ဇွန် ၂၅ ရက်၊ ထိပ်တန်းသတင်းများ- ရေးမြို့က စစ်ကောင်စီစခန်း ၁ ခု PDF ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်
နေပြည်တော် သဲဖြူကျေးရွာ အိမ်ခြေ ၁၀၀ ကျော် ကျုးကျော်ဆိုပြီးဖယ်ရှားခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကျေးရွာက နေအိမ်တွေဟာ ခွင့်ပြုချက်မဲ့ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး နေအိမ်ပေါင်း ၁၃၀ ကျော် မနေ့က ဇွန် ၂၄ ရက်မှာ ဖယ်ရှားခံလိုက်ရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် မြေပေါ်မှာ ဆောက်လုပ်ထားတာကြောင့်လို့ ပြောပြီး နေအိမ်တွေကို ဖယ်ရှားဖို့ စာပို့အကြောင်းကြားတဲ့နေ့ဟာ ဇွန် ၁၀ ရက်ဖြစ်ပြီး နောက်ဆုံးအိမ်ဖျက်ဖို့ သတ်မှတ်ထားတဲ့ရက်က ဇွန် ၁၆ ရက် ဖြစ်နေတာကြောင့် ဒေသခံတွေဟာ နေစရာရှာဖို့ အခက်ခဲတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“အချိန်ပေးတာ ၆ ရက်ပဲရှိတယ်။ ၁၆ ရက်မှာ နောက်ဆုံးထားပြောင်းပေးရမယ်ပြောတယ်။ ရက် ၂၀ မှာ လာဖျက်တယ်။ ဘတ်ဖိုးတွေ နဲ့ အကုန်ပတ်ရမ်းပစ်တာ၊ ဘာမှ ရစရာမရှိဘူး။ ရုတ်တရက် ပြောင်းဖို့လည်း နေရာမရှိဘူး။ သူတို့ကလည်း စီစဉ်ပေးတာမရှိဘူး။ အဲ့တော့ ကျွန်တော်တို့လည်း ဖျက်ဆီးခံထားရတဲ့ အိမ်ဘေးမှာပဲ မိုးကာမိုးပြီးနေကြရတယ်။ မနေ့ကဆို တနေကုန်မိုးရွာလို့ ထမင်းတောင် မချက်စားရဘူး။ အဲ့လို မိုးကာထိုးပြီးနေလည်း မမြင်ချင်ဘူး အမြန်ဖယ်ပေးလို့ ပြောတယ်”လို့ အိမ်ဖျက်ခံရတဲ့ ကျေးရွာဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
နေအိမ်တွေကို လာဖျက်ချိန်မှာလည်း အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်၊ ရဲတပ်ဖွဲ့ ၊ စစ်တပ် အပါအဝင် အဖွဲ့အစည်းအစုံက အင်အား ၁၀၀ ဝန်းကျင်လောက် ရောက်ရှိလာပြီး ဖျက်ဆီးခဲ့ကြတာလို့လည်း ပြောပါတယ်။
သဲဖြူကျေးရွာဟာ နှစ်ပေါင်း ၇၀ ဝန်းကျင်လောက်ရှိပြီး ကျူးကျော်ဖြစ်ခဲ့ရင် မူလတန်းကျောင်းလည်း ဆောက်ခွင့်ရခဲ့မှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ အခုဖျက်ဆီးခံရမယ့်အထဲမှာလည်း စာသင်ကျောင်းပါ ပါဝင်ပေမဲ့ အခုထိတော့ မဖျက်ကြသေးဘူးလို့ ပြောပါတယ်။
သဲဖြူကျေးရွာမှာ နေအိမ် ၂၅၀ လောက်ရှိပြီး နောက်ထပ် ကျန်နေတဲ့ နေအိမ်တွေကိုလည်း ရန်အောင်မြင်ကြိုးဝိုင်းအတွင်း ပါဝင်နေတာကြောင့် အမြန်ဆုံးဖယ်ရှားပေးဖို့ကိုလည်း ဇွန် ၁၆ ရက်မှာ စာပို့ထားပေမဲ့ ဘယ်နေ့နောက်ဆုံးထား ဖယ်ရှားပေးရမယ်ဆိုတာတော့ မပါဝင်ပါဘူး။
အချိန်က မိုးရာသီလည်းဖြစ်တာကြောင့် အိမ်အဖျက်ခံရတဲ့ သူတွေဟာ နေစရာအခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒုစစ်ဒေသခွဲမှူးရုံး
မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ပင်လယ်ကမ်းစပ်အနီးမှာရှိတဲ့ နှစ်ကရင် ရဲစခန်းကို KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့တွေက ဇွန်လ ၂၅ ရက်၊ နေလယ် ၁၂ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရေးမြို့နယ်ရဲ့ အစပ်ပင်လယ်ကမ်းစပ်နားမှာရှိတဲ့ အဲဒီစခန်းကို KNLA တပ်ရင်း ၂၇ နဲ့ PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် ၃၊ တောင်းပိုင်းခရိုင် PDF က အခုညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ၂ နာရီကျော်အထိကြာခဲ့ပြီး၊ စစ်တပ်ဘက်ကတော့ အဲဒီစခန်းမကျဖို့အတွက် တိုက်ပွဲအတွင်း ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ မြေပြင်က သတင်းပေးပို့မှုတွေကို ထုတ်ပြန်ဖော်ပြပါတယ်။
အဲဒီနှစ်ကရင်ရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ပူးပေါင်းလှုပ်ရှားကြတဲ့ စစ်ကောင်စီပူးပေါင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်စခန်းချတာမျိုးတွေရှိနေတာကြောင့် အဲဒီစခန်းကို ဝင်ရောက်တိုက်ခိုက် တာလို့ ဒုစစ်ဒေသခွဲမှူးရုံးကသိရပါတယ်။
တိုက်ပွဲဟာ မနက် ၁၁ နာရီ ကျော်ကနေ နေ့လယ် ၂ နာရီထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်သလို ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က အထိအခိုက်မရှိဘူးလို့ဆိုပါတယ်။
၂ နာရီလောက်ကြာအောင်ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိထားမှုတွေရှိ နိုင်တယ်လို့ လည်း KNLA ပူးပေါင်းအဖွဲ့တွေဘက်က ပြောပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုအတိအကျ ကိုတော့ မသိရသေးပါဘူး။
KNLA တပ်ရင်း ၂၇ နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာ အခုကာလအတွင်း မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမ တစ်လျှောက်ကို နယ်မြေစိုးမိုးမှုရယူထားပြီး ခရီးသွားများအတွက် နေ့စဥ်စစ်ဆေးဆောင်ရွက် ပေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း ဒုစစ်ဒေသခွဲမှူးရုံး ထံကသိရပါတယ်။
ရွှေစျေး ဆက်လက်မြင့်တက် ရောင်းစျေးဝယ်စျေး တစ်သိန်းဝန်းကျင် ကွာဟနေ

ဓာတ်ပုံ ရင်းမြစ်, YGEA
ကမ္ဘာ့ ရွှေဈေး ပြန်လည်ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေးကွက်မှာ ဆက်လက်မြင့်တက်နေပြီး ရွှေဆိုင်ကြီးတွေမှာ အရောင်းဈေးနဲ့ ပြန်သွင်းဈေး ရွှေတစ်ကျပ်သားကို တစ်သိန်းဝန်းကျင်ခန့် ကွာဟနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၁၀ ဝန်းကျင်ခန့်အထိ ကျဆင်းနေတာဖြစ်ပါတယ်။ နိုင်ငံခြားသုံးငွေအကောင့်တွေ စီမံခန့်ခွဲပြီး ဝန်ဆောင်မှုပေးနေတဲ့ စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်မယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းပြန်လည်မြင့်တက်နေတာမို့ ပြည်တွင်းရွှေဈေးမှာ ပိုမိုမြင့်တက်နေတာ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက် ရန်ကုန်ရွှေဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂ သိန်းခွဲခန့် ရောင်းဈေးရှိနေပေမဲ့ ပြန်သွင်းဈေးကတော့ ငွေကျပ် ၃၁ သိန်းခွဲခန့်သာရှိတဲ့အတွက် ရွှေတစ်ကျပ်သားကို ကျပ် ၁ သိန်းခန့် ကွာဟနေတာဖြစ်ပါတယ်။
" ဒီနေ့ အသိတစ်ယောက်ဝယ်လာတာ အခေါက်ရွှေ တစ်ကျပ်သားကို ၃၂ သိန်းခွဲဝန်းကျင်ပေးခဲ့ရတယ်။ ကျွန်တော်ပြန်သွင်းလာတာ တစ်ကျပ်သားကို ၃၁ သိန်း ခွဲပဲ ရခဲ့တယ်။ ရောင်းဈေး ၊ ဝယ်ဈေးကို တစ်ကျပ်သားမှာ ၉ သောင်းခွဲလောက် ကွာနေပြီ " လို့ အခေါက်ရွှေ ပြန်သွင်းခဲ့သူတစ်ဦးက ဆိုပါတယ်။
အရင်က ရွှေဈေးနှုန်းသိရှိလိုပါက ရွှေဆိုင်ကြီးတွေကို တယ်လီ ဖုန်း ဆက်ပြီး အလွယ်တကူ မေးပြီး အတိအကျ သိနိုင်ပေမဲ့ အခုကာလမှာတော့ ဖုန်းလက်ခံ ပြီး အတိအကျ ဖြေကြားမှု မရှိသလို၊ ဆိုင်ကို သွားရောက်ပါကလည်း အဝယ်၊ အရောင်း ကွာခြားကာ ဈေးဖြေကြားရောင်းဝယ်မှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။
" ရွှေဈေးက မငြိမ်တော့ အတိအကျ ပြောလို့မရပါဘူး။ တကယ်အရောင်းအဝယ်လုပ်တဲ့အချိန်မှာရှိတဲ့ ဈေးကပဲ အတည်ဖြစ်နေတာကြောင့်ပါ။ ပုံမှန်အားဖြင့်တော့ ရွှေအရောင်းအဝယ်ဈေးက တစ်ကျပ်သားကို တစ်သောင်း၊ နှစ်သောင်းပဲ ခွာကြတာပါ။ ခုကတော့ ဈေးမငြိမ်တော့ တစ်ဆိုင်နဲ့ တစ်ဆိုင် ရောင်းဈေး၊ ဝယ်ဈေး မတူလို့လည်း ဖြစ်ပါလိမ့်မယ် " လို့ ရွှေကုန်သည်တစ်ဦးကဆိုပါတယ်။
ရွှေဈေး၊ ဒေါ်လာဈေးများ မြင့်တက်နေတာနဲ့ အတူ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ သယ်ယူပို့ဆောင်စရိတ်တွေလည်း ဆက်လက်မြင့်တက်နေတာမို့လို့ ပြည်သူလူထုမှာ လူမှုနေထိုင်စားရိတ်တွေ နှစ်ဆ၊သုံးဆခန့် အထိ မြင့်တက်နေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
အိမ်နီးချင်းကောင်းပီသမှုကို ပြသဖို့ တရုတ်ကို NUCC တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, CINCDS
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို လက်တွေ့ကျကျ ကူညီဖြေရှင်း ဆောင်ရွက်နိုင်ဖို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို အလေးထားပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ဆက်ဆံ ပူပေါင်း ဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းကြောင်းထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံ ပြည်သူတွေရဲ့ ရေရှည် အကျိုးစီးပွား၊ ဒေသအတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားတဲ့ အိမ်နီးချင်းကောင်း ပီသမှုကို ပြသဖို့ဆိုပြီးလည်း ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က မြန်မာ့နိုင်ငံရေးကို တရုတ်နိုင်ငံက ပါဝင် ဆောင်ရွက်ချက်အပေါ် အချက် ၁၀ ချက်ပါ သဘောထားကို မနေ့ ဇွန်လ ၂၄ ရက်က ထုတ်ပြန်လိုက်တာပါ။
ဒီထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ သဘော ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်တဲ့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာ တွေကို ပိုမိုရှုပ်ထွေးစေတယ်လို့လည်းပါဝင်ပါတယ်။
ဒါ့အပြင် စစ်လက်နက်ပစ္စည်းများ ရောင်းချတာ၊ ပံ့ပိုးကူညီတာ၊ စစ်ထောက်လှမ်းရေး ဆိုင်ရာကိစ္စရပ်တွေမှာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း ရပ်တန့်ဖို့တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို လက်ခံ သဘောတူခဲ့ပေမယ့် အကောင်အထည်ဖော်ရာမှာ လက်တွေ့လိုက်နာရန်ဆောင်ရွက်ခြင်း မရှိတဲ့ အခြေအနေမှာ တရုတ်နိုင်ငံက စစ်ကောင်စီကို ပံ့ပိုးရာ ရောက်သည့် ဆက်ဆံဆောင်ရွက်မှုတွေဟာ စစ်ကောင်စီက မြန်မာပြည်သူတွေကို ဆက်လက် အနိုင်ကျင့် ဖိနှိပ်ဖို့ အားပေးကူညီနေသလို ဖြစ်နေတယ်လို့လည်း ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲ ချင်းတွင်းမြစ်ကမ်းဘေးအနီးက ညောင်ပင်ကြီးရွာအုပ်စု ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို ထပ်မံမီးရှို့နေတယ်လို့ အဲဒီကဒေသခံတွေနဲ့ ရွာအနီးက စစ်ဘေးရှောင် တွေကို ကူညီပေးနေသူတွေက ဘီဘီစီကိုပြောပါတယ်။
ဇွန်လ ၂၅ ရက်၊ ဒီနေ့မနက်ပိုင်း ၉ နာရီလောက်မှာ နှင်းတော၊ သိမ်တော်၊ ညောင်ပင်ကြီးတို့က နေအိမ်အချို့ကို မီးရှို့နေတာကို စစ်ဘေးရှောင်သူတွေက စစ်ဘေးရှောင်ရာနေရာကနေ မြင်တွေ့သိရှိနေကြပါတယ်။
ဒေသခံတွေရဲ့ ယူဆပြောပြချက်အရ အဲဒီနေရာတွေမှာ စစ်တပ်ရဲ့ အခိုင်အမာခြေကုတ်ယူမယ့် စစ်စခန်း တွေကို တည်ဆောက်နေပြီး အဲဒီနားတဝိုက်က နေအိမ်တွေကို အခုလို မီးရှို့ဖျက်ဆီးတာလို့ သိရပါတယ်။
ဒီကနေ့ မီးရှို့ခံရတဲ့ အိမ်အရေအတွက် အတိအကျကိုတော့ စစ်ရှောင်ကူညီသူတွေရော၊ ဒေသခံတွေရော တိတိကျကျမသိရသေးဘူးလို့ ပြောကြပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲမှာတော့ အနည်းဆုံး ကျေးရွာ ၉ ခုအထိ ရှိနေပါတယ်။ အဲဒီထဲက ဒေသခံ ၃ ထောင်ကျော်က ဇွန်လ အစကတည်းက ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေအခြေအနေ သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
ဇွန်လဆန်းပိုင်းကတည်းက အဲဒီညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်း စစ်ကြောင်းတွေဝင်ကာ စစ်ကြောင်း ထိုးနေတာရှိသလို၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတို့အကြားလည်း ပစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိနေ တာပါ။ အဲဒီအချိန်ကတည်းက ကျေးရွာတွေထဲ တပ်စွဲထားတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ညောင်ပင်ကြီးကျေးရွာအုပ်စုနဲ့ မုံရွာမြို့ဟာ ချင်းတွင်းမြစ်ရဲ့ တစ်ဖက်ကမ်းစီမှာ တည်ရှိတာလည်း ဖြစ်ပါ တယ်။
ဆားတောင်မှာ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့နယ် ထဲမှာ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတချို့က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်မှာ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးက ဆားတောင်မြို့နယ်ထဲကဖုန်းဆိုင်တစ်ဆိုင်မှာ တယ်လီဖုန်းဝယ်ဖို့ လာရောက်ချိန်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကနေ ပစ်ခတ်ခဲ့တာကြောင့် ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးကတော့ " ဖုန်းလာဝယ်တာလို့ ပြောနေကြတယ်။ ကာကွယ်ရေးအဖွဲ့က လက်နက်ပါလာလား မပါလာလားတော့ မသိရဘူး စစ်ကောင်စီဘက်ကတော့ ဆားတောင်ရဲစခန်းရှိသလို မြို့ပေါ်မှာလည်း ကင်းစခန်းတွေ အများကြီး ရှိတယ်။ အဲဒီမှာ အပစ်ခံလိုက်ရတာပါ။ ခုတော့ အလောင်းတွေ လာကောက်သွားတယ်" လို့ ပြောပါတယ် ။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ပေါ်ကို မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ သွားလာနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ် လာခဲ့ပြီး နောက်ပိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေး တပ်စခန်းတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်နေပါတယ်။
အဲဒီနောက် ရွာ ၆ ရွာလောက် မီးရှို့ခံခဲ့ရပြီး၊ အမျိုးသမီး တစ်ယောက်လည်း မီးလောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဆားတောင်မြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီအဖွဲ့တွေက ပုံမှန်ဆက်ရှိနေပြီး ဆားတောင်ပြည်သူဒေသခံတွေကတော့ အသွားအလာ သိပ်မရှိကြဘူးလို့ သိရပါတယ်။
UFC ရဲ့ တိုက်ခိုက်ရေးပွဲစဥ်မှာမြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန် အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, FB
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန် က ကာဇက်စတန် နိုင်ငံသား ဖိုက်တာဇူမာဂူလေ့ဗ်ကို မနေ့ ဇွန် ၂၄ ရက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗယ်မြို့မှာ ပြုလုပ်တဲ့ Ultimate Fighting Championship - UFC ရဲ့ ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေးပွဲစဥ်မှာ အနိုင်ရသွားပါတယ်။
'' အနိုင်ရမယ်လို့ ယုံကြည်ထားတဲ့အတွက် အနိုင်ရချိန်မှာ အံ့သြတာတော့မရှိပါဘူး။ ပရိသတ်ကိုတွေ့ရလို့ စိတ်လှုပ်ရှားတာတော့ရှိခဲ့တယ်'' လို့ UFC ရဲ့ ပွဲပြီးအင်တာဗျူးမှာပြောခဲ့ပါတယ်။
အခုပွဲစဥ်ဟာ ဂျိုရွှာဗန်အတွက် UFC မှာ ပထမဆုံး ယှဥ်ပြိုင်ထိုးသတ်ရတဲ့ ပွဲစဥ်ဖြစ်သလို ပထမဆုံးနိုင်ပွဲရ မြန်မာပြည်ဖွား မှတ်တမ်းကိုလည်းရရှိသွားပြီဖြစ်ပါတယ်။
ဖလိုင်းဝိတ်တန်း အနေနဲ့ ၃ ချီ ထိုးသတ်ခဲ့ရာမှာ တစ်ဦး နဲ့ တစ်ဦး အလဲ နိုင်ထိုးတာမရှိခဲ့လို့ အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး ဂျိုရွာဗန်က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂျိုရွှာဗန် ဟာ ချင်းပြည်နယ် ဟားခါးမြို့မှာမွေးဖွားတဲ့ ပြီး အသက် ၉ နှစ်အထိ နေထိုင်ခဲ့တာပါ။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာနေထိုင်နေတာပါ။
ခင်ဦးနယ် ကန်သာယာတဝိုက် စစ်ကြောင်းထိုးခံနေရ၊ ကာကွယ်ရေးအဖွဲ့ ဝင် ၁ ဦး သေဆုံးပြီးဒဏ်ရာရသူအချို့ရှိ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အတွင်းက ကန်သာယာ ကျေးရွာတဝိုက် စစ်ကောင်စီစစ်ကြောင်းထိုးလာချိန် ဒေသကာကွယ်ရေး အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ခင်ဦးမြို့နယ်၊ မြစ်တော် ကျေးရွာမှာ တပ်စွဲ ညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ မနက် ၅နာရီလောက်ကတည်းက ကန်သာယာကျေးရွာနားကို စစ်ကြောင်းရောက်ရှိခဲ့ပြီး စစ်ကြောင်း အရောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက ကာကွယ်ရေးအဖွဲ့တွေရဲ့ တည်နေရာကို သိသွားပြီး လက်နက်ကြီးတွေနဲ့ ပြန် ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
မနေ့က ဇွန်လ ၂၄ ရက်နေ့မှာလည်း ခင်ဦးမြို့နယ်ထဲက တဲစုရွာကို ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ဒေသခံ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
" မနေ့ကတော့ ဒေသခံတွေ ဖြစ်ကြတာ။ တစ်ဦးသေတယ် ရှစ်ဦး ဒဏ်ရာရတယ်။ ဒီကနေ့က မနက်က ဝင်လာတဲ့စစ်ကြောင်းကို ကာကွယ်ရေးက တစ်ယောက်က သွားပစ်လိုက်မိတာ။ အဲဒီမှာ တည်နေရာပေါက်ကြားပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ထုတယ်၊ ပစ်တယ်။ အဲဒီမှာ ဒေသကာကွယ်ရေးဘက်ကသေတဲ့သူ ဒဏ်ရာရတဲ့သူတွေ ရှိသွားတာ " လို့ ခင်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ နတ်ကြီးကုန်း တောတိုက်အနီးကို ရောက်ရှိနေပြီး အနီးတဝိုက်က ဒေသခံတွေကတော့ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကရင်နီမယ်စဲ့ကို KNDF ပူးပေါင်းတပ် တွေ ဆက်လက်ထိန်းချုပ်ထား စစ်ကောင်စီ က စစ်အင်အားတွေ ထပ်ဖြည့်နေ

ဓာတ်ပုံ ရင်းမြစ်, KNDF
ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေစိုက်စခန်း ၆ ခုကို ကရင်နီ ပူးပေါင်းတပ်တွေက ဆက်ပြီးသိမ်းပိုက်ထားတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။
ဒီကနေ့ ဇွန်လ ၂၅ ရက် မနက်မှာတော့ စစ်ကောင်စီဘက်က လည်း ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းပြည်အရှေ့အလယ်ပိုင်းက တပ်တွေကို ခေါ်ယူအင်အားဖြည့်တင်းနေပြီး နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အခြေအနေလို့ သိရပါတယ်။
ကရင်နီပြည် မယ်စဲ့မှာ ၁၁ ရက်ကျော်ကြာနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကရင်နီပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တက်စခန်း ၃ ခုနဲ့ ရဲစခန်းကို အခုလ၁၃ ရက်နေ့က သိမ်းယူခဲ့သလို ၊နောက်ထပ် တပ်စခန်းတစ်ခုကို ၂၃ ရက်နေ့က သိမ်းယူခဲ့တာပါ။
မနေ့ ၂၄ ရက်နေ့က လည်း တပ်စခန်း ခုသိမ်းပိုက်နိုင်ခဲ့ပြီး မယ်စဲ့မှာ စစ်ကောင်စီရဲ့တပ်စခန်း အားလုံး ကရင်နီပူးပေါင်းတပ်တွေက မနေ့ကစပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့က တာဝန်ရှိသူကတော့ " စစ်ကောင်စီဘက်က သေတာကိုအတိအကျ မသိရသေးဘူး။ အသေအပျောက်တော့များပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ၂၃ ရက်နေ့က ဗျူဟာကုန်းတိုက်ပွဲမှာ လေးဦးကျဆုံးတယ်။ အခုလက်ရှိဒီမနက်လည်း နှစ်ဘက်စစ်ရေးက စောင့်ကြည့်နေတုန်းပါပဲ" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မယ်စဲ့မှာ တိုက်ပွဲပြင်းထန်နေသလို တိုက်ပွဲမရှိတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းကကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု သုံးရက်ဆက်တိုက်လုပ်ခဲ့တာကြောင့် ကျေးရွာတွေအတွင်းက နေအိမ်ပျက်စီးမှုတွေအပြင် ဒေသခံသုံးဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
ကရင်နီဘက်က ဒေသခံတွေပဲရှိတဲ့နေရာတွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့အရပ်သားပြည်သူ သေဆုံးမှုရှိတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသလို မယ်စဲ့ ရက်ရှည်တိုက်ပွဲ အခြေအနေနောက်ဆက်တွဲကိုလည်း ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။








