မတ် ၂၂ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ယာယီသမ္မတဦးမြင့်ဆွေ နှစ်ပတ်တစ်ခါ ဆေးကုသမှုခံယူ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ကျန်းမာရေးအကြောင်းပြချက်နဲ့ အနားယူခွင့်ပြုထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေကို နှစ်ပတ်တခါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးက အရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

''ဆရာဝန် နှစ်ယောက်ပုံမှန်လွှတ်ပေးနေပါတယ်'' လို့ သူကပြောပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ဘီဘီစီကမေးမြန်းတဲ့အခါ အသေးစိတ်ကိုထုတ်ပြောခွင့်မရှိဘူး လို့ အဲဒီအရာရှိကပြောပါတယ်။

''နှစ်ပါတ်တစ်ခါ ပုံမှန်သွားကြည့်ဖြစ်ပါတယ်'' လို့ သူက ထပ်ပြောပါတယ်။

ဦးမြင့်ဆွေကို မနှစ်က ဇူလိုင်မှာ အနားယူခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီကာလတွေတုန်းက ဆရာဝန်တွေကို ဒုတိယသမ္မတ(၁)အိမ်တော်မှာပဲ ၂၄ နာရီနေခိုင်းခဲ့တယ် လို့ သိရပါတယ်။

မနှစ်က ဇူလိုင်လ ၁၈ ရက်မှာ ဦးမြင့်ဆွေ ရဲ့ ကျန်းမာရေးအခြေအနေကို အသေးစိတ်ထုတ်ပြန်ခဲ့ပြီး ယာယီသမ္မတတာဝန်တွေကို ဆက်ပြီးမထမ်းဆောင်နိုင်တော့ဘူး လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ဇူလိုင် ၂၂ ရက် မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတ တာဝန်ကို ရယူခဲ့တာဖြစ်ပါတယ်။

ဘော်လခဲမှာ တိုက်ပွဲပြင်းထန်နေ

ကရင်နီတပ်ပေါင်းစုက စစ်ကောင်စီရဲ့ ဘော်လခဲအခြေစိုက် တပ်ရင်းတွေနဲ့ ဗျူဟာကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဘီဘီစီကိုပြောပါတယ်။

"ဗျူဟာကို ထိုးစစ်ဆင်နေတာ ဟုတ်ပါတယ်။ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းတွေနဲ့ စစ်လက်နက်လည်း သိမ်းဆည်းရမိတာရှိပါတယ်" လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောပါတယ်။

ဘော်လခဲမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၃၇၊၄၃၀ နဲ့ ၄၂၉တို့ရှိပြီး ဒီထဲကတပ်သားတွေဟာ ဖားဆောင်းဘက်ကိုလည်း အင်အားဖြည့်ထားတာကြောင့် တပ်အင်အားသိပ်မရှိလောက်ဘူးလို့ သူက ခန့်မှန်းပါတယ်။

မတ် ၁၈ ရက်က စတင်ခဲ့တဲ့ ဘော်လခဲဗျူဟာ ထိုးစစ်မှာ နှစ်ဖက်အကျအဆုံးတွေရှိနေပြီး ကရင်နီတပ်ပေါင်းစုတွေဘက်က ရဲ‌ဘော် ၄ ဦး ကျဆုံးထားတာပါ။

ကရင်နီပြည်နယ်ထဲမှာ ဘော်လခဲ အပြင် မိုးဗြဲဘက်မှာလည်း စစ်တပ်နဲ့ ကရင်နီတပ်ပေါင်းစုတွေ တိုက်ပွဲ ပြင်းထန်နေပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို တပ်ကူနဲ့ရိက္ခာပို့နိုင်အောင် ထိုင်း-ကရင်နီ-ရှမ်း ဆုံတဲ့နေရာမှာ တံတားတည်ဆောက်နေတယ်လို့ ဗိုလ်မှူးဘုန်းနိုင်က ပြောပါတယ်။

ကရင်နီပြည်နယ်ထဲကို ရှမ်းပြည်နယ်ဘက်က ဝင်လာနိုင်တဲ့ ဆီဆိုင်-လွိုင်ကော်လမ်းကိုတော့ တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်တာကြောင့် ခရီးသွားလာတာကို မတ် ၂၀ ရက်ကစပြီး KNDF က ယာယီပိတ်ထား ပါတယ်။

ထိုင်းကို အလုပ်သမားတစ်လ ၅၀ ဦးသာ စေလွှတ်ဖို့ အေဂျင်စီတွေကို ကန့်သတ်

MOU စနစ်နဲ့ ထိုင်းနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုကို တစ်လ အလုပ်သမား ၅၀ ဦးသာ တင်ပြစေလွှတ်ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီ ဒီနေ့ ထုတ်ပြန်ပါတယ်။

အရင်က ထိုင်းအလုပ်ရှင်ရဲ့ အလုပ်သမားခေါ်စာ(Demand Letter)ပါ အလုပ်သမားဦးရေအတိုင်း အကန့် အသတ်မရှိ တင်ပြစေလွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

"လူဦးရေလျှော့လိုက်တာပေါ့။ အလုပ်သမားခေါ်စာတစ်စောင်မှာ အယောက် ၁၀၀ ခေါ်ရင် တစ်လကို ၅၀ စီပဲခွဲ တင်လို့ရတော့မယ်" လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း MOEAA ဥက္ကဋ္ဌ ဦးချားလ်မျိုးသန်းက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီက ထိုင်းနိုင်ငံကခေါ်တဲ့ အလုပ်ခေါ်စာအသစ်လက်ခံတာကို ယာယီရပ်ဆိုင်းပြီး လုပ်ငန်းစဉ် အသစ်ကို ချပြလာတာဖြစ်ပါတယ်။

၂၀၂၅ ဇန်နဝါရီ ၃၀ ရက်မတိုင်ခင် စာချုပ်ချုပ်ဆိုပြီးသား အေဂျင်စီတွေလည်း လူဦးရေ ၅၀ ထက်ပိုနေရင် ဒီလ ၂၅ ရက်မှာ ပြင်ဆင်တင်ပြဖို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံရဲ့အလုပ်ခေါ်စာအသစ်တွေကို မေ ၂ ရက်မှာ ပြန်လည်လက်ခံသွားမယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

"ခေါ်စာမှာ ပါသလောက်မဟုတ်ဘဲ အလုပ်သမားလျှော့ပို့ရမယ်ဆို အေဂျင်စီတွေအတွက်လည်းအလုပ်မ ဖြစ်ဘူး။ တင်းကျပ်တာများရင် အေဂျင်စီတွေလည်း ရပ်သွားဖို့ပဲရှိတယ်" လို့ ရန်ကုန်က ပြည်ပအလုပ်အ ကိုင် အေဂျင်စီလုပ်ကိုင်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လုပ်ငန်းစဉ်အသစ်မှာ အရင်လုပ်‌ဆောင်ရတာထက် အဆင့်တွေပိုများလာတာကြောင့် အချိန်ပိုကြာလာနိုင် တယ်လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံကနေ အလုပ်သမားက နိုင်ငံကိုပြန်လည်ဝင်ရောက်လာရင် ဝင်ရောက်တဲ့အကြောင်းအရင်းတင်ပြရမှာဖြစ်ပြီး ထွက်ခွာမယ်ဆိုရင်လည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို အီးမေးလ်ကနေ အချိန်နဲ့တပြေးညီအကြောင်းကြားရမယ်လို့ အေဂျင်စီ တွေကို ညွှန်ကြားထားပါတယ်။

မြန်မာကနေ အလုပ်သမားစေလွှတ်နေတဲ့ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ကို စစ်ကောင်စီက ပထမဆုံး အပြောင်းအလဲလုပ်ကြေညာလာတာ ဖြစ်ပြီး ဂျပန်၊ကိုရီးယား၊စင်ကာပူ၊မလေးရှား နဲ့ တခြား နိုင်ငံတွေအတွက် လုပ်ငန်းစဉ်ကိုလည်း ဆက်လက်ထုတ်ပြန်မယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ညောင်ကျိုးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်

အာရက္ခတပ်တော် ထိုးစစ်ဆင်နေတဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးရွာကို စစ်တပ်က မတ် ၂၁ ရက်မှာ စစ်ရဟတ်ယာဥ် နဲ့ စက်တပ်လေထီးအသုံးပြုပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေ အနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။

"နေ့လယ်ပိုင်းမှာ ဗုံးမိုးရွာသွားတာ ရွာကပြာကျသလောက်ဖြစ်သွားတယ်။ လက်နက်ကြီးသံလည်း နားကွဲမတတ် ဆူညံနေတာ၊မီးခိုးလုံးတွေတက်နေတာ တွေ့ရတယ်လို့ ဥသျှစ်ပင်ဘက်က သတင်းရတယ်" လို့ သူက ပြောပါ တယ်။

ဥသျှစ်ပင်မြို့ တောင်ဘက်မှာရှိတဲ့ အမြောက်တပ်ကနေ ညောင်ကျိုးဘက်ကို မနေ့က မနက် ၅နာရီကနေ နေ့လယ် ၂နာရီထိ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ညောင်ကျိုးရွာမီးလောင်နေတယ်လို့ ဒီကစစ်ရှောင်တွေ ပြောတယ်။ သူတို့အိမ်တွေလောင်ကုန်ပြီလားဆိုပြီး စိတ်ပူနေကြတယ်"လို့ သူကပြောပါတယ်။

ညောင်ကျိုးရွာကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်က ဒီပတ်ဝန်းကျင်မှာရှိတဲ့ ကာကင်းအများစုကို သိမ်းထား ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ပြောခွင့်ရ ဦးခိုင်သုခက မတ် ၁၆ ရက်မှာ ပြောထားတာပါ။

မတ် ၂၁ ရက်နေ့လယ်ပိုင်းတုန်းကတော့ ညောင်ကျိုးစခန်းကို အေအေဝင်တိုက်နေပြီး စစ်တပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုထား ကြတာပါ။

ညောင်ကျိုးရွာစစ်ရေးနဲ့ပတ်သတ်လို့ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီဘက် ကတော့ ထုတ်ပြန်ပြောဆိုလာတာမရှိသေးပါဘူး။

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေရှိရာ ပန်းတောင်းမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော် အေအေကို ခုခံဖို့ စစ်တပ်က ညောင်ခြေထောက်ရွာမှာ ခံစစ်ပြင်ထားတာဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်ထဲမှာ စစ်လက်နက်ပစ္စည်းစက်ရုံ ၅ ရုံရှိပြီး ‌ညောင်ကျိုးကနေ ၁၄ မိုင်အကွာမှာရှိတဲ့ ညောင်ခြေထောက်အနီးမှာ ကပစ ၆ စက်ရုံရှိတာကြောင့် ညောင်ကျိုးမကျရေး စစ်တပ်က အပြင်းအထန် ခုခံ နေတာဖြစ်ပါတယ်။

အာရက္ခတပ်တော် အေအေဟာ ဇန်နဝါရီ ၂၆ ရက်မှာ ရခိုင်-ပဲခူးအစပ် တောင်ကုတ်ဘက်ခြမ်းက မိုးထိတောင် စခန်းကို သိမ်းပြီးနောက်ပိုင်း တောင်ကုတ်-ပန်းတောင်းလမ်းမှာရှိတဲ့ စစ်ကောင်စီ ကပစစက်ရုံတွေရှိရာနယ်မြေ တွေကို ဆက်လက်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းက အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ကိစ္စ မသိကြောင်း BGF ပြော

မြန်မာနိုင်ငံကနေ ထိုင်းကိုလွှဲပြောင်းပေးခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံသူ ၁၂ ဦးဟာ ရွှေကုက္ကိုမှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ဖြစ်စဉ် BGF ကိုတိုင်ကြားတာမရှိလို့ မသိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့ကို တိုင်ကြားတာမရှိဘူး။ ရှိရင်ချက်ချင်းအရေးယူဆောင်ရွက်မှုလုပ်တယ်"လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ဒီထဲက တချို့ဟာ ကိုယ်ဝန်ဆောင်ထားရတယ်လို့ ထိုင်းသတင်း The Nation ကဖော်ပြပါတယ်။

ထိုင်းသတင်းဖော်ပြချက်အရ ဒီအမျိုးသမီး ၁၂ ယောက်ထဲက တစ်ဦးဟာ မတ် ၁၉ ရက်မှာ ကိုယ်ဝန် ပျက်ကျခဲ့တယ်လို့ လူကုန်ကူးခံရသူများကူညီရေးအရပ်ဘက်လူမှုကွန်ရက် (CSNAHTV)က ပြောတယ်လို့ ဆိုထားတာပါ။

သူတို့ဟာ ထိုင်းဘက်ရောက်လာတဲ့ အီသီယိုးပီးယားနိုင်ငံသား ၃၂၀ ထဲမှာ ပါဝင်သူတွေဖြစ် ပါတယ်။ CSNAHTV က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ထိုင်းဘက်ကအကူအညီပေးဖို့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးကော်မရှင်ကလည်း သက်ဆိုင်ရာသံရုံး၊‌ကောင်စစ်ဝန်ရုံးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေသလို အမျိုးသမီး‌တွေ ကျန်းမာရေးစောင့်ရှောက်မှု တောင်းခံလာရင် ပေးနိုင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီကတော့ မတ် ၂၀ ရက်မှာ တရုတ်နိုင်ငံသား ၃၇၉ ဦးကို ထပ်မံလွှဲပြောင်းပေးခဲ့ပြီး နောက်ထပ် ၂၆၆၆ ဦးကိုလည်း လွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီလို့ မတ် ၂၁ ရက်ထုတ်သတင်းစာမှာ ပြောထားပါတယ်။

မြန်မာကနေ ထိုင်းဘက် စီးဆင်းတဲ့ နမ့်ခုတ်မြစ်ရေ ဆိုင်ရာနိုက်အဆိပ်ပါဝင်မှု ထိုင်းစစ်ဆေး

ရှမ်းပြည်နယ်ကနေ ထိုင်းနိုင်ငံ ချင်းမိုင် နဲ့ ချင်းရိုင်ခရိုင်ထဲကို စီးဝင်တဲ့ နမ့်ခုတ်မြစ်ရေမှာ ဆိုင်ရာနိုက်အဆိပ်ပါဝင်မှု ရှိမရှိ ချင်းရိုင်ခရိုင် သ‌ဘာဝသယံဇာတနဲ့ပတ်ဝန်းကျင်ရုံးကနေ စစ်ဆေးနေတယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့ ၂၂ မိုင်ဝန်းကျင်မှာရှိတဲ့ မိုင်းဆတ် မြို့နယ်ထဲက ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားရာ တရုတ်ကုမ္ပဏီတွေ ဦးစီးကာ ရွှေတူးဖော်နေတာကြောင့် ဒီလုပ်ငန်းမှာအဓိကသုံးတဲ့ ဆိုင်ရာနိုက်အဆိပ်ရေထဲ ပါဝင်မှာကို ထိုင်းဘက်က စိုးရိမ်နေတာပါ။

လွန်ခဲ့တဲ့ ရက်ပိုင်းမှာ နမ့်ခုတ်မြစ်ရေဟာ ရွှံစေးရောင်နောက်ကျိလာတာကြောင့် ထိုင်း ဒေသခံတွေဘက်က စိုးရိမ်မှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

မတ် ၁၄ ရက်တုန်းကလည်း နမ့်ခုတ်မြစ်ကို ကာကွယ်ဖို့ ထိုင်းဒေသခံ ၇၀၀ ကျော် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊နမ့်ခုတ်မြစ်ပေါ်က ရွှေတူးဖော်မှုနဲ့ သစ်တောခုတ်ထွင်မှုတွေက နိုင်ငံ ဖြတ်ကျော်အကျိုးသက်ရောက်တာတွေရှိနေလို့ ဆန္ဒထုတ်ဖော်ကြတာလို့ ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင် SHRF ကမတ် ၁၄ ရက်မှာ ပြောထားတာပါ။

SHRF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနစ်ကစပြီး UWSA တပ်ဖွဲ့ထိန်းချုပ် ထားတဲ့ မိုင်းဆတ်မြို့တောင်ပိုင်းနဲ့ မိုင်းယွန်းမြို့တို့က နမ့်ခုတ်မြစ်ကမ်းတလျှောက်မှာ အကြီးစား ရွှေတူးဖော်တွေရှိပြီး လွန်ခဲ့တဲ့လတွေမှာ ၂၄နာရီပတ်လုံး လည်ပတ်နေတယ်လို့ ဆိုပါတယ်။

တရုတ်ကုမ္ပဏီ ၄ ခုက တရုတ်နိုင်ငံသားအများစု ပါဝင်တဲ့ အလုပ်သမား ၃၀၀ လောက်နဲ့ တူးဖော်နေတာလို့လည်း SHRF က ပြောထားပါတယ်။