မြောက်ပိုင်းအိုင်ယာလန် အာဏာပြန်ခွဲဝေကျင့်သုံးဖို့ သမ္မတဘိုင်ဒန်တိုက်တွန်း-ဧပြီလ ၁၂ ရက်ညနေခင်းသတင်းများ

မြောက်ပိုင်းအိုင်ယာလန်၊ သမ္မတဘိုင်ဒန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြောက်ပိုင်းအိုင်ယာလန် ငြိမ်းချမ်းရေးသဘောတူချက် ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သမ္မတဘိုင်ဒန် မြောက်ပိုင်းအိုင်ယာလန်ကို သွားရောက်
ရေးသားခဲ့သည်။

မြောက်ပိုင်းအိုင်ယာလန်မှာ အာဏာခွဲဝေအုပ်ချုပ်ရေး ပြန်လည်ကျင့်သုံးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပန်ကြားလိုက်ပါတယ်။

မြောက်ပိုင်းအိုင်ယာလန်မှာ ငြိမ်းချမ်းရေး ပြန်လည် ဆောင်ကျဉ်းပေးခဲ့တဲ့ Good Friday သဘောတူချက် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ပိုင်းအိုင်ယာလန်ကို ရောက်ရှိနေစဉ် သမ္မတ ဘိုင်ဒန်က အခုလို ပန်ကြားလိုက်တာပါ။

ဒီသဘောတူချက်ရအောင် ကြိုးပမ်းနိုင်ခဲ့မှုအတွက် သမ္မတဘိုင်ဒန်က ချီးကျူး ပြောဆိုခဲ့ပေမဲ့ ဒီမိုကရေစီစနစ်ဟာ အမြဲ ထိလွယ်ရှလွယ်လေ့ ရှိတယ်လို့ သတိပေးပြောသွားခဲ့ပြီး ငြိမ်းချမ်းရေး ရှိမှသာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီးယူ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်သွားခဲ့အပြီး မြောက်ပိုင်းအိုင်ယာလန်မှာ ချမှတ်ကျင့်သုံးနေတဲ့ ကုန်သွယ်ရေး သဘောတူချက်တွေအပေါ် သဘောကွဲလွဲ အငြင်းပွားနေမှုကြောင့် ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းအိုင်ယာလန်ရဲ့ အာဏာခွဲဝေကျင့်သုံးရေး အဖွဲ့ကို ဆိုင်းငံ့ထားလိုက်ပါတယ်။

ယူကရိန်းစစ်သားတွေ ခေါင်းဖြတ်သတ်ခံရတဲ့ ဗီဒီယိုပုံကြောင့် ဝေဖန်ရှုတ်ချသံတွေ ထွက်ပေါ်

ယူကရိန်း၊ ရုရှား

ဓာတ်ပုံ ရင်းမြစ်, source-Telegram

ဓာတ်ပုံ ပုံစာ, ယူကရိန်းစစ်သားတွေ ခေါင်းဖြတ်သတ်ခံရတဲ့ပုံတွေကို ရုရှားထောက်ခံတဲ့ ဆိုရှယ်မီဒီယာ ဝက်ဆိုက်တစ်ခုမှာတင်ထား

ယူကရိန်း စစ်သားတစ်ဦးကို ရုရှားစစ်သားတွေက ခေါင်းဖြတ် သတ်နေတဲ့ပုံတွေလို့ ယူဆရတဲ့ ဗီဒီယိုပုံတွေ အွန်လိုင်းပေါ် တက်လာခဲ့အပြီး ရုရှားစစ်တပ်ကို မကောင်းဆိုးရွားတွေအဖြစ် သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ခေါ်ဝေါ် ရှုတ်ချလိုက်ပါတယ်။

အဲဒီဗီဒီယိုပုံတွေကို ရုရှားလိုလားထောက်ခံတဲ့ ဆိုရှယ်မီဒီယာ ဝက်ဆိုက်တစ်ခုမှာ တင်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီတုန်းက ရိုက်ထားတာလို့ ယူဆရပါတယ်။

ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီဗီဒီယိုဟာ အရမ်းကို ဆိုးရွားလွန်းလှတယ်လို့ ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဒီဗီဒီယိုပုံဟာ ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းလွန်းလှတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်က ထုတ်ဖော်ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒါက ပုံအတု ဖြစ်ကောင်းဖြစ်နိုင်တဲ့ အတွက် တကယ့်ပုံဟုတ်မဟုတ် စစ်ကြည့်ဖို့ လိုတယ်လို့ ပြောပါတယ်။

အခုသီတင်းပတ် အစပိုင်းကလည်း မြေကြီးပေါ် လှဲခိုင်းထားတဲ့ ယူကရိန်းစစ်သားနှစ်ဦးကို ခေါင်းဖြတ်သတ်နေတဲ့ နောက်ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့အပြီး အခုဒီဗီဒီယို ထွက်လာတာပါ။

ယူကရိန်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က ဒီဖြစ်ရပ်ဟာ ထိတ်လန်ဖွယ် ကောင်းလွန်းလှတယ်လို့ ရှုတ်ချပြောခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ရုရှားတပ်ဖွဲ့ကို မကောင်းဆိုးရွားတွေအဖြစ် ခေါ်ဝေါ်သမုတ်ခဲ့ပြီး ဒီဖြစ်ရပ်တွေကို မေ့ပျောက်ပစ်မှာ မဟုတ်သလို လုံးဝ ခွင့်လွှတ်မှာလည်း မဟုတ်ဘူးလို့ ကတိပြုပြောသွားခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းအမည်ကို ထိုင်ဝမ်အစိုးရပါတီ ထုတ်ဖော်ကြေညာ

ထိုင်ဝမ်၊ ဝီလျံလိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်ဒုသမ္မတ ဝီလျံ လိုင်း

ထိုင်ဝမ်အစိုးရပါတီက လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့် သူတို့ပါတီရဲ့ သမ္မတလောင်းအမည်ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အများမျှော်လင့်ထားကြတဲ့အတိုင်း ဒီမိုကရက်တစ် တိုးတက်ရေး အစိုးရပါတီက လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့်သူအဖြစ် လက်ရှိ ဒုသမ္မတ ဝီလျံ လိုင်းကို ရွေးချယ်ခဲ့ကြပါတယ်။

သူဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကနေ ထိုင်ဝမ်ကို အကာအကွယ်ပေးရေးကို ပိုခိုင်မာအောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုထားသူ ဖြစ်ပါတယ်။

သမ္မတ ဆိုင်အင်ဝမ်းကတော့ သမ္မတသက်တမ်း နှစ်ကြိမ် ပြည့်တော့မှာမို့ ထပ်အရွေးခံခွင့် မရှိပါဘူး။

ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်အစိုးရနဲ့ ထိုင်ဝမ်ရဲ့ အရေးပါဆုံး မဟာမိတ် အမေရိကန်နိုင်ငံအကြား တင်းမာမှု အမြင့်ဆုံး အခြေအနေ ရောက်လာနေတဲ့အတွက် ထိုင်ဝမ်ကို ဘယ်သူ ဦးဆောင်မလဲဆိုတဲ့ အချက်က အရမ်းကို အရေးပါနေပါတယ်။

တရုတ်ဘက်က တိုက်ခတ်လာတဲ့ သဲတွေ တောင်ကိုရီးယားမှာ ဖုံးလွှမ်းသွား

တောင်ကိုရီးယား၊ တရုတ်၊ သဲမုန်တိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားမှာ သဲတွေ ဖုံး

တရုတ်နိုင်ငံမြောက်ပိုင်း ဂိုဘီသဲကန္တာရ နဲ့ မွန်ဂိုးလီးယားနိုင်ငံကနေ တိုက်ခတ်လာတဲ့ ဖုန်မှုန့်တွေ၊ သဲတွေက တောင်ကိုရီးယားနိုင်ငံ တစ်ခုလုံးနီးပါး ဖုံးလွှမ်းသွားတယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ အိမ်ထဲမှာ နေကြဖို့ အာဏာပိုင်တွေက အကြံပေးထားပါတယ်။

လေထုညစ်ညမ်းမှုက အခုအခါ ဂျပန်နိုင်ငံတဝန်းကိုလည်း စတင် ပျံ့နှံ့လာနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံမြောက်ပိုင်းက ဒေသတွေမှာလည်း သဲမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။

ဂိုဘီ သဲကန္တာရက သဲတွေဟာ အာရှဒေသ အရှေ့မြောက်ပိုင်းက နေရာအတော်များများကို ပုံမှန်တိုက်ခတ်လေ့ ရှိပါတယ်။