခိုးပြီးလုပ် တယ်ဆိုတဲ့ပုံစံမျိုး ပုံသွင်းတာ။ အဲဒီလိုဖြစ်တဲ့အတွက် အဲဒီလမ်းကြောင်းအရသွားမယ့် ဟာမျိုးကိုတော့ မကြိုက်ဘူး။ ပါတီဝင်အများစုကြိုက်မှာမဟုတ်ဘူး” လို့ NLD ပါတီရဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘီဘီစီကိုပြော ပါတယ်။
ဒါ့အပြင် ပါတီကိုမှတ်ပုံတင်စေလိုတာကလည်း သူတို့လုပ်ဆောင်တဲ့ ရွေးကောက်ပွဲကို တရားဝင်အသိအမှတ် ပြုစေလိုတဲ့ လမ်းကြောင်းကို စစ်တပ်ဘက်ကလုပ်ဆောင်တာလို့ ပါတီဝင်တွေက ယူဆနေကြပါတယ်။
ပြည်တွင်းမှာရှိနေသူ ပါတီဝင်တွေအနေနဲ့လည်း NLD ပါတီက ရပ်တည်နေတဲ့အတိုင်း ပြည်သူတွေဒီကနေ့ ခံစားနေရတဲ့ ဒုက္ခတွေကိုသိနားလည်းပြီး၊ ကာကွယ်ပေးနိုင်ဖို့၊ အဲဒါအပြင် နိုင်ငံအတွက် ဘယ်လိုနိုင်ငံရေး စနစ်မျိုးနဲ့သာအဆုံး သတ်စေချင်တယ်ဆိုတာကို သဲသဲကွဲကွဲသိရှိပြီး ပြည်သူတွေအတွက် ကျားကန်ရပ်တည် လုပ်ဆောင်ပေးဖို့ စမ်းချောင်းမြို့နယ် ပါတီ ဥက္ကဋ္ဌ လည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့သူလည်းဖြစ်တဲ့ ဦးဘိုဘိုဦးက တိုက်တွန်းပြောဆိုပါတယ်။
စေ့စပ်ဆွေးနွေးအဖြေရှာရေး အားပေးချင်သူများ
ပြည်တွင်းမှာဆက်လက်ရပ်တည်ပြီး ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်တွေ၊ လက်ရှိထုတ်ပြန်အသိပေးနေတဲ့ အတိုင်းလိုက်နာလိုကြသူ ပြည်တွင်းက ပါတီဝင်တွေနဲ့ အမတ်တွေရှိနေသလို လက်ရှိနိုင်ငံရေးပြဿနာကို ဆွေးနွေးပြီး အဖြေရှာစေလိုတဲ့ အင်အားစုအချို့လည်း ရှိနေပါတယ်။
“ပါတီရဲ့ မူလရည်ရွယ်ချက်က စေ့စပ်ဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ မည်သို့သောအခက်အခဲအကျပ်အတည်းတွေ တွေ့ဆုံစေကာမူ စေ့စပ်တွေ့ဆုံဆွေးနွေးရေးနဲ့သာလျှင် ဆက်လက်သွားမယ်ဆိုတဲ့ မူလရည်ရွယ် ချက်ရှိပါတယ်။ အဲဒီရည်ရွယ်ချက်ကိုမပျောက်အောင် ကျွန်မတို့ရင်ထဲမှာ ယနေ့အချိန်အထိထိန်းထားတယ်” လို့ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီ ဘက်က ခွင့်ပြုပေးခဲ့ဖူးသူ ဒေါ်စန္ဒာမင်းက ဘီဘီစီကို ပြောထားပါတယ်။
ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင် စတဲ့ ဗဟိုကော်မတီဝင် ၃ ဦးကို ပါတီကိုအလွဲသုံးစားလုပ်ကာ၊ ကိုယ်ကျိုးရှာ လုပ်ဆောင်နေတယ်လို့ဆိုကာ မတ်လ ၂၁ရက်နေ့မှာ NLD ကထုတ်ပယ်ခဲ့ပါတယ်။
အလားတူ ပြည်တွင်းမှာရှိနေတဲ့ NLD ပါတီဗဟိုကော်မတီဝင်တစ်ဦးကလည်း “တပ်မတော်ခေါင်းဆောင်း တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအပါအဝင်၊ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်း ဆောင်တွေနဲ့ တိုင်းပြည်ထဲမှာတရားဝင်တည်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအပါ အဝင် ဒီမိုကရေစီအင်အားစုတွေ၊ အဲဒီအင်အားစု (၃) ရပ်ဟာ မဖြစ်မနေတွေ့ဆုံဆွေးနွေးရေးလုပ်ရပါလိမ့် မယ်။ ဒါမှသာ တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” လို့ ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့လည်း အခြားပြည်တွင်းက ပါတီဝင်တွေကတော့ စစ်တပ်နဲ့ တွေ့ဆုံညှိနှိုင်းလို့ ရနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုသူတွေလည်းရှိပြန်ပါတယ်။ အခုလို လုပ်ဆောင်နေသူတွေကလည်း “စစ်ကောင်စီကိုအမှန် ဆန့်ကျင် သူတွေနဲ့ မမှန်မကန်ဆန့်ကျင်ပြလိုသူတွေရဲ့ အခြေအနေတွေ” လို့ ဦးဘိုဘိုဦးက သုံးသပ်ပြောပြပါ တယ်။
“သူတို့ဘက်က မတရားလုပ်လို့၊ ဥပဒေမဲ့လုပ်လို့သာ ကိုယ်တွေဒီလိုအနေအထားမျိုးဖြစ်နေတာ။ ကိုယ်တွေ အနေနဲ့က ဘာမှပါတီအနေနဲ့က ဖျက်သိမ်းခံစရာအကြောင်း မရှိသလို၊ ၂၀၂၀ ရွေးကောက်ပွဲ ကလည်း ဘာမှ မတရားလုပ်ခဲ့တာမရှိသလို၊ မဲလိမ်မဲခိုးခဲ့တာမျိုးလည်းမရှိဘူး။ အမှန်တရားဘက်မှာပဲ ရပ်တည်နေတာဖြစ်လို့ ကြောက်စရာမလိုဘူး” လို့ စစ်တပ်က ပယ်ဖျက်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးက ပြောပါတယ်။