ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးရဲ့ လူမျိုးခွဲခြားမှု တောင်အာဖရိက အိုင်စီဂျေမှာ စွပ်စွဲ- ဖေဖော်ဝါရီ ၂၀ နိုင်ငံတကာသတင်းများ
အစ္စရေးဟာ ပါလက်စတိုင်းနယ်မြေတွေမှာ လူမျိုးခွဲခြားရေးဝါဒ အပြင်းစားကို ကျင့်သုံးနေပြီး တောင်အာဖရိကမှာ ဖြစ်ခဲ့တာတွေထက် ဆိုးကြောင်း နယ်သာလန်နိုင်ငံ ဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးက သည်ဟိဂ်မြို့က ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးမှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးဟာ နှစ်နိုင်ငံ ခွဲပစ်တဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို မပေါ်ပေါက်အောင် လူမျိုးခွဲ မူဝါဒ အတင်းအကျပ် ကျင့်သုံးပြီး တားဆီးတယ်လို့လည်း တောင်အာဖရိက သံအမတ် ဗူစီ မက်ဒွန်ဆယ်လာက စွပ်စွဲခဲ့ပါတယ်။
အစ္စရေးရဲ့ ပါလက်စတိုင်းနယ်မြေတွေ သိမ်းပိုက်ထားမှုရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီး အိုင်စီဂျေ နိုင်ငံတကာ တရားရုံးမှာ ထွက်ပြောကြသူတွေထဲ တောင်အာဖရိကနဲ့ နယ်သာလန် ပါပါတယ်။
တနင်္လာနေ့ကလည်း ဒီသိမ်းပိုက်မှုကို တရားမဝင်ကြောင်း ကြေညာဖို့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြပါတယ်။
တရားရုံးရဲ့ အကြံပြုချက်ကနေ နှစ်နိုင်ငံ ခွဲပေးတဲ့ ဖြေရှင်းမှုနဲ့ ရေရှည်ခံ ငြိမ်းချမ်းရေး ပေါ်ထွန်းလာစေနိုင်တယ်လို့လည်း ဆိုပါတယ်။
တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို အစ္စရေးက အသိအမှတ် မပြုပါဘူး။
တောင်ကိုရီးယား ဆရာဝန် သပိတ်
တောင်ကိုရီးယားမှာ ဆေးကျောင်းသား ဦးရေ တိုးခေါ်ဖို့ အစိုးရက စီစဉ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဆရာဝန်တွေ ဆန္ဒပြနေကြပါတယ်။
တောင်ကိုရီးယား ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ပုဂ္ဂလိကဦးစားပေး ဖြစ်ပြီး ယှဉ်ပြိုင်သူ များလာရင် ဝင်ငွေ လျော့ကုန်မှာကို ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။
တောင်ကိုရီးယားရဲ့ ဆရာဝန်-လူနာ အချိုးအစားကလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲမှာ အနည်းဆုံးထဲမှာ ပါပါတယ်။
နိုင်ငံမှာ သက်ကြီးရွယ်အို တိုးပွားလာလို့ ဆရာဝန်ပိုလိုလာပေမယ့် ဆေးကျောင်းသား တိုးမခေါ်တာကလည်း ၂၅ နှစ် ရှိနေပါပြီ။
ဂျူလီယန် အဆန်းရဲ့ နောက်ဆုံး အယူခံ
ဝီကီလိ ဝက်ဆိုက် တည်ထောင်သူ ဂျူလီယန် အဆန်းကို အမေရိကန် မပို့ဖို့အတွက် နောက်ဆုံးအယူခံကို လန်ဒန်က တရားရုံးချုပ်မှာ တင်သွင်းနေပါတယ်။
မစ္စတာ အဆန်းကိုယ်တိုင်တော့ တရားရုံး မတက်ပါဘူး။
အရေးကြီးတဲ့ လျှို့ဝှက် စစ်ဘက်မှတ်တမ်းတွေ ပေါက်ကြားမှုနဲ့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကတည်းက သူ့ကို အမေရိကန်က အလိုရှိခဲ့ပါတယ်။
အယူခံ ပယ်ချခံရရင်တော့ မစ္စတာ အဆန်းကို လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန်ဘက်ကို လွှဲပေးနိုင်ပါတယ်။
သူ့ဇနီးအပါအဝင် သူ့ကို ထောက်ခံတဲ့ လူအုပ်ကြီးက တရားရုံးအပြင်မှာ စုဝေးခဲ့ပါတယ်။
အဆန်းက အမှားတွေကို ဖော်ထုတ်တာလို့ သူ့ပရိသတ်က ပြောကြပေမယ့် မစ္စတာ အဆန်းကြောင့် လူတွေရဲ့ အသက်တွေ အန္တရာယ် ရှိခဲ့ကြောင်း အမေရိကန်က ပြောပါတယ်။
မြောက်ကိုရီးယား စီးကရက်မှောင်ခိုကူသူ သြစတြေးလျဖမ်း
မြောက်ကိုရီးယားရဲ့ စီးကရက်မှောင်ခိုလုပ်ငန်းမှာ ပါဝင်ကူညီတယ်လို့ မသင်္ကာသူ တရုတ်အမျိုးသား တယောက်ကို သြစတြေးလျမှာ ဖမ်းဆီးထားပါတယ်။
မြောက်ကိုရီးယားထဲ ဆေးရွက်ကြီး ခိုးသွင်းပြီး နာမည်ကြီး တံဆိပ်တွေနဲ့ တူတဲ့ စီးကရက်အတုတွေ ထုတ်တယ်လို့ ယူဆရပါတယ်။
ဒီစီးကရက်တွေကို နိုင်ငံခြားပြန်ပို့ပြီး နိုင်ငံတကာက အကြီးအကျယ် ဒဏ်ခတ်ပိတ်ဆို့ ခံနေရတဲ့ မြောက်ကိုရီးယားကို ဒေါ်လာ သန်း ရာနဲ့ချီပြီး မြတ်စွန်းစေပါတယ်။
မနှစ် မတ်လကတည်းက အမေရိကန် အစိုးရ တောင်းဆိုမှုနဲ့ ဒီတရုတ်နိုင်ငံသားကို ဖမ်းထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက် အစီအစဉ်တွေကို ထောက်ပံ့ဖို့ ဒီကရတဲ့ ငွေကို သုံးကြောင်း အမေရိကန်ဘက်က ပြောပါတယ်။
အိန္ဒိယဗလီဖြိုမှု အဓိကရုဏ်းဖြစ်
အိန္ဒိယမြောက်ပိုင်းက မြို့တမြို့မှာ ဗလီအဖျက်ခံရလို့ အဓိကရုဏ်း ဖြစ်ပြီးနောက် ညမထွက်ရ အမိန့်ထုတ်ထားရာကနေ အခု တစိတ်တပိုင်း ရုပ်သိမ်းနေပါတယ်။
ဥတ္တရာခန်ပြည်နယ်မှာ ဒီလအစောပိုင်းက ဒေသဆိုင်ရာ အရာရှိတွေက ဗလီနဲ့ ဘာသာရေးကျောင်းကို အများပိုင်မြေမှာ တရားမဝင် ဆောက်ထားတယ်ဆိုပြီး စွပ်စွဲကာ ဘူဒိုဇာနဲ့ ဖြိုချလို့ အဓိကရုဏ်းဖြစ်ပြီး လူ ခြောက်ယောက် သေဆုံးခဲ့ပါတယ်။
ဥပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ မဆောင်ရွက်ဘဲ မတရား ပစ်မှတ်ထားခံရတယ်ဆိုပြီး မွတ်ဆလင် ခေါင်းဆောင်တွေက ပြောပါတယ်။
ဒီပြည်နယ်မှာ ဟိန္ဒူအမျိုးသားရေး ပါတီ ဘီဂျေပီ အုပ်ချုပ်နေတာပါ။
အိန္ဒိယနိုင်ငံမြို့တော် ဒေလီမှာလည်း ဒီလထဲမှာပဲ ဗလီတလုံးကို ကျူးကျော် ဆောက်တယ်ဆိုပြီး ဖြိုပစ်ခဲ့ပါတယ်။