ရုရှားဒေသ ဘဲလ်ဂရော့ထ်ထဲ ယူကရိန်း လက်နက်ကြီးတွေ နေ့စဉ်ကျရောက် - ဇွန် ၄ရက်၊ တနင်္ဂနွေည နိုင်ငံတကာ ထိပ်တန်း သတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနဲ့ နယ်စပ် ရုရှားဒေသ ဖြစ်တဲ့ ဘဲလ်ဂရော့ထ်မှာ နေကြတဲ့သူတွေကို နယ်စပ်ဖြတ်ကျော် ပစ်ခတ်နေတဲ့ လက်နက်ကြီး ရန်က ရှောင်နိုင်ဖို့ရာ မိမိတို့ နေအိမ်တွေကို စွန့်ခွာ ထွက်သွားကြဖို့၊ ဘဲလ်ဂရော့ထ် ဒေသ အုပ်ချုပ်ရေးမှူး ဗစ်ချာဆလော့ဗ် ဂလက်ဒ်ကော့ဗ်က တိုက်တွန်း နေပါတယ်။
အထူးသဖြင့် ရှဘီကီနို ဆိုတဲ့ မြို့က သူတွေ အန္တရာယ် ကြီးကြီးမားမား ကြုံနေရတယ်လို့ သူက ဆိုပါတယ်။ ဘဲလ်ဂရော့ထ် ဒေသခံ အယောက် ၅ ထောင် နီးပါးကို ရုရှား အတွင်းပိုင်း ဒေသတွေထဲ ပြောင်းရွှေ့ နေရာချပြီး ဖြစ်တယ်လို့လည်း မစ္စတာ ဂလက်ဒ်ကော့ဗ်က ပြောပါတယ်။
လက်နက်ကြီး ကျည်ကြောင့် ဒဏ်ရရသူတွေ တက်ရောက် နေရတဲ့ ဆေးရုံတွေဆီ သူသွားရောက် ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကိုလည်း မစ္စတာ ဂလက်ဒ်ကော့ဗ်က ဆိုရှယ်မီဒီယာ ပေါ်တင်ထားပါတယ်။
ဘဲလ်ဂရော့ထ် ဒေသထဲ လက်နက်ကြီးကျည်တွေ နေ့စဉ်နီးပါး ကျရောက် နေတာကို မော်စကိုမှာ ရှိတဲ့ အစိုးရကတော့ ယူကရိန်းတို့ရဲ့ ရန်လိုမှုကို ရုရှားက ခုခံ ကာကွယ်နေရတာ ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် ဝါဒဖြန့်ချီရေးမှာ အသုံးချနေတယ်လို့ အကဲခတ် တချို့က ဝေဖန်ကြပါတယ်။
အိန္ဒိယရဲ့ အဆိုးရွားဆုံး ရထားမှောက်မှု ဘာ့ကြောင့် ဖြစ်ခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ အနှစ် ၂၀ ကျော် အတွင်း အဆိုးရွားဆုံး ရထားမှောက်မှု ဘာဖြစ်လို့ ပေါ်ပေါက်ခဲ့ရတာလဲ … ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာကို ဖော်ထုတ် ထားပြီးပြီလို့ အိန္ဒိယ မီးရထား ဝန်ကြီး အက်ရှ်ဗီနီ ဗာအစ်ရှ်နောက ပြောပါတယ်။
ရထားတွေ ဘေးကင်းလုံခြုံစွာ ခုတ်မောင်းနိုင်ရေး၊ တစ်စင်းနဲ့ တစ်စင်း မတိုက်မိစေရေး အတွက် ထားရှိတဲ့ လျှပ်စစ် အချက်ပြစနစ်မှာ ပြဿနာတွေ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီး ဗာအစ်ရှ်နောက ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုကနေ အစီရင်ခံစာတစ်စောင် အဆုံးသတ် ထွက်လာဖို့တော့ ရှိနေပါတယ်။
အခင်းဖြစ်ရာ အိုဒစ်ရှား ပြည်နယ်မှာ သေဆုံးစာရင်း ပိတ်နိုင်ခဲ့ပြီ ဖြစ်တာမှာ လူပေါင်း ၂၇၅ ယောက် သေဆုံးကြောင်း အတည် ပြုလိုက်တာကြောင့် အရင် ထုတ်ပြန်ထားတာထက် အနည်းငယ် လျော့နည်းတာ တွေ့ရပါတယ်။
ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း အဆုံးသတ် လိုက်ပြီ ဖြစ်ပြီး၊ ရထားလမ်းပေါ်က တွဲ အပျက်အစီးတွေ အားလုံးကို ဖယ်ရှားဖို့ ကြိုးစား နေကြပါတယ်။
မီးရထားဝန်ကြီး ဗာအစ်ရှ်နော ပြောတာက ….
“ရထားလမ်းကြောင်း အဖွင့်အပိတ်လုပ်တဲ့ စက်နဲ့ လမ်းကြောင်းလွဲတဲ့ လျှပ်စစ် စနစ်တွေမှာ ပြဿနာ ရှိနေခဲ့တာပါ။ ဘယ်သူ့မှာ တာဝန် ရှိသလဲ ဆိုတာ အဆုံးသတ် အစီရင်ခံစာ ထွက်လာရင် သိလာရလိမ့်မယ်” ဆိုပြီး ပြောသွားပါတယ်။
ဖက်ဆစ်တွေကို သည်းမခံဘူးလို့ ကိုဆိုဗို ဝန်ကြီးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုဆိုဗို မြောက်ပိုင်း ဆာ့ဘ်မျိုးနွယ်စု အများစု ရှိတဲ့ ဒေသမှာ ဒေသန္တရ အုပ်ချုပ်ရေးမှူး မြို့တော်ဝန်တွေ ခန့်ထားခြင်းနဲ့ ပတ်သက်ပြီး မကျေလည်မှုတွေ၊ တင်းမာမှုတွေ မြင့်တက် နေတာကြောင့် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ အဖွဲ့က သတိပေးနေပါတယ်။
အယ်လ်ဘေးနီယား မျိုးနွယ်စုဝင်တွေကို ခန့်ထားရာကနေ ဆာ့ဘ် မျိုးနွယ်စုဝင်တွေ အုံကြွ ပေါက်ကွဲ ခဲ့ကြပြီး၊ အကြမ်းဖက် ဖြစ်ရပ်တွေ ပေါ်ပေါက် လာခဲ့ပါတယ်။
ကိုဆိုဗို ဝန်ကြီးချုပ် အယ်လ်ဘင် ခါ့တ်တီ ကတော့ ….. ကုလသမဂ္ဂရဲ့ မေတ္တာရပ်ခံချက်တွေ ရှိနေပမယ့်လည်း သူ့ အခေါ်အဝေါ် အသုံးအနှုံးအရ “ဖက်ဆစ်စစ်သွေးကြွ” တွေကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး၊ အဲဒီသူတွေကို ဆားဘီးယား သမ္မတ အလက်ဇန်ဒါး ဗူးချစ်က ငွေပေး ခိုင်းစေနေတာ ဆိုပြီး ဘီဘီစီနဲ့ မေးမြန်းခန်းမှာ အခုလို ပြောပါတယ်။
“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သမ္မတ ဗူးချစ်နဲ့ ပြောဆို ဆွေးနွေးတာတွေ လုပ်ပါတယ်။ အဲဒီသူက အာဏာရှင် သက်သက်ပဲဗျ။ ကိုဆိုဗိုမှာ ရှိတဲ့ ဆာ့ဘ်တွေ ပါတီတစ်ခုထက်ပိုပြီး ထူထောင်ဖို့ ဆားဘီးယားက ခွင့်မပြုပါဘူး။ ဆာ့ဘ်ဦးရေဟာ ကိုဆိုဗိုမှာ ၄ ရာခိုင်နှုန်း ရှိပြီး၊ အယ်လ်ဘေးနီးယားက ၉၃ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံတကာက လျစ်လျူရှုထားတဲ့ တခြား လူနည်းစုဝင်တွေလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်” ဆိုပြီး ကိုဆိုဗို ဝန်ကြီးချုပ် အယ်လ်ဘင် ခါ့တ်တီ ပြောသွားတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆွေးနွေး အဖြေရှာမယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလီက ရှန်ဂရီလာ ဒိုင်ယာလော့ဂ်မှာပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ် ကာကွယ်ရေး ဝန်ကြီး လီရှန်ဖူးက တရုတ်နဲ့ အမေရိကန်ကြားမှာ ပဋိပက္ခ ပေါ်ပေါက်လာမယ် ဆိုရင် ဆုံးရှုံးမှု အတိုင်းအတာက ကြီးမားလွန်းမှာ ဖြစ်တာကြောင့်၊ ပြဿနာတွေ ပဋိပက္ခတွေကို ရှောင်ကွင်းနိုင်ရေး အတွက် တရုတ်ဘက်က ပြောဆို ဆွေးနွေးရေးလမ်းကြောင်းတွေ ရှာဖွေခဲ့တယ်လို့ ပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ဆိုတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြီး လီရှန်ဖူးက အဲဒီလို ပြောခဲ့တာပါ။
အခုဆိုရင် ဒေသတွင်း နိုင်ငံတွေဟာ လက်နက် အပြိုင်တပ်ဆင်မှု ပြင်းထန် လာနေပြီလို့ သူက ဆိုပေမယ့်၊ ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ နာမည်တပ်ပြီး မပြောပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ တရုတ်နဲ့ အမေရိကန် စူပါပါဝါ နှစ်နိုင်ငံ အတွက် ဘုံ ရပ်တည်ချက် နေရာမျိုးတွေ ရှာဖွေ ရရှိနိုင်ဖို့ အတွက် လုံလောက်အောင်ကတော့ ကမ္ဘာကြီဟာ ကြီးမားကျယ်ပြန့်ပါတယ်လို့လည်း တရုတ် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးလီ က ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးလီ အပေါ် အမေရိကန်က ပိတ်ဆို့မှု ဆန်ရှင် ချမှတ်ထားတာကို တရုတ်က ကန့်ကွက်တဲ့ အနေနဲ့ အမေရိကန်ဘက်က တောင်းဆိုထားတဲ့ စစ်ဘက်ဆိုင်ရာ တိုက်ရိုက် စကားပြောဆို ဆွေးနွေးမှု ပြုလုပ်ဖို့ကိုတော့ ဘေဂျင်း အစိုးရက ပယ်ချထားပါတယ်။
ဒါ့ကြောင့် အမေရိကန် နိုင်ငံခြားရေး ဌာနဘက်ကပဲ ထိပ်တန်း အဆင့်မြင့် အရာရှိ တစ်ဦးဖြစ်တဲ့ ဒင်နီရယ် ခရစ်တင်ဘင့်ကို ဘေဂျင်းကို စေလွှတ်ထားပြီး၊ သီတင်းတစ်ပတ်ကြာ အချိန်ယူလို့ ကဏ္ဍပေါင်းစုံ အတွက် တရုတ် အစိုးရ တာဝန် ရှိသူတွေနဲ့ကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေပါတယ်။
မြောက်ကိုရီးယား အန္တရာယ်ကြောင့် ဂျပန်- တောင်ကိုရီးယား ပိုပြီး နီးစပ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ၊ ရှန်ဂရီလာ ဒိုင်ရာလော့ဂ်မှာပဲ ဂျပန်နဲ့ တောင်ကိုရီးယား ဆက်ဆံရေးတွေ ပိုမို ကောင်းမွန်လာနေတာကို တွေ့မြင် နေခဲ့ရပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု တိုးမြှင့် ကြုံတွေ့ နေရတဲ့ အတွက် ဂျပန်နဲ့ တောင်ကိုရီးယား တို့ဟာ နှစ်နိုင်ငံကြား အတိတ်က ရှိခဲ့တဲ့ ပဋိပက္ခတွေကို ကျော်လွှားဖို့ စိတ်အား ထက်သန် နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဂျပန် ထောက်လှမ်းရေး ယာဉ်ပျံကို တောင်ကိုရီးယား ဖျက်သင်္ဘောက ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တာမျိုး နောက်ထပ် မဖြစ်ရလေအောင် နှစ်ဘက် ပူးပေါင်း ဆောင်ရွက် ကြဖို့ သဘောတူထားတယ်လို့ ရှန်ဂရီလာ ဒိုင်ရာလော့ဂ် လာတက်တဲ့ ဂျပန် ကာကွယ်ရေး ဝန်ကြီး ယာဆုကာဇု ဟာမာ့ဒါက သတင်းထောက်တွေကို ပြောပါတယ်။








