ဒေါ်လာဘီလျံချီ ထောက်ပံ့ရေး ဥပဒေကြမ်း အမေရိကန်ဆီးနိတ်လွှတ်တော် အတည်ပြု - ဖေဖော်ဝါရီလ ၁၃ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို အမေရိကန်အစိုးရက ဒေါ်လာဘီလျံနဲ့ချီ ထောက်ပံ့မယ့် ဥပဒေကြမ်းတစ်ခုကို အမေရိကန် ဆီးနိတ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေဟာ အစ္စရေး၊ ထိုင်ဝမ် အတွက်ရော ပင်လယ်နီအတွင်း သင်္ဘောအသွားအလာတွေကို အမေရိကန်က စစ်ဘက်ဆိုင်ရာ အကာအကွယ်ပေးနေမှုတွေအတွက်ပါ ငွေကြေး ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဆီးနိတ်လွှတ်တော်မှာ ညလုံးပေါက် ဆွေးနွေးခဲ့ကြစဉ်အတွင်း အမတ်အများစု ဖြစ်တဲ့ ဒီမိုကရက် အမတ်တွေနဲ့အတူ ရီပတ်ဘလစ်ကန် အမတ် အတော်များများက ထောက်ခံမဲ ပေးခဲ့ကြအပြီးမှာ ဒေါ်လာ ၉၅ ဘီလျံတန် ငွေကြေးအကူအညီ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါဟာ ဆီးနိတ်လွှတ်တော် အတည်ပြုခဲ့ဖူးသမျှ ဥပဒေကြမ်းတွေထဲမှာ သမိုင်းဝင် ဥပဒေကြမ်းတစ်ခု ဖြစ်တယ်ဆိုပြီး ဆီးနိတ်လွှတ်တော် ဒီမိုကရက် အမတ်ခေါင်းဆောင် ချပ်ခ် ရှူးမားက ကြိုဆိုခဲ့ပါတယ်။
အခုအခါ ဒီဥပဒေကြမ်းကို အောက်လွှတ်တော်ကို တင်ပြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌကတော့ ဒီဥပဒေကြမ်းကို မဖြစ်မနေ ကန့်ကွက်ပိတ်ပင်မယ်လို့ အခိုင်အမာ ပြောနေပါတယ်။
ကယ်ဆယ်ရေး အထောက်အပံ့အစီအစဉ်ကို ထောက်ခံမဲပေးခဲ့သူ ဆီးနိတ်လွှတ်တော်အမတ်တွေကို ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ရာဖာထိုးစစ် မစခင် အစ္စရေး ကြိုအသိပေးခဲ့ဘူးလို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂါဇာဒေသတောင်ပိုင်း ရာဖာမြို့ကို မြေပြင် ထိုးစစ်ဆင်မှုတွေ မလုပ်ခင် တင်ကြိုပြီး အဲဒီကနေ ပါလက်စတိုင်း ဒုက္ခသည်တွေကို ကယ်ထုတ်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ အစ္စရေးအစိုးရထံက ဘာအသိပေးချက်မျိုးမှ မရထားဘူးလို့ ကုလသမဂ္ဂ လူသားချင်း စာနာကယ်ဆယ်ရေးဌာနက ပြောပါတယ်။
အစ္စရေး အစိုးရ ပြောခွင့်ရသူ အီလွန် လက်ဗီက စစ်နယ်မြေဇုံထဲကနေ အရပ်သားတွေ ကယ်ထုတ်ဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှုတွေမှာ ကုလသမဂ္ဂ အေဂျင်စီတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အပစ်ရပ် သဘောတူချက်တစ်ခု အပြီးသတ် ရေးဆွဲရေး ထပ်မံ ကြိုးပမ်းတဲ့အနေနဲ့ ကာတာ ဝန်ကြီးချုပ်နဲ့အတူ အမေရိကန်၊ အီဂျစ်၊ အစ္စရေးနိုင်ငံတွေရဲ့ ထောက်လှမ်းရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေအကြား ဆွေးနွေးပြောဆိုမှုတစ်ခု ကိုင်ရိုမြို့မှာ စတင် ကျင်းပနေပြီလို့ အီဂျစ် လုံခြုံရေး တာဝန်ရှိသူတစ်ဦးက ဒေသခံ မီဒီယာတစ်ခုကို ပြောပါတယ်။
ဒေလီကို ချီတက်လာတဲ့ ဆန္ဒပြလယ်သမားတွေကို မျက်ရည်ယိုဗုံးနဲ့ လူစုခွဲ

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယနိုင်ငံမှာ စိုက်ခင်းစျေးနှုန်း အနိမ့်ဆုံး သတ်မှတ်ပေးရေး တောင်းဆို ဆန္ဒပြဖို့ ဒေလီမြို့ဆီ ချီတက်ဖို့ ပြင်နေကြတဲ့ နိုင်ငံမြောက်ပိုင်းက လယ်သမား ထောင်ပေါင်းများစွာကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ တားဆီးခဲ့ကြပါတယ်။
ဒေလီမြို့တော်ရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ အမ်ဘာလာမြို့နားမှာ ဆန္ဒပြလူအုပ်ကြီးကို လူစုခွဲဖို့ ပစ်ခတ်ခဲ့တဲ့ မျက်ရည်ယိုဗုံးတွေကနေ ထွက်လာတဲ့ မီးခိုးတွေကို တွေ့ရပါတယ်။
အနီးအနား ပြည်နယ် ၃ ခုဆီ ဦးတည်တဲ့ လမ်းမတွေပေါ်မှာ ရဲတွေက သံဆူးကြိုးတွေ၊ အတားအဆီးတွေ ချထားပါတယ်။
အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး အာဂျွန် မွန်ဒါ ကတော့ အိန္ဒိယအစိုးရအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးတိုင်ပင်တာမျိုး မလုပ်ပြီးမချင်း စိုက်ခင်း အနိမ့်ဆုံးစျေး ဥပဒေ ပြဋ္ဌာန်းဖို့ တက်သုတ်ရိုက် မလုပ်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စနစ်တကျ ဆွေးနွေးမှုတွေမှာ ပါဝင်ကြဖို့ လယ်သမားတွေကို သူက တိုက်တွန်းလိုက်ပါတယ်။
ဒေလီမြို့မှာ လူစုလူဝေး မလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ထားတာ တစ်လကြာ ရှိသွားပါပြီ။
လပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့အပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကမှ အဆုံးသတ်ခဲ့တဲ့ အလားတူ ဆန္ဒပြမှုတွေ ထပ်မဖြစ်စေဖို့ အာဏာပိုင်တွေက တားဆီးလိုနေတာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရက်ပိုင်းအတွင်း ပြန်လွတ်လာတော့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးကြီး သက်ဆင် ရှင်နဝပ် ဆေးရုံတစ်ခုမှာ ထောင်ဒဏ် တစ်နှစ် ကျခံနေရာကနေ လာမယ့်ရက်ပိုင်းအတွင်း လွတ်တော့မယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆေသာ ထဝီဆင် က ပြောပါတယ်။ မစ္စတာ သက်ဆင်ဟာ ထိုင်းနိုင်ငံအတွက် ကောင်းကျိုးအများအပြား ဆောင်ရွက်ခဲ့တယ်လို့ သူက ပြောပါတယ်။
မစ္စတာ သက်ဆင် ဟာ ပြည်ပမှာ ကိုယ့်သဘောနဲ့ကိုယ် ၁၅ နှစ်ကြာ ထွက်ပြေးခိုလှုံနေခဲ့အပြီး ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်းနိုင်ငံကို ပြန်လာခဲ့တာပါ။ ပြန်ရောက်ရောက်ချင်းမှာပဲ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူကတော့ ဒီစွဲချက်တွေဟာ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။
ကျန်းမာရေးမကောင်းဘူးလို့ ပြောခဲ့အပြီး မစ္စတာ သက်ဆင်ကို နာရီပိုင်းအတွင်း ဆေးရုံမှာ ရွှေ့ပြောင်း ထိန်းသိမ်းထားခဲ့ပါတယ်။
အဲဒီနောက် သူ့အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၈ နှစ်ကို ထိုင်းဘုရင်က လျှော့ချလိုက်ပါတယ်။
အခုအခါ သူဟာ ထောင်ဒဏ် ၆ လ ကျခံခဲ့ပြီးသွားပြီ ဖြစ်ပြီး အသက် ၇၀ ရှိနေပြီ ဖြစ်တဲ့အတွက် လွတ်ငြိမ်းချမ်းသာ ခံရခွင့်ရှိတယ်လို့ ထိုင်းတရားရေးဝန်ကြီးဌာနက ပြောပါတယ်။







