ဘက်မုမြို့ ရုရှားလက်အောက်ကျရောက်လုနီးပါးဖြစ်နေ-မတ်လ ၄ ရက် ညနေပိုင်းနိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒိုးနက်စ်နယ်မြေ ဘက်မုမြို့မြောက်ပိုင်းဆင်ခြေဖုံးမှာ ယူကရိန်းနဲ့ ရုရှားစစ်တပ်တွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပါတယ်။ ၇ လကြာတိုက်ခိုက်လာတဲ့ မြို့သိမ်းတိုက်ပွဲရဲ့ အပြင်းထန်အကြမ်းတမ်းဆုံးအဆင့်ဖြစ်ပါတယ်။
လမ်းပေါ် အနီးကပ်တိုက်ပွဲတွေအထိဖြစ်ပွားခဲ့တယ်ဆိုတာကို ဒုမြို့တော်ဝန် အော်လက်ဇန္ဒား မာချန်ကိုက အတည်ပြုပေမဲ့ မြို့ကိုရုရှားတို့မထိန်းချုပ်နိုင်သေးဘူးလို့ဆိုပါတယ်။ ယူကရိန်းတပ်တွေဟာ ဆုတ်ခွာစစ်ဆင်နွှဲတိုက်ခိုက်နေတာဖြစ်ပုံရတယ်လို့ အနောက်တိုင်းစစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။
ဘက်မုကို သိမ်းပိုက်နိုင်ခဲ့ရင် ဒါဟာ ၆ လအတွင်း ရုရှားစစ်တပ်ရဲ့ ပထမဆုံးအောင်ပွဲဖြစ်လာမှာပါ။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူဟာ ယူကရိန်းရှေ့တန်းစစ်မြေပြင်ကို ရောက်လာပြီး ရုရှားစစ်သားတွေကို ဘွဲ့တံဆိပ်တွေချီးမြှင်တဲ့ပုံတွေကို ရုရှားမီဒီယာက ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများထိပ်သီးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာတလွှားကြုံတွေ့နေကြရတဲ့ စီးပွားရေးအကြပ်အတည်းနဲ့ တိုးမြင့်လာတဲ့ ဆင်းရဲမွဲတေမှုတွေအတွက် ချမ်းသာတဲ့နိုင်ငံတွေနဲ့ စွမ်းအင်ကုမ္ပဏီကြီးတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတာရက်စ်က အပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေဟာ ကြီးမြင့်လာတဲ့ အတိုးနှုန်းတွေနဲ့မြင့်တက်လာတဲ့ လောင်စာဆီစျေးတွေကြောင့် မရှူနိုင်မကယ်နိုင်တဲ့ အခြေအနေဆိုက်ရောက်နေပြီလို့ သူကဆိုပါတယ်။
“ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံတွေမှာ ကုန်ကြမ်းလောင်စာ အရင်းအမြစ်တွေပြတ်လပ်နေသလို အကြွေးနွံနစ်နေကြတဲ့အတွက် စီးပွားရေးတိုးတက်ဖို့ဆိုတာ သိပ်ခက်နေပါပြီ။ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး တုံ့ပြန်ဖြေရှင်းမှုတွေဟာလည်း သမိုင်းတွင်လောက်တဲ့ မညီမျှမှု မမျှတမှုကြီး ဖြစ်တဲ့အတွက် ရုန်းကန်ရင်ဆိုင်နေကြရဆဲပါ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရေးအတွက် ဘာမှ မလုပ်ကြတဲ့အတွက်လည်း ပေးဆပ်ရတဲ့ တန်ဖိုးတွေက သိပ်ကြီးမားပါတယ်။ ပျက်စီးဆုံးရှုံးတာတွေ ပြန်ပြင်ဖို့ ပြန်တည်ဆောက်ဖို့ပေးတဲ့ ဘဏ္ဍာရေး အထောက်အကူဆိုတာကလည်း ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ချမ်းသာတဲ့နိုင်ငံကြီးတွေကတော့ ကမ္ဘာကြီး အပူချိန်တိုးအောင် မီးထိုးပေးနေသလို ဖန်လုံအိမ်ဓာတ်ငွေ့တွေကို စံချိန်တင်ထုတ်လွှင့်နေပါတယ်။ ဆင်းရဲသားတွေရဲ့ စားပွဲပေါ် စားစရာမရှိတဲ့အချိန်မှာပဲ ရေနံသူဌေးကြီးတွေကတော့ အမြတ်တွေ မတန်တဆယူနေကြပါတယ်”လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အပြစ်တင်ပြောဆိုပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီဖို့ တနှစ်ကို ဒေါ်လာ ဘီလျံ ၅၀၀ အနည်းဆုံးလိုအပ်မယ်လို့လည်း သူကဆိုပါတယ်။
ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံပေါင်း ၄၆ နိုင်ငံဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တွေ့ဆုံကြပြီး စားနပ်ရိက္ခာသယံဇာတရှားပါးမှု ကြွေးနွံနစ်မှုကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အကြောင်း ၅ ရက်ကြာဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဆင်းရဲဆုံးလို့သတ်မှတ်ထားတဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန် ၂ နိုင်ငံကတော့ မတက်ရောက်နိုင်ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနဲ့ အာဖဂန်ရဲ့ လက်ရှိအုပ်ချုပ်သူတွေကို ကုလသမဂ္ဂက တရားဝင်အစိုးရလို့ မသတ်မှတ်တဲ့အတွက် မဖိတ်ကြားဘဲ ချန်လှပ်ထားခဲ့တဲ့အတွက်ပါ။
ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေလည်း ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ စာရင်းပေးထားတာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလအထူးကိုယ်စားလှယ်က အစ္စရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ဖို့တိုက်တွန်း
အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေကိုရောက်နေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဖရန်ဆက်စကာ အယ်လ်ဘန်းနီးစ် က ဂါဇာအနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ဆောင်ရွက်ချက်တွေကို စုံစမ်းစစ်ဆေးရေး လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ် တနင်္ဂနွေတုန်းက ဂါဇာအနောက်ဖက်ကမ်း ဟာဝါရာမြို့မှာ ပါလက်စတိုင်းတွေကို အစ္စရေးတွေက တိုက်ခိုက်ရာမှာ စစ်တပ်က လက်ပိုက်ကြည့်နေခဲ့တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ဖြစ်ပေါ်နေစဉ်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
အစ္စရေးတို့ အနေနဲ့ တာဝန်ယူတာဝန်ခံနိုင်ဖို့ အပြစ်ရှိသူတွေကို စိတ်ကြိုက်ကျူးလွန်ခွင့်ပေးနေတာတွေ ရပ်ဆိုင်းနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးရေး လုပ်ဖို့ လိုအပ်တယ်လို့ မစ္စအယ်လ်ဘန်းနီးစ် က ဘီဘီစီကိုပြောပါတယ်။
အစ္စရေးအနေနဲ့ လတ်တလောဖြစ်ပွားခဲ့တဲ့ ပါလက်စတိုင်းတွေအပေါ်အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ဂါဇာမှာ အစ္စရေးနေထိုင်သူတွေ တိုးမြှင့်နေရာချထားတာ ရပ်တန့်ဖို့ ဥရောပ ၆ နိုင်ငံကလည်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။








