ဘေကျင်း လုံခြုံရေးဖိုရမ်မှာ စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး မိန့်ခွန်းပြော

ဘေကျင်း လုံခြုံရေးဖိုရမ်မှာ စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်မိန့်ခွန်းပြော၊ ဇီးကုန်းရဲစခန်းတိုက်ပွဲ ရဲတပ်သားနဲ့ အရာရှိငယ်အပါ ၆ ဦး သေဆုံးတယ်လို့ဆိုတဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်မြို့ကို ရောက်နေတာကြောင့် မြို့အနှံ့နဲ့ ထားဝယ်မြစ်ကြောင်းတလျှောက်မှာ လုံခြုံရေးအင်အားအများအပြားတိုးချပြီး တင်းကျပ်ထားတယ်လို့ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကပြောပါတယ်
  • မြန်မာစစ်တပ်နဲ့ အိန္ဒိယစစ်တပ်တို့ ယဉ်ကျေးမှု လေ့လာရေးခရီးစဉ်ဆိုပြီး တပ်ဖွဲ့ဝင် ရာချီကို အပြန်အလှန် စေလွှတ်ထားတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ပါတယ်
  • ဗန်းမောက်မြို့နယ်ထဲက စစ်တပ်ရဲ့ ကာကင်းစခန်း ၆ ခုကို တော်လှန်ရေးအင်အားစုတွေက သိမ်းထားပြီး မြို့ပေါ်မှာလည်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေပါတယ်
  • တရားမဝင်မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံထဲ သယ်ယူပို့ဆောင်နေတဲ့ အဓိက ၅ နိုင်ငံရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် သတ်မှတ်လိုက်တဲ့စာရင်းထဲ မြန်မာပါ ပါဝင်နေပါတယ်
  • ကန့်ဘလူ၊ ဇီးကုန်းရဲစခန်းတိုက်ပွဲမှာ ရဲတပ်သားနဲ့ အရာရှိငယ်အပါ ၆ ဦးသေဆုံးပြီး နောက်ထပ် ၈ ဦးဖမ်းဆီးရမိခဲ့တယ်လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မလေးရှားနိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ အာဆီယံဝန်ကြီးတွေရဲ့ မြန်မာခရီးစဥ်ပျက်သွား

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ် ဟာဆန်

    ဓာတ်ပုံ ရင်းမြစ်, Facebook

    ဓာတ်ပုံ ပုံစာ, မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ် ဟာဆန်

    မြန်မာကိုလာမယ်ဆိုတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဒ် ဟာဆန် ဦးဆောင်တဲ့ ၄ နိုင်ငံကိုယ်စားလှယ် အဖွဲ့ ရဲ့ ခရီးစဥ်ပျက်သွားပြီလို့ ရန်ကုန်အခြေစိုက် သံတမန်သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

    အစောပိုင်းသတင်းတွေအရ ဝန်ကြီး ဟာဆန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် စက်တင်ဘာလ ၁၉ ရက်မှာ လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

    မြန်မာစစ်တပ်က ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အစီအစဉ်တွေကို အဲဒီ ခရီးစဉ်အတွင်း အာဆီယံ ကိုယ်စားလှယ် အဖွဲ့ က မေးမြန်းရယူသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမဲ့ အခုတော့ ဒီခရီးစဥ်ဘာကြောင့်ပျက်တယ်ဆိုတာကို ရှင်းရှင်းလင်း မသိရပေမဲ့ မြန်မာဘက်က လက်မခံတာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း သံတမန်တွေကြား သတင်းထွက်‌ပေါ် နေပါတယ်။

    အောက်တိုဘာမှာ ခရီးစဉ်ပြန်ရှိမလားဆိုတာတော့မသိရသေးဘူးလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

    စစ်တပ်ရဲ့ ၂၀၂၁ တကျော့ပြန် အာဏာသိမ်းမှုကြောင့် လက်ရှိမှာ မြန်မာကို အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး အရကိုယ်စား ပြုခွင့် မပေးတဲ့ မူဝါဒကို အာဆီယံက ကိုင်စွဲထားပါတယ်။

  3. ''နိုင်ငံတိုင်း တူညီ ပွင့်လင်း မျှတတဲ့ ထိတွေ့ဆက်ဆံခွင့်ရှိဖို့ လိုအပ်တယ်'' - စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး

    ဘေကျင်းမှာပြုလုပ်တဲ့ လုံခြုံရေးဖိုရမ်ကို စစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက် မိန့်ခွန်းပြောနေပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Beijing Xiangshan Forum

    နိုင်ငံတိုင်းဟာ ကြီးကြီးငယ်ငယ် တူညီ ပွင့်လင်းမျှတတဲ့ ထိတွေ့ ဆက်ဆံခွင့်ရှိဖို့ လိုအပ်တယ်လို့ မြန်မာစစ်ကော်မရှင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာပြုလုပ်တဲ့ လုံခြုံရေးဖိုရမ်မှာ ပြောလိုက်ပါတယ်။

    ဘေကျင်းမြို့မှာ ၁၂ ကြိမ်မြောက် ဘေကျင်း ရှမ်းရှန်ဖိုရမ်ကို တက်ရောက်မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။

    ''ဗိုလ်ကျလွှမ်းမိုးမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ မမျှတမှုကို ဆုံးသတ်စေတဲ့ကမ္ဘာကြီးကို မြန်မာက ကြိုဆိုပါတယ်'' လို့ သူက ပြောပြီး အုပ်ချုပ်မှုစနစ်စုံတဲ့ကမ္ဘာဖြစ်အောင် နိုင်ငံတိုင်းလုပ်ဆောင်သင့်တယ်လို့ သူ့မိန့်ခွန်းမှာ ထည့်ပြောတဲ့အကြောင်း South China Morning Post က သတင်းရေးပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာစစ်ခေါင်းဆောင်အပါအဝင် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့ စစ်တပ်တဲ့ဆက်နွှယ်တဲ့လူပုဂ္ဂိုလ်တွေ ဟာ ဒဏ်ခတ်ပိတ်ဆို့ခံထားရပါတယ်။

    ဒါပေမဲ့ အခုနှစ်ပိုင်းအတွင်း ဒေသတွင်းနိုင်ငံတွေထဲ နေပြည်တော်ရဲ့ သံခင်းတမန်ခင်း ခြေတံလက်တံ ဆန့်တန်းလာနိုင်နေချိန်မှာပဲ မြန်မာစစ်တပ် ဗိုလ်ချုပ်ကြီးတစ်ဦး ရဲ့ အခုလိုအပြောထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဘေကျင်းမှာ ကျင်းပတဲ့ အခုဖိုရမ်ဟာ စင်္ကာပူမှာ ကျင်းပပြီး အမေရိကန်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကာကွယ်ရေးဆိုင်ရာထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့ ရှန်ဂရီလာ လုံခြုံရေး ဖိုရမ်ကို အပြိုင်လုပ်တဲ့ဖိုရမ်လို့ အကဲခတ်တွေက ရှုမြင်ထားပါတယ်။

    ဒီနှစ် ရှန်ဂရီလာဖိုရမ်ကို တရုတ်က ကာကွယ်ရေးဝန်ကြီးကို မလွှတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘေကျင်းမှာ ဒီနေ့ ပြုလုပ်တဲ့ဖိုရမ်ကိုတော့ တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ဂျွင်း တက်ရောက်ပြီး နာရီဝက်လောက်ကြာအောင် မိန့်ခွန်းပြောခဲ့ပါတယ်။

    တရုတ်ကာကွယ်ရေးဝန်ကြီးက ဒီနေ့ ဖိုရမ်မှာ အနောက်နိုင်ငံတွေကို ရည်ညွှန်းပြီး နိုင်ငံတွေအနေနဲ့ ''အနိုင်ကျင့်'' မှုကို အတူရင်ဆိုင်ကြဖို့ သူက တိုက်တွန်းပြောသွားပါတယ်။

    တဖက်မှာလည်း နေပြည်တော်ဟာ တရုတ်နဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးတွေ အခုလတွေအတွင်း တိုးမြှင့်နေတာကို မြင်နိုင်ပါတယ်။

    စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောဟာ နန်နင်းမြို့မှာပြုလုပ်နေတဲ့ တရုတ်- အာဆီယံ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာပွဲကို တက်ရောက်နေပါတယ်။

    အဲဒီမတိုင်ခင်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ တရုတ်ပြည်ထဲရေးဝန်ကြီးနဲ့ ဘေကျင်းမြို့မှာတွေ့ဆုံပြီး နယ်စပ်အရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေး ဆွေးနွေးထားပါတယ်။

  4. စစ်တပ်ရဲ့ သီးခြားလွတ်ငြိမ်းခွင့်ရ ဒေါက်တာအေးမောင်နဲ့ ရွေးကောက်ပွဲစိန်ခေါ်ချက်တွေ

    ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို သူ ကျခံဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုလိုက်တာကြောင့် ၂၀၂၅ စစ်တပ်ရဲ့ ရွေးကောက်ပွဲထဲ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသွားပါပြီ။

    ဒါက နယ်မြေအများစုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးဘောင်ရှိနေသေးတယ်ဆိုတာကို စစ်တပ်က ပြချင်တာကြောင့်ဆိုတဲ့သုံးသပ်ချက်တွေရှိပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အမိန့်နဲ့ ဒီလို လူတစ်ဦးအတွက် အမိန့်ထုတ်ပြန်ပေးတာဟာ အလွန်ရှားပါးတဲ့ဖြစ်စဥ် ဖြစ်ပါတယ်။

    ၁၇ မြို့နယ်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အေအေ ထိန်းချုပ်မြို့နယ် ၁၄ မြို့နယ်ရှိနေပေမဲ့ စစ်တပ်က မြို့နယ် ၇ ခုကို ရွေးကောက်ပွဲလုပ်မယ်လို့ စက်တင်ဘာ ဒုတိယပတ်မှာ ကြေညာလိုက်ပါတယ်။

    စစ်ရေးပဋိပက္ခနဲ့ ဖြတ်လေးဖြတ်ပြဿနာတွေရှိနေတဲ့ ရခိုင်မဲဆန္ဒနယ်တွေက ဒေါက်တာအေးမောင် နဲ့ သူ့ပါတီအတွက် ဘယ်လိုစိန်ခေါ်ချက်တွေရှိနေလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. DJ Violet တောင်းပန်မှုကို လက်ခံခဲ့တဲ့မြို့နယ်သံဃနာယကဆရာတော်တွေ ခံဝန်လက်မှတ်ထိုးရ

    DJ Violet  အဖမ်းမခံရခင် သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအပါအဝင် ဆရာတော် ၅ ပါးရှေ့မှောက် ဝန်ချတောင်းပန်ခဲ့စဉ်

    ဓာတ်ပုံ ရင်းမြစ်, Thandar Naymyo Aung

    ဓာတ်ပုံ ပုံစာ, DJ Violet အဖမ်းမခံရခင် သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအပါအဝင် ဆရာတော် ၅ ပါးရှေ့မှောက် ဝန်ချတောင်းပန်ခဲ့စဉ်

    DJ Violet ရဲ့ တောင်းပန်မှုကို ရဟန်းရှင်လူပြည်သူတို့ရဲ့ကိုယ်စားခွင့်လွှတ်ကြောင်း လက်မှတ်ရေးထိုးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံ ဃနာယကအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ဆရာတော် ၅ ပါးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ခံဝန်ကတိထိုးခိုင်းတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့နဲ့ နီးစပ်တဲ့ ဆရာတော်တစ်ပါးက ဘီဘီစီကို မိန့်ပါတယ်။

    “သံဃာပိုင်းဆိုင်ရာ ဝန်ချတောင်းပန်လို့ လက်ခံလိုက်တဲ့သဘောပါပဲ။ ရဟန်းသံဃာအလုပ် လုပ်လိုက်တယ်လို့ပဲမြင်ပါတယ်” လို့ အဲဒီဆရာတော်ကပဲ ဆက်မိန့်ပါတယ်။

    ဗုဒ္ဓသာသနာတော်ကို ထိခိုက်စော်ကားထားတာကို မြို့နယ်အဆင့် သံဃနာယကအဖွဲ့အနေနဲ့ ရဟန်းရှင်လူပြည်သူကိုယ်သား ခွင့်လွှတ်ကြောင်း လက်မှတ်ရေးထိုးတာက မလျော်ကန်ဘူးလို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့စာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

    နောက်များမှာလည်း အလားတူ ဗုဒ္ဓဘာသာကို စော်ကားကျူးလွန်မှုတွေအတွက် သံဃ့ာအဖွဲ့အစည်းကို အကာအကွယ်ယူ အသုံးချလာနိုင်တာကြောင့် လက်ခံခွင့်လွှတ်တာမျိုး မရှိစေရေး အခုလို ခံဝန်ထိုးခိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ထဲက Cover Club ဆိုင်မှာ "ဗုဒ္ဓံ သရဏံ ဂစ္စာမိ" သီချင်းကို တီးခတ်ခဲ့တဲ့ ရုပ်သံဖိုင်ကြောင့် လူထုကြားထဲ ဝေဖန်မှုတွေမြင့်တက်ခဲ့ချိန်မှာပဲ DJ Violet က သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ကို သွားပြီး ခွင့်လွှတ်ဖို့ ဝန်ချတောင်းပန်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာတော့ "ဗုဒ္ဓံ သရဏံ ဂစ္စာမိ" သီချင်းကို DJ တီးခတ်ခဲ့တဲ့ DJ Violet နဲ့ ကလပ်ပိုင်ရှင်အပါအဝင် လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က နဲ့အမှု ဖွင့်ထားတယ်လို့ စစ်ကော်မရှင်က စက်တင်ဘာ ဒုတိယအပတ်မှာ ထုတ်ပြန်ထားပါတယ်။

  6. စစ်ခေါင်းဆောင် ထားဝယ်ရောက်နေတယ်လို့ဆို

    ၂၀၂၂ ခုနှစ် ထားဝယ်ခရီးစဉ်မှာ တွေ့ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ထားဝယ်ခရီးစဉ်မှာ တွေ့ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကို ရောက်လာတယ်လို့ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်တချို့နဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်ခေါင်းဆောင် ရောက်မလာခင်ကတည်းက မြို့အနှံ့နဲ့ ထားဝယ်မြစ်ကြောင်းတလျှောက်မှာ လုံခြုံရေးအင်အားအများအပြားတိုးချပြီး တင်းကျပ်ထားတယ်လို့ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက ပြောပါတယ်။

    “လမ်းဆုံ လမ်းခွတွေ၊ လမ်းမကြီးတွေနဲ့ လေဆိပ်အနီးတဝိုက်ကို အင်အားအများကြီးသုံးပြီး လုံခြုံရေးချထားတယ်” လို့ သူက ဆိုပါတယ်။

    မြို့ထဲ လမ်းမတွေပေါ်က စစ်တပ်စောင့်ကြပ်နေတဲ့ဂိတ်တချို့ကလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    “အိမ်ရှေ့ပြင်ဂိတ်ကိုတော့ နေ့လယ်အထိ ပိတ်ထားတယ်။ ကားတွေလည်း ၁ စီးပြီးမှ ၁ စီး ဖြည်းဖြည်းပဲ ဖြတ်ခိုင်းတယ်။ ဂိတ်ဖြတ်သန်းတဲ့သူအကုန်လုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်နေတယ်” လို့ သူကပြောပါတယ်။

    စစ်ခေါင်းဆောင်ဟာ ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲကို တက်ရောက်ဖို့ လာခဲ့တာဖြစ်ပြီး မြို့ခံစီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံမှာဖြစ်သလို ထားဝယ်မှာရှိတဲ့ ဘုရားတချို့ကိုလည်း သွားရောက်ဖူးမြော်ဖို့ ရှိတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။

    စစ်ခေါင်းဆောင် ထားဝယ်မြို့ကို ရောက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

    စစ်ခေါင်းဆောင် ထားဝယ်မြို့ကို ရောက်လာတာဟာ ၂၀၂၅ ရွေးကောက်ပွဲကိစ္စတွေအပြင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွေနဲ့ ပတ်သက်ပြီးရောက်လာတာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုနေကြပါတယ်။

    စစ်ခေါင်းဆောင်မရောက်လာခင် မနေ့ စက်တင်ဘာ ၁၇ ရက်ကတော့ ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်ထဲက ရွာ ၁၀ ရွာထက်မနည်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး နောက်ထပ် ဒေသခံ ၅ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    စစ်ကော်မရှင်ကတော့ စစ်ခေါင်းဆောင် ထားဝယ်ရောက်နေတဲ့ အခြေအနေအပါအဝင် မြို့နယ် ၃ ခုက ရွာတွေ လေကြောင်းတိုက်ခံရတာနဲ့ ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  7. မြန်မာနဲ့ အိန္ဒိယစစ်တပ်တို့ အဖွဲ့ဝင်ရာချီကို လေ့လာရေးခရီး အပြန်အလှန်စေလွှတ်

    စစ်ဘက်သုံး လေယာဉ်တစ်စင်းနောက်ပိုင်းကနေ ဆင်းလာတဲ့ အိန္ဒိယ စစ်တပ် တပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ် အရာရှိတစ်ချို့က လက်တွဲ နှုန်ဆက်နေတာဖြစ်ပါတယ်။ မြန်မာအရာရှိ ၄ ဦးနဲ့ အိန္ဒိယ စစ်တပ် တပ်ဖွဲ့ဝင် ၅ ဦးတို့ အပြန်အလှန် တန်းစီ လက်ဆွဲနှုတ်ဆက်နေကြတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, အိန္ဒိယတပ်ဖွဲ့ဝင် ၁၂၀ ဟာ စက်တင်ဘာလ ၁၆ ရက်ကစလို့ နေပြည်တော်ကို လေ့လာရေးခရီး ရောက်လာတယ်လို့ မြန်မာစစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်ပါတယ်

    မြန်မာစစ်တပ်နဲ့ အိန္ဒိယစစ်တပ်တို့ဟာ ယဉ်ကျေးမှု လေ့လာရေးခရီးစဉ်ဆိုပြီး တပ်ဖွဲ့ဝင် ရာချီကို အပြန်အလှန် စေလွှတ်ထားတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

    မြန်မာစစ်တပ်က ဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၁၂၀ ကို ဗုဒ္ဓဂါယာရှိတဲ့ အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ကို မြန်မာဘက်က စေလွှတ်ခဲ့တာဖြစ်ပါတယ်။

    အိန္ဒိယစစ်တပ်ကတော့ ကာနယ်တစ်ဦး ဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၁၂၀ ကို စေလွှတ်ပါတယ်။

    ဒါဟာ မြန်မာစစ်အာဏာသိမ်းထားတဲ့ ၅ နှစ်နီးပါးအတွင်း မြန်မာနဲ့ အိန္ဒိယစစ်တပ်ကြား တပ်ဖွဲ့ဝင် ရာကျော်ကို စစ်ရေးလေ့ကျင့်မှု မဟုတ်ဘဲ လေ့လာရေးခရီးအဖြစ် ပထမဆုံးအကြိမ် အပြန်အလှန်စေလွှတ်မှုဖြစ်လာပါတယ်။

    အိန္ဒိယတပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်က တန်ခိုးကြီးဘုရားတွေနဲ့ အထင်ကရနေရာတွေကို လည်ပတ်ကြမယ်လို့ဆိုပါတယ်။

    နှစ်ဖက်တပ်ဖွဲ့ဝင်တွေရဲ့ ခရီးစဉ်ဟာ စက်တင်ဘာလ ၁၆ ရက်မှာ စတင်ပြီး ၁၉ ရက်မှာ ပြီးဆုံးမယ်လို့လည်း စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

    အိန္ဒိယဟာ တရုတ်နဲ့ ရုရှားတို့ပြီးရင် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ထောက်ပံ့နေတဲ့နောက်ထပ် နိုင်ငံတစ်နိုင်ငံလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေပေမဲ့ နေပြည်တော်နဲ့ အိန္ဒိယကြား စစ်ဘက် အရပ်ဘက်ဆက်ဆံရေးတွေ အခုနှစ်ပိုင်းတွေအတွင်း ခပ်စိပ်စိပ်ပိုရှိလာပါတယ်။

    အိန္ဒိယဟာ ဇူလိုင်လကုန်ပိုင်းမှာ မြန်မာစစ်တပ် အရာရှိအယောက် ၃၀ ကို ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးသင်တန်း ပေးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးနဲ့ စစ်ကောင်စီတို့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

  8. ဗန်းမောက်မြို့ပေါ်မှာ စစ်တပ်နဲ့ KPDF တိုက်ပွဲဖြစ်နေ, ဒေသခံထိခိုက်သေဆုံးမှုတွေရှိနေ

    ဗန်းမောက်မြို့နယ်ထဲက တစ်နေရာ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, ShanNi Voice

    ဓာတ်ပုံ ပုံစာ, ဗန်းမောက်မြို့နယ်ထဲက တစ်နေရာ (ပုံဟောင်း)

    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက စစ်တပ်ရဲ့ ကာကင်းစခန်း ၆ ခုကို တော်လှန်ရေးအင်အားစုတွေက သိမ်းထားပြီး မြို့ပေါ်မှာလည်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

    တိုက်ပွဲစဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်ကနေ ၁၈ ရက်အထိ ၄ ရက်အတွင်း ဗန်းမောက်မြို့နယ်ထဲက ကာကင်းစခန်း ၆ ခုကို သိမ်းထားတာလို့ သူကဆိုပါတယ်။

    ဗန်းမောက်တိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေကို စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော်(SNA)တို့က ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ရှမ်းနီတပ်က အင်အားပိုများတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    စစ်တပ်ရဲ့ “တပ်မ ၇၇ (ခြေမြန်တပ်မ) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်နေတယ်” လို့ သူက ထပ်ပြောပါတယ်။

    တိုက်ပွဲကာလအတွင်း နှစ်ဖက် လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗန်းမောက်မြို့ပေါ်ကအရပ်သားတချို့ သေဆုံးတာတွေ ရှိတယ်လို့ မြေပြင်အခြေအနေသိသူ တစ်ဦးက ပြောပါတယ်။

    “အမျိုးသား ၁ ယောက် ဆုံးတယ်၊ နောက်ထပ် ၃‌ ယောက်လောက် ထိခိုက်ဒဏ်ရာရထားတယ်” လို့ သူက ဆိုပါတယ်။

    ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

    တိုက်ပွဲအတွင်း စစ်တပ်က မြို့ဝင်၊ မြို့ထွက်ဂိတ်တွေကို ပိတ်ထားတာကြောင့် ဒေသခံတချို့ တိုက်ပွဲကြားထဲမှာ ပိတ်မိနေတုန်းပဲလို့ စစ်ရှောင်လာတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ဗန်းမောက်တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ကသာခရိုင်တပ်ရင်းတွေအပါအဝင် ကသာပြည်သူ့ကာကွယ်‌ရေးအဖွဲ့(ပကဖ)နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့ပါ ပူးပေါင်းတိုက်ခိုက်နေတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

    KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ “မြေပြင်မှာ လိုအပ်လာရင် ပူးပေါင်းဆောင်ရွက်တာတော့ ရှိနိုင်ပါတယ်။ စစ်ဆင်ရေးတစ်ခုအနေနဲ့ ပါဝင်တာမျိုးတော့ မဟုတ်ပါဘူး” လို့ ဘီဘီစီကို ဒီနေ့စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

    စစ်ကော်မရှင်ကတော့ ဗန်းမောက်မြို့က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  9. ဗိုလ်ချုပ်ကြီးလေးဦး အနှစ် ၆၀ နီးပါး အာဏာသိမ်းထားတဲ့ မြန်မာပြည်

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်စောမောင်နဲ့ ဗိုလ်ချုပ်နေဝင်းတို့ရဲ့ ဓာတ်ပုံတွေကို စစ်ရေးပြပွဲမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်အချို့နဲ့အတူ ပေါင်းစပ်ပြုလုပ်ထားတဲ့ ဓာတ်ပုံကို အဖြူ အမည်းနဲ့ အနီရောင်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်စောမောင်ကလွဲလို့ ကျန် သုံးယောက်စလုံး ဦးထုပ်ဆောင်းထားပြီး အဲဒီထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလေးပြုပုံပါဝင်

    လွတ်လပ်ရေးရတာ ၇၇ နှစ်ရှိပြီတဲ့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ အုပ်ချုပ်ရေးကာလက အနှစ် ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။

    ၁၉၆၂ မှာ ပထမဆုံးအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ သူ့ကိုဆက်ခံသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။

    ဒီ ၄ ဦးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တခြားသူတွေနဲ့မတူဘဲ ဒုချုပ်ကနေ တပ်ချုပ်ကို အာဏာပြန်သိမ်းတာဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမဲ့ ကျန်တဲ့ စစ်ခေါင်းဆောင်သုံးဦးနဲ့ နှိုင်းယှဥ်ရင် သူ့ရဲ့အာဏာသိမ်းအုပ်ချုပ်ရေးကာလက တိုတောင်းလွန်းလှပါတယ်။

    အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး သုံးဦးရဲ့ဓာတ်ပုံတွေကို တိုင်းစစ်ဌာနချုပ်တွေမှာ တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံနဲ့ ယှဥ်တွဲချိတ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုပါ။

  10. အမေရိကန်ကို တရားမဝင်မူးယစ်ဆေးတင်ပို့တဲ့ ၅ နိုင်ငံထဲ မြန်မာပါဝင် - အိမ်ဖြူတော်

    စက်တင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မောရစ်စ်တောင်းလေဆိပ်မှာတွေ့ရတဲ့ သမ္မတ ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မောရစ်စ်တောင်းလေဆိပ်မှာတွေ့ရတဲ့ သမ္မတ ထရမ့်

    တရားမဝင်မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံထဲ သယ်ယူပို့ဆောင်နေတဲ့ အဓိက ၅ နိုင်ငံရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် သတ်မှတ်လိုက်တဲ့စာရင်းထဲ မြန်မာပါ ပါဝင်နေတယ်လို့ အိမ်ဖြူတော်ကနေ စက်တင်ဘာလ တတိယအပတ်ထဲမှာ ကြေညာလိုက်ပါတယ်။

    မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားစတဲ့ ၅ နိုင်ငံကို တရားမဝင်မူးယစ်ဆေးဝါး ပို့ဆောင်မှုတွေအတွက် တာဝန်ရှိတယ်လို့ သမ္မတ ထရမ့်က သတ်မှတ်ပြီး အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံ‌ရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောထားပါတယ်။

    သမ္မတအိမ်တော် ‘‘အိမ်ဖြူတော်” ရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအရ ဒီ ၅ နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတာဝန်ခံဖို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

    ဒါ့အပြင် ဒီမူးယစ်ဆေးဝါးတွေ နိုင်ငံထဲ ရောက်လာပြီး အမေရိကန်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံရတဲ့အခြေအနေတွေကို ကာကွယ်ဖြေရှင်းဖို့ နည်းလမ်းအစုံ သုံးသွားမယ်လို့လည်း အိမ်ဖြူတော်က အသိပေးထားပါတယ်။

  11. ကန့်ဘလူ၊ ဇီးကုန်းရဲစခန်းတိုက်ပွဲ ရဲတပ်သားနဲ့ အရာရှိငယ်အပါ ၆ ဦး သေဆုံး တယ်လို့ဆို

    ဇီးကုန်းရဲစခန်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေ

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, ဇီးကုန်းရဲစခန်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဇီးကုန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ ရဲတပ်သားနဲ့ အရာရှိငယ်အပါအဝင် ၆ ဦးသေဆုံးတယ်လို့ ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် အဲဒီတိုက်ပွဲမှာ နောက်ထပ် ၈ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ '' ဖမ်းမိခဲ့တဲ့ ၈ ဦးထဲမှာ ၄ ဦးက ရဲတပ်သား ၂ ယောက်နဲ့ ဗိုလ်လေး ၂ ယောက်၊ နောက်ထပ် ၄ ဦးက တပ်သားမိန်းမ ၂ ယောက်နဲ့ကလေး ၂ ယောက်” လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းရဲ့ အနောက်ဘက်ခြမ်း ၅ မိုင်ဝန်းကျင်မှာရှိတဲ့ ဒီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေဆီက သိရှိရပါတယ်။

    အဲဒီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတဲ့ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာထွက်ပေါ်လာပါတယ်။ အဲဒီရုပ်သံထဲမှာ ၁၀ဦးထက်မနည်းရှိတဲ့ တော်လှန်ရေးအင်အားစုတွေက ကားတစ်စီးနဲ့ ဇီးကုန်းစခန်းကို သွားရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။

    အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရဲစခန်းရှေ့မှာ ရှိနေတဲ့ အရပ်ဝတ်နဲ့ အနည်းဆုံးလူ ၂ ဦးလည်း သေနတ်ထိမှန်ပြီးလဲကျသေဆုံးနေတာတွေ့ရပါတယ်။ ရဲစခန်းအပြင်လိုင်းခန်းတွေထဲလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ရဲတပ်သားနဲ့အရာရှိငယ်တွေကို ဖမ်းဆီးခဲ့တာတွေ့ရပါတယ်။

    ဒီတိုက်ပွဲကနေ လက်နက် ၁၂ လက်နဲ့ ခဲယမ်းတချို့လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရဲစခန်းကို စီးနင်းနိုင်ပြီးနောက် ရဲစခန်းထဲမှာ အချုပ်ကျနေတဲ့ အရပ်သား ၃ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

    ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ရေဦးအခြေစိုက်အဖွဲ့ဖြစ်ပြီး ဇီးကုန်းရဲစခန်းစီးနင်းတဲ့ တိုက်ပွဲမှာ ကန့်ဘလူခရိုင်ပကဖအဖွဲ့အပြင် နယ်မြေခံတပ်တချို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    တိုက်ပွဲက မိနစ်ပိုင်းလောက်ပဲကြာမြင့်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ပွဲပြီးတဲ့နောက် ရဲစခန်းကနေ ပြန်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ကတော့ ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  12. မင်္ဂလာပါ။ စက်တင်ဘာ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။