ဂျဘလီယာ ဒုက္ခသည်စခန်းပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၁၀ သေဆုံး - ဒီဇင်ဘာ ၁၈ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်းအရပ်သားတွေ သေဆုံးနေတဲ့ အစ္စရေး စစ်ဆင်ရေးကို အမေရိကန်က ဆက်လက် ထောက်ခံနေ
ရေးသားခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်ဟာ အစ္စရေး ကာကွယ်ရေး ဝန်ကြီးနဲ့ တယ်လ်အဗီးမြို့မှာ တွေ့ဆုံနေပါတယ်။

သူဟာ ဆွေးနွေးမှု အတွင်း ဂါဇာမှာ ထိုးစစ်ပြင်းထန်နေမှုကို လျှော့ချဖို့ ဖိအားပေး ပြောဆိုသွားဖွယ် ရှိပါတယ်။

အမေရိကန်ဟာ အစ္စရေးရဲ့ ပါလက်စတိုင်းတွေ အပေါ် စစ်ဆင်ရေးကို ထောက်ခံတဲ့ တဦးတည်းသော နိုင်ငံ ဖြစ်ပါတယ်။

ဂါဇာမှာ အရပ်သား အများအပြား သေဆုံးနေရပြီး ရေရှည်တည်တံ့တဲ့ အပစ်ရပ်ရေးကို ဦးတည် လုပ်ဆောင်ဖို့ ဗြိတိန် ၊ ဂျာမနီ ၊ ပြင်သစ် တို့က မနေ့ တနင်္ဂနွေနေ့တုန်းက ပန်ကြားထားပါတယ်။

ဂါဇာမှာ အကြီးဆုံး ဖြစ်တဲ့ ဂျဘလီယာ ဒုက္ခသည်စခန်းပေါ်အစ္စရေး စစ်တပ်ရဲ့ တနင်္ဂနွေက လေကြောင်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး အယောက် ၁၁ဝ သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ် အရာရှိတွေက ပြောပါတယ်။

အစ္စရေးကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း သေဆုံးသူ ၃၀၀ ကျော်ပြီ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆယ်ကျော်သက် ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး တပ်ဖွဲ့တွေ ထိပ်တိုက် ရင်ဆိုင်မှု မကြာခဏ ရှိနေတဲ့ အနောက်ဘက်ကမ်း

အနောက်ဘက်ကမ်း ဒေသက ဒုက္ခသည် စခန်းတခုမှာ အစ္စရေးတပ်ဖွဲ့နဲ့ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၄ ဦးသေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ပိုင်း တူဘတ်စ်မြို့က ဖာရာ ဒုက္ခသည် စခန်းမှာ ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

သေဆုံးသူတွေဟာ အသက်၁၇ နှစ်ကနေ ၂၄နှ စ်အတွင်း ရှိတဲ့ လူငယ်တွေလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာ စစ်ပွဲအတွင်း အစ္စရေး တပ်ဖွဲ့ လက်ချက် ဒါမှမဟုတ် ဂျူးအခြေချသူတချို့ လက်ချက်ကြောင့် အနောက်ဘက်ကမ်း ဒေသမှာ သေဆုံးရတဲ့ ပါလက်စတိုင်း အယောက် ၃၀၀ နီးပါး ရှိခဲ့ပါတယ်။

ဆိုးလ်မြို့က ဂယောင်းဘွတ်ခ် နန်းတော်မှာ ဂရပ်ဖီတီ တွေနဲ့ ရေးခြစ်ဖျက်ဆီး ခံရ

တောင်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရာ ဂျောင်ဘွတ်ခ် နန်းတော်

တောင်ကိုရီးယားက နန်းတော်ဟောင်း နေရာမှာ ဂရပ်ဖီတီ နံရံရေးပန်းချီတွေနဲ့ ရေးခြစ် ဖျက်ဆီးတာ ဒုတိယအကြိမ်မြောက် ခံခဲ့ရပါတယ်။

အခုလို အများနဲ့ဆိုင်တဲ့နေရာမှာ လက်သရမ်းဖျက်ဆီးမှုဟာ ဖြစ်ခဲလှပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တာပါ။

တိုင်းပြည်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာကို လုံခြုံရေး ကင်မရာတွေရှောင်ပြီး ဆေးမင်တွေနဲ့ ရေးခြစ်မှု သီးခြားစီ နှစ်ကြိမ် ဖြစ်ခဲ့တာပါ။

သူတို့အထဲက တယောက်ကတော့ အာဏာပိုင်တွေဆီ လာရောက် အဖမ်းခံခဲ့ပြီး တောင်ကိုရီးယားမှာ အများပိုင်နေရာဖျက်ဆီးရင် ထောင် ၅နှစ်အထိ ကျခံရနိုင်ပါတယ်။

နှစ်စဉ် လူသန်းနဲ့ချီ လာရောက်လည်ပတ်တဲ့ ဆိုးလ်မြို့က ဂယောင်းဘွတ်ခ် နန်းတော်မှာ ဒီလို ဖျက်ဆီးမှု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်တိုက် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ချင်းပစ် ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အခုနှစ်အတွင်း ငါးကြိမ်မြောက် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုဖြစ်

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံး ပစ်ခတ်စမ်းသပ်ခဲ့တဲ့အပေါ် အမေရိကန်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒါဟာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာ ဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တယ်လို့ ဆိုပါတယ်။

ဒီနေ့ တနင်္လာနေ့ မနက်က ဂျပန် ပင်လယ်ဘက်ကို မြောက်ကိုရီးယားက ခုနှစ်အတွင်း ငါးကြိမ်မြောက် တာဝေးပစ် ဒုံးကျည် စမ်းသပ် ပစ်ခတ်ခဲ့တာပါ။

ဒီဒုံးကျည်တွေဟာ အမေရိကန်ရဲ့ နေရာမရွေးကို ရောက်နိုင်ပြီး ပင်လယ်ထဲမကျခင် မိနစ် ၇၀ လောက် လေထဲဖြတ်သန်းခဲ့တယ်လို့ ဂျပန် က ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပတ်သက်လို့ တင်းမာမှု မြင့်တက်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည်ပစ်ခတ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။