စက်တင်ဘာ ၂၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ဒရုန်းနဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းရေး စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး တရုတ်မှာ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ တရုတ် စစ်ဘက်နည်းပညာကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီး ဒရုန်း ထုတ်လုပ်ရေး၊ လေကြောင်းရန်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းတွေအပိုင်းမှာ နည်းပညာ ပူးပေါင်းနိုင်ရေး ဆွေးနွေးထားတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ပြုလုပ်တဲ့ လုံခြုံရေးဖိုရမ်ကို စက်တင်ဘာ ၁၉ ရက်မှာ သွားတက်ပြီးတဲ့နောက် ဘေကျင်းအခြေစိုက် စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီတွေကို သွားလေ့လာချိန် အခုလို ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး သွားကြည့်ခဲ့တဲ့ကုမ္ပဏီတွေမှာ အီလက်ထရောနစ် စစ်ဆင်ရေးနဲ့ လေကြောင်း နည်းပညာဆိုင်ရာ ပစ္စည်းတွေကို ထုတ်တဲ့စက်ရုံတွေလည်း ပါဝင်တယ်လို့ ဆိုပေမဲ့ ဘယ်လုပ်ငန်းတွေ ဆိုတာတော့ တိတိကျကျ မပြောထားပါဘူး။
မြန်မာမှာ စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်လာချိန်မှာ နေပြည်တော်နဲ့ ဘေကျင်းဆက်ဆံရေးဟာ အမြင့်ဆုံးကို ရောက်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေချိန်မှာ စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ် ထွက်လာတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ မြန်မာစစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ တရုတ်ပြည်သူ့လုံခြုံရေး(ရဲ)ဝန်ကြီးဌာနက ဦးဆောင်တဲ့ မြန်မာ - တရုတ် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီသီတင်းပတ်ထဲမှာပဲ စစ်ကောင်စီ အသွင်ပြောင်း စစ်ကော်မရှင်မှာ ဝန်ကြီးချုပ်ရာထူး ယူထားတဲ့ ဗိုလ်ချုပ်ကြီး ဟောင်း ဦးညိုစောဟာ ဝန်ကြီးချုပ်တာဝန်ယူပြီး ပထမဆုံး ပြည်ပခရီးအနေနဲ့ တရုတ်နိုင်ငံ၊ နန်နင်းမြို့ကို သွားရောက်ခဲ့ပါတယ်။
သူ့မတိုင်ခင်တုန်းကတော့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘေကျင်းမြို့အထိ သွားပြီး ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေလည်း တက်ရောက်တဲ့ တရုတ်စစ်ရေးပြပွဲကို တက်ရောက်ခဲ့ ပါတယ်။
တိုင်းနဲ့ပြည်နယ် ၅ ခုမှာ မိုးများနိုင်ခြေသတိပေး

ဓာတ်ပုံ ရင်းမြစ်, JTWC
လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ငါးခုမှာ မိုးများနိုင်တယ်လို့ မိုးလေသ၀ အခြေအနေ လေ့လာစောင့်ကြည့်သူတွေက ခန့်မှန်းပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်၊ ကရင်၊ မွန်၊ ပဲခူး၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ ၇၂ နာရီအတွင်း မိုးများမယ်လို့ ပုဂ္ဂလိက မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။
မိုးရေချိန်များနိုင်တာကြောင့် မိုးသည်းမှုနောက်ဆက်တွဲ ရေနဲ့ပတ်သက်တဲ့ ဘေးအန္တရာယ်တွေကို သတိထားဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
လက်ရှိမှာ ဖိလစ်ပိုင်ရေပိုင်နက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ၁၄ လုံးမြောက် ရာဂါဆာ တိုင်ဖွန်းမုန်တိုင်းဟာ ဒီနေ့ စက်တင်ဘာ ၂၁ ရက်မှာ စူပါတိုင်းဖွန်းမုန်တိုင်းအဆင့် အားကောင်းလာတယ်လို့ ကမ္ဘာ့မိုးလေဝသဌာနတွေက ခန့်မှန်းပါတယ်။
စူပါတိုင်းဖွန်းရဲ့ မုန်တိုင်းအရွယ်အစားက အချင်းမိုင် ၇၃၆ မိုင်ရှိတာကြောင့် မုန်တိုင်းအကြွင်းအကျန်နဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်တွေကို သတိထားရမယ်လို့ သူက ပြောပြီး မိုးများမယ့် အကြောင်း သတိပေးတာဖြစ်ပါတယ်။
ဒါ့ကြောင့် အဲဒီ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်တွေမှာရှိတဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးတာ၊ မြစ်ရေ/ချောင်းရေတက်တာ၊ တောင်ထူတဲ့ ဒေသတွေမှာ မြိုပြို/တောင်ပြိုတာတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်မှာတော့ မုတ်သုန်လေအားကောင်းနေတာကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်တို့မှာ မိုးပိုနိုင်တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင် ပင်လယ်ပြင်မှာ အားကောင်းနေတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ လာအိုနိုင်ငံကို ဦးတည်ဝင်ရောက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းပါတယ်။
မုဒုံမှာ ထီးဖြူဆောင်း ပလ္လင်ပေါ် တရားဟောတဲ့ ပိဋကတ်သုံးပုံ မယ်တော်ကြီးဆိုသူ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါရွာမှာ ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်ကနေ တရားဟောတဲ့ ပိဋကတ်သုံးပုံ မယ်တော်ကြီးဆိုသူ သက်ကြီးပိုင်းအမျိုးသမီး တစ်ဦးကို မုဒုံမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ အခြေအနေတွေသိရှိသူ မြို့ခံတွေက ပြောပါတယ်။
"ဓမ္မစက်နဲ့ အာဏာစက် နှစ်ရပ်ပေါင်းစပ်ကာ ဗုဒ္ဓဘာသာဝင်တွေကို စိတ်သောက ဖြစ်စေခဲ့သော ပိဋကတ်သုံးပုံ မယ်တော်ကြီးအား လုပ်ထုံးလုပ်နည်းနဲ့အညီ ထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်"လို့ မြို့နယ် သံဃနာယက အကျိုးတော်ဆောင် လမင်းဆရာတော်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ သံဃနာယက ဆရာတော်တွေက စက်တင်ဘာ ၂၀ ရက်မှာ သွားရောက်ဖမ်းဆီးခဲ့တာကိုလည်း လမင်းဆရာတော်ရဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
သူ့ရဲ့ ဟောပြောချက်တွေဟာ တရားလမ်းစဉ်နဲ့ ကွဲလွဲနေသလို သူတရားဟောတဲ့ နေရာကလည်း သာသနာ့မြေမဟုတ်ဘဲ ဘုရားစေတီ ဆောက်လုပ်နေထိုင်တာတွေကြောင့် အခုလက်ရှိတော့ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ မြို့ခံက ပြောပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ ပလ္လင်ပေါ်ကနေ မွန်ဘာသာစကားနဲ့ တရားဟောတဲ့ ရုပ်သံဗွီဒီယိုတွေ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက်ပိုင်း အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။
"သူက ရေးမြို့နယ်မှာလည်း ဆရာတော်တွေက နှင်ထုတ်တာခံခဲ့ရဖူးတယ်။ ဘီလူးကျွန်းမှာလည်း ဆရာတော်တွေဆီ ခံဝန်နဲ့ လက်မှတ်ထိုးထားရတယ်။ အဲဒီကနေ မုဒုံကို ရောက်လာပြီး ဆက်ဟောပြောနေတာ"လို့ မြို့ခံက ပြောပါတယ်။
သူ့ကို ဒေသခံတချို့က နေစရာ ပေးထားကြသလို ယုံကြည်သူတွေ ရှိကြတယ်လို့လည်း သိရပါတယ်။
မုဒုံမြို့နယ်ထဲ အခုဖမ်းဆီးမှုမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သာသနာညှိုးနွမ်းစေမှုနဲ့ စွပ်စွဲ အရေးယူခံရမှု ဒုတိယကြိမ်မြောက်ဖြစ်စဥ်ဖြစ်လာပါတယ်။
အခုလဆန်းလဆန်းပိုင်းတုန်းကလည်း မန္တလေးမြို့မှာ သင်္ကန်းဝတ်နဲ့ တစ်တော့ဆော့တဲ့ ကိုယ်တော် တစ်ပါးကို မြို့နယ်သာသနာရေးတာဝန်ရှိသူတွေက လူဝတ်လဲစေပြီး သာသနာတော်ညှိုးနွမ်းစေမှုပုဒ်မနဲ့ အမှုဖွင့်ဖို့ လုပ်နေပါတယ်။
ဒါအပြင် မန္တလေးမြို့မှာ သရဏဂုံသုံးပါး ဓမ္မတေးကို နိုက်ကလပ်မှာ တီးခတ် ကခုန်ခဲ့တာကြောင့် DJ Violet နဲ့ ဆိုင်ပါရှင် အပါအဝင် ၄ ယောက်ကို ပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ တရားစွဲခံထားရပါတယ်။
ရှမ်းနီတပ်တွေ ဗန်းမောက်မြို့ကနေ ဆုတ်ခွာသွားပြီလို့ဆို

ဓာတ်ပုံ ရင်းမြစ်, Indaw Revolution-IR
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်နဲ့အတူ ပူးပေါင်းတိုက်နေတဲ့ ရှမ်းနီ(SNA)တပ်တွေဟာ မြို့ထဲကနေ ဆုတ်ခွာသွားပြီလို့ မြေပြင်အခြေအနေသိတဲ့ Indaw Revolution-IR အဖွဲ့က ပြောပါတယ်။
Indaw Revolution-IR က အင်းတော်၊ ဗန်းမောက် အပါအဝင် စစ်ကိုင်းတိုင်းထဲက ဒေသတွင်း သတင်းတွေကို ရေးသားနေတဲ့ လူမှုကွန်ရက် သတင်းစာမျက်နှာလည်း ဖြစ်ပါတယ်။
ဗန်းမောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၅ ရက်ကစပြီး ဗန်းမောက်မြို့ကို တိုက်ခိုက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ် (KIA) လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမောက်တိုက်ပွဲမှာ KIA တပ်ဖွဲ့ဝင်တွေ ပါဝင်နေလားဆိုတာကိုတော့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးက အတည်မပြုပါဘူး။
ဒ့ါကြောင့် လှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ၊ SNA ရှမ်းနီပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ရှမ်းနီတပ်ဖွဲ့တွေ ဆုတ်ခွာသွားတယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ သိရပါတယ်။
"ဗန်းမောက် အခြေအနေတော့ ကောင်းပါတယ်။ အလုံးစုံတော့ မသိမ်းနိုင်သေးပါဘူး။ ရှမ်းနီတွေ မြို့ပေါ်က ဆုတ်တာတော့ ဟုတ်တယ်။ လေကြောင်းကတော့ ဆက်တိုက်လာနေတယ်" လို့ Indaw Revolution-IR တာဝန်ရှိသူက ရှင်းပြပါတယ်။
စစ်အစိုးရကို တော်လှန်တိုက်ခိုက်နေတာ မဟုတ်ဘဲ ရှမ်းနီတပ် (SNA) ထိန်းချုပ်တဲ့ ဗန်းမောက်ကို KIA နဲ့ PDF အဖွဲ့တွေက အင်အားသုံးပြီး သိမ်းပိုက်လာဖို့ ကြိုးတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ရှမ်းနီသတင်းတွေကို တင်ဆက်ပေးနေတဲ့ ရှမ်းနီတော်လှန်ရေး စာမျက်နှာကနေ ရေးသားထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေးအဖွဲ့တွေက ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ ပင်လည်ဘူး၊ မော်လူး၊ အင်းတော် စတဲ့မြို့တွေကို သိမ်းပိုက်ထားတာ ထားပါတယ်။ ဗန်းမောက်တိုက်ပွဲနဲ့ပတ်သက်ပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေက သတင်းမထုတ်သေးပါဘူး။
ထိုင်း-မြန်မာနယ်စပ် စိတ်ကြွဆေးပြား ၅ သန်းနီးပါးကို ဝ တပ်ဖွဲ့ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Nyi Rang
ရှမ်းပြည်နယ်အရှေ့ပိုင်းက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့မှာ စိတ်ကြွမူးယစ်ဆေးပြား ငါးသန်းနီးပါးပါတဲ့ အိတ် ၂၃ အိတ်နဲ့အတူ အမျိုးသားတစ်ယောက်ကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) က ဖမ်းလိုက်တယ်လို့ ၀ အဖွဲ့က သတင်းထုတ်ပါတယ်။
ကြိုတင်သတင်းပေးချက်ကြောင့် ပုံပါကျင်မြို့ထဲက ကျေးရွာထဲမှာ မသင်္ကာဖွယ်ရာလူတွေ တင်ဆောင်လာတဲ့ ယာဉ်တစ်စီးကို ဝ တပ်ဖွဲ့ တပ်ရင်းမှူးက ရှာဖွေချိန်မှာ နန်ဖိုင်ကျေးရွာနားမှာ ပျောက်သွားတယ်လို့ သိရပါတယ်။
သတင်းပေးဆီက ရရှိထားတဲ့ ယာဉ်နံပါတ်ကို အခြေခံပြီး သံသယရှိတဲ့လမ်းကြောင်းတွေကို လုံခြုံရေးတပ်တွေက ပိတ်ဆို့ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၀ ရက် ည ၈ နာရီမှာ ထိုင်း- မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေကို တွေ့ရှိတာကြောင့် စစ်ဆေးဖို့ ရပ်တန့်ခိုင်းပေမဲ့ ထွက်ပြေးခဲ့ကြပါတယ်။ ထွက်ပြေးသူတွေကို လိုက်ရှာချိန်မှာ မူးယစ်ဆေးကုန်ကူးသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားကို ဆေးပြားတွေနဲ့အတူ ကားကိုပါ ဖမ်းဆီးရမိတာဖြစ်ပါတယ်။
အဲဒီအမျိုးသားဟာ ပုံပါကျင်မြို့နယ်ထဲက မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမှူးရွာက ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၀ တပ်ဖွဲ့ဆက်ဆံရေးအရာရှိ ဦးညီရမ်းကတော့ အခုဖမ်းဆီးမှုမှာ ကျန်နေသေးတဲ့ မူးယစ်ဆေး ကုန်ကူးသူတွေကို ဆက်ရှာနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး ပြဿနာတွေဟာ မြန်မာနိုင်ငံက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ ဆက်စပ်နေတာကြောင့် ပြင်းပြင်းထန်ထန် တုန့်ပြန်သင့်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ပြီးခဲ့တဲ့မေလတုန်းက ပြုလုပ်ခဲ့တဲ့ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့မှာ ပြောခဲ့ပါတယ်။
ဝ ဘက်ကလည်း ဒီအချက်ကို ငြင်းဆိုခဲ့ပြီးနောက် ဇွန်မှာ တရုတ်နိုင်ငံကို မူးယစ်ဆေး မှောင်ခိုကူးနေတဲ့အဖွဲ့ကို ဝ က ဖမ်းဆီးပြီး တရုတ်ကို ပြန်လွှဲပေးခဲ့တဲ့အကြောင်း ဝ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။











