ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာက ခရစ်ယာန်စစ်ရှောင်တွေရဲ့ခရစ္စမတ် - “သာမန် တနင်္ဂနွေနေ့တစ်ရက်လိုပဲ ဖြစ်သွားတယ်”
စစ်အာဏာသိမ်းမှုအောက်မှာ သုံးကြိမ်မြောက်ဆင်နွှဲရတဲ့ ခရစ္စမတ်ကာလကို သိုသိုသိပ်သိပ်နဲ့သာ ဖြတ်သန်းနေကြတယ်လို့ ခရစ်ယာန်အများစုနေထိုင်တဲ့ ချင်း၊ ကချင်၊ ကရင်နီနဲ့ ကရင်ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာတော့ ခရစ္စမတ်အထိမ်းအမှတ်ပွဲအခမ်းအနားအချို့ရှိနေပေမဲ့ နိုင်ငံတဝန်းကနေရာအများစုမှာ စစ်မီးတောက်လောင်နေတာကြောင့် ပျော်ပွဲရွှင်ပွဲတွေမကျင်းပနိုင်ကြပါဘူး။
“ဘုရားရှိခိုးဝတ်ပြုကြတယ်။ ဖရူဆိုနဲ့ မိုဆိုဘက်မှာတော့ အစုလိုက်သတ်ဖြတ်ခံရတာအတွက် ဆုတောင်းပေးကြတယ်။ သာမန်ရက်တစ်ရက်လိုပါပဲ” လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ အရေးပေါ်တုံ့ပြန်ရေးတာဝန်ခံ မပိုးပိုက ပြောပါတယ်။
စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် ခရစ်စမတ်အကြိုနေ့က ဖြစ်ပျက်ခဲ့တဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေအပါ စစ်ရှောင်အယောက် ၄၀ ကျော်၊ နယ်ခြားစောင့်တပ်ရင်း - ၁၀၀၄ တပ်ဖွဲ့ဝင် ၄ ဦး၊ ကလေးသူငယ်အကူအညီပေးရေးအဖွဲ့ (Save the Children) က ဝန်ထမ်း ၂ ဦးတို့ ဒန်ပါကား ၃ စီး၊ ကားငယ် ၃ စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ၅ စီးနဲ့အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် အတွက် ကရင်နီလူထုမှာ ကြေကွဲဝမ်းနည်းမှုတွေရှိနေကြဆဲလို့ ရည်ညွှန်းပြောခဲ့တာပါ။
ပုံမှန်ဆိုရင် ဒီဇင်ဘာ ၂၅ ရက်နေ့၊ ခရစ္စမတ်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တို့အတွက် ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ဖြစ်ပြီး အထွတ်အမြတ်ဆုံး နေ့ထူးနေ့မြတ်လည်းဖြစ်ပါတယ်။
အခုတော့ ပြည်တွင်းက ခရစ်ယာန်ဘာသာကိုးကွယ်ယုံကြည်သူတွေအတွက် ပျော်ရွှင်ရမယ့်နေ့ရက်ဟာ ဆန့်ကျင်ဘက်အသွင်ဆောင်နေပြီလို့ ဘီဘီစီမေးမြန်းခဲ့သူတွေက တညီတညွတ်တည်းဖြေကြပါတယ်။
ခရစ္စမတ်ပွဲသိုသိုသိပ်သိပ်ဆင်နွှဲဖို့ နေအိမ်ပြန်လာတဲ့စစ်ရှောင်တွေ
မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ချင်းပြည်နယ်ဟာ ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်ရာ ဒေသတစ်ခုဖြစ်ပေမဲ့ စစ်အာဏာသိမ်းထားတဲ့ကာလတွေထဲ တစ်နှစ်ထက်တစ်နှစ် ဓမ္မတေးသံတွေ တိတ်ဆိတ်လာခဲ့ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေရဲ့ မွန်မြတ်တဲ့လဖြစ်တဲ့ ဒီဇင်ဘာလထဲ ချင်းပြည်နယ်က နေရာအများစုမှာ တိုက်ပွဲဖြစ်ပွားတာ၊ တော်လှန်ရေးအင်အားစုတွေက စစ်ရေးလှုပ်ရှားတာမရှိပေမဲ့ မတူပီမြို့မှာတော့ တစ်လလုံးနီးပါး စစ်ရေးတင်းမာနေခဲ့တာပါ။
ပလက်ဝနဲ့ မတူပီ မြို့နယ်အစပ်မှာရှိတဲ့ ထယ်ဘွေးရွာက စစ်ကောင်စီတပ်ရဲ့အခြေချစခန်းကြီးကို ဒီဇင်ဘာ ၁၈ ရက်မှာ ချင်းတော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်တွေနဲ့ ဒီဇင်ဘာ ၂၀ ရက်အထိ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
ဒါကြောင့် မတူပီကျေးရွာတွေက ဒေသခံရာနဲ့ချီစစ်ပြေးရှောင်ခဲ့ကြရပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ကမှ ခရစ္စမတ်ဆင်နွှဲနိုင်ဖို့ နေရပ်ပြန်ကြရတယ်လို့ CDF မတူပီ၊ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“မနေ့ ၂၄ ရက်နဲ့ ၂၃ ရက်ကမှ အိမ်ပြန်နိုင်ကြတယ်။ ဘုရားရှိခိုးကြမယ်၊ ကျေးရွာတွေမှာလည်း အကြီးအကျယ်ပွဲကျင်းပတာတွေမရှိဘူး။ သိုသိုသိပ်သိပ်ပဲ” လို့ CDF မတူပီ တာဝန်ခံက ဆက်ပြောပါတယ်။
ခရစ်ယာန်ဘာသာဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ကျေးရွာတွေကဖိတ်ကြားမှုတွေကို မတက်ရောက်ဘဲ ကိုယ့်စခန်းထဲမှာပဲ သီးသန့်ခရစ္စမတ်ကာလကိုဖြတ်သန်းကြမှာပါ။
“ကျွန်တော်တို့ကို ရွာတွေက ဖိတ်ပေမဲ့ မသွားရဲဘူး။ ပြည်သူတွေတခုခုဖြစ်မှာ စိုးရိမ်တယ်” လို့ CDF မတူပီ တာဝန်ခံက သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။
ဘာကြောင့်လဲဆိုတော့ မတူပီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့မှာတင် ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်နေတာကြောင့် လုံခြုံရေးသတိထားရ မယ့်အနေအထားလို့ သိရပါတယ်။
ခရစ္စမတ်နေ့မှာ လက်နက်ကြီးတွေ နေအိမ်ပေါ်ရောက်လာတဲ့ရှမ်းမြောက်
၂၀၂၃ နှစ်ကုန်ပိုင်းမှာ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်မီးတောက်လောက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ဒီဇင်ဘာ ၂၅ ရက်မှာလည်း အရပ်သားပြည်သူတွေစစ်ပြေးရှောင်နေရဆဲပါ။
နမ္မတူမြို့မှာအခြေချထားတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် - ၃၂၄ ခြေမြန်တပ်ရင်း(ခမရ)တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) တို့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ခံထောင်နဲ့ချီ စစ်တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။
ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ ရွှေဖီမြေရဲ့ ဖော်ပြချက်အရတော့ လားရှိုးမြို့ကို စစ်ကောင်စီတပ်ဘက်က အဝင်အထွက်တင်းကျပ်ထားတာကြောင့် နမ္မတူမြို့ခံတွေ မန်စံကျေးရွာဘက်မှာ ပိတ်မိနေကြသလို နမ္မတူ၊ နားလင်းရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ခရစ္စမတ်အကြိုကာလတွေမှာလည်း ရှမ်းမြောက်မှာတိုက်ပွဲဆက်ဖြစ်နေသလို လေကြောင်း၊ လက်နက်ကြီးသာမက မြေမြှုပ်မိုင်းနင်းမိတာကြောင့်ပါ အရပ်သားဒါဇင်ဝက်ခန့် သေဆုံးပြီး ဆယ်နဲ့ချီ ဒဏ်ရာရခဲ့တာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေကနေ တွေ့ရပါတယ်။
“အရင်လိုခရစ္စမတ်မလို့ ပျော်ရွှင်နေတဲ့မျက်နှာမရှိကြဘူး။ လူတိုင်းမျက်နှာကအပူတခုခု၊ စိတ်ညစ်နေကြသလိုပဲ” လို့ ကချင်နဲ့ ရှမ်းပြည်အစပ်မှာနေထိုင်တဲ့ ကိုဦး(အမည်လွှဲ)က ပြောပါတယ်။
သူနေထိုင်ရာ မိုးမောက်၊ ဗန်းမောက်တကြောမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လကဖြစ်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ စစ်ကောင်စီကြား တိုက်ပွဲကြောင့်ရှောင်တိမ်းခဲ့ရတဲ့ ဒေသခံတွေဟာ ဒီဇင်ဘာလကုန်ပိုင်းအထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရာတွေမှာပဲ ခရစ္စမတ်ကာလကို ဆင်နွှဲနေကြတာပါ။
ဒါအပြင် ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်ဘက်မှာ စစ်ကောင်စီယာဉ်တန်းလည်းသွားလာနေတာကြောင့် ရက်ပိုင်းအတွင်းတိုက်ပွဲပြင်းထန်လာနိုင်မလားဆိုတာကို ဒေသခံတွေစိုးရိမ်နေကြပြန်ပါတယ်။
“ခရစ္စမတ်ပျော်ပွဲရွှင်ပွဲထက် စစ်ရေးဘယ်လိုဖြစ်မလဲပဲ နားစွင့်နေကြရတာ” လို့ ကိုဦးက ဆက်ပြောပြပါတယ်။
ကရင်က ခရစ်ယာန်ဘာသာဝင်တွေရော ဘယ်လိုဖြတ်သန်းကြလဲ
ခရစ်ယာန်အများစုနေထိုင်သလို စစ်ကောင်စီနဲ့နေ့စဉ်လိုလိုတိုက်ပွဲရှိနေတဲ့ ကရင်ပြည်နယ်မှာလည်း အခြားဒေသတွေလိုပဲ ဘုရားဝတ်ပြုဆုတောင်းပွဲတွေသာ အစုအဖွဲ့အလိုက် သီးသန့်စီပြုလုပ်နေကြတယ်လို့ စစ်ရှောင်ကူညီပေးသူတွေဆီက သိရပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသားတွေရဲ့ ကိုးကွယ်ယုံကြည်တဲ့ဘာသာတွေထဲ ခရစ်ယာန်ဘာသာဟာ ၆.၂ ရာခိုင်နှုန်းရှိပြီး ဒုတိယကိုးကွယ်မှုအများဆုံး ဘာသာကြီးတစ်ခုလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ နေပြည်တော်၊ ပျဥ်းမနားမြို့က စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းမှာပြုလုပ်တဲ့ ခရစ်တော်မွေးနေ့ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားကို တက်ရောက်ပြီး ငြိမ်းချမ်းရေးတံခါးအမြဲဖွင့်ထားကြောင်း မိန့်ခွန်းပြောခဲ့ပါတယ်။
မြေပြင်မှာတော့ မြန်မာနိုင်ငံတဝန်း ခရစ္စမတ်ခေါင်းလောင်းသံတွေ မမြည်နိုင်တော့ဘဲ လက်နက်ကြီးသံ၊ ဗုံးကြဲသံတွေသာ အစားထိုးလာပြီလို့ စစ်မက်ဇုန်ဒေသခံတွေက အခိုင်အမာပြောကြပါတယ်။
“ပုံမှန်တနင်္ဂနွေရက် ဘုရားဝတ်ပြုကြသလိုပါပဲ” လို့ ခရစ်ယာန်ဘာသာဝင်ချင်းတော်လှန်ရေးသမားတစ်ဦး ဖြစ်တဲ့ CDF မတူပီ၊ ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကိုပြောပြခဲ့ပါတယ်။