ဇွန် ၁၈ ရက် ထိပ်တန်းရောက်သတင်းများ- ဝေဖန်မှုတွေရှိနေတဲ့ ထိုင်း က မြန်မာ့အရေး‌ဆွေးနွေးပွဲကို အာဆီယံနိုင်ငံအချို့ တက်ဖို့မရှိ ကမ္ဘောဒီးယားနိုင်ငံပဲ အစည်းအဝေးတက်ဖို့ အတည်ပြု‌ထား

အခုနှစ် မေလ ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ မြန်မာနေရာ လစ်လပ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ရေးသားခဲ့သည်။

ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ပြုလုပ်မယ့် ထိုင်းအစိုးရ က ကမကထလုပ်တဲ့ ဒုတိယအကြိမ် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို အရှေ့တောင်အာရှက ခေါင်းဆောင်အချို့ကတော့ မတက်ရောက်ကြဘဲ ကနဦးသတင်းတွေအရ ကမ္ဘောဒီးယားတစ်နိုင်ငံတည်းကပဲ တက်ရောက်မယ့်အကြောင်း အတည်ပြုထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Mr Vivian Balakrishnan ကတော့ ထိပ်သီးအစည်းအဝေး ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်မှာတောင် အာဏာသိမ်းစစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အချိန်မတန်သေးဘူးလို့ ပြောထားသလို ဒီအစည်းအဝေးကိုလည်း မတက်ရောက်တဲ့ကြောင်း ဒီကနေ့ ဇွန်လ ၁၈ရက်နေ့ထုတ် စင်ကာပူကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဒါအပြင် အခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ အဖွဲ့ဝင် မလေးရှားနိုင်ငံကလည်းဒီအစည်းအဝေးကို မတက်ဘူးလို့ ဖော်ပြထားကြပါတယ်။

ဘီဘီစီကရရှိတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အချက်အလက်တွေအရ တရုတ်ကလည်း ထိုင်းနဲ့အတူအလားတူ ဆန္ဒရှိနေပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က တက်ဖို့ရှိတယ်လို့ ကနဦးသိရှိထားရပါတယ်။

ထိုင်းက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံနိုင်အောင် ဖိတ်ခေါ်ထားတယ်လို့ ရိုက်တာရဲ့ သတင်းအရင်းအမြစ်တွေကပြောထားပြီး စစ်ကောင်စီကတော့ ဒီကနေ့ တနင်္ဂနွေနေ့အထိ တစုံတရာမှတ်ချက်ပြုလာတာမရှိဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ထိုင်းနိုင်ငံ၊ ပတ္တရားမှာ နှစ်ရက်ကြာပြုလုပ်မယ့် ဒီအလွတ်သဘောအစည်းအဝေးကို ဘယ်သူတွေတက်ရောက်မလဲဆိုတာကို ထုတ်ဖော်မပြောတင်းကြပ်ထားသလို အစီအစဉ်မစမီ လေးရက်အလိုမှသာ ထိုင်းဘက်က ဖိတ်စာတွေပို့ခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ အကြံပေးတစ်ဦးကတော့ ဒီအစည်းအဝေးဟာ အိန္ဒိယနိုင်ငံ၊ ဒေလီမှာကျင်းပခဲ့တဲ့ Track 1.5 အစည်းအဝေးထက် ပိုအရေးပါတယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲပြုလုပ်ထားပြီး မကြာခင်မှာ အစိုးရအပြောင်းအလဲဖြစ်တော့မယ့် ထိုင်းအစိုးရကနေ အခုလိုကမကထလုပ်ပြီး မြန်မာ့အရေးဆွေးနွေးလာတာကို ဝေဖန်မှုတွေရှိနေကြသလို NUG ရော မြန်မာအရပ်ဖက်အဖွဲ့တွေကပါ ဒီအစည်းအဝေးကို ချက်ချင်းရပ်ဖို့ စာထုတ်ပြန်လာကြပါတယ်။

အခုနှစ် မေလ ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ မြန်မာနေရာ လစ်လပ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။

ရွှေဘို၊ ကင်းဗျားရွာမှာ အမျိုးသား ၅ ယောက်သတ်ဖြတ်ခံရ

ရွှေဘို၊ ကင်းဗျားရွာမှာ အမျိုးသား ၅ ယောက်သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မနေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတုန်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက်က ကင်းဗျားရွာမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံအမျိုးသား ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီကသိရပါတယ်။

စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးသူတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေဖြစ်ပြီး လက်နက်တွေသိမ်းဆည်းမိတယ်လို့ဆိုထားပေမဲ့ တဖက် PDF တွေကတော့ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

"၁၆ ရက်နေ့တုန်းက ကင်းဗျားရွာကိုသူတို့စစ်ကြောင်းထိုးရင်း ရွာအနောက်မှာ ကာကွယ်ရေးအဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေရှင်းကြတာ၊ ရှင်းရင်း သူတို့ဘက်က တယောက်သေသွားတာကို ကင်းထောက်ဒရုန်းတွေကနေ မြင်လိုက်ရတယ်။ ပြီးတော့ ‌မနေ့ နေ့လယ်ဘက် ရွာကနေ သူတို့ထွက်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက ဝင်ရှင်းတော့ မိုင်း‌ခွဲအသတ်ခံထားရတဲ့ အလောင်း ၅ လောင်းကိုတွေ့တာပဲ။ သူတို့က PDF တွေမဟုတ်တာ ကျိန်းသေတယ်။ ကင်းဗျားရွာက သာမန်ဒေသခံတွေပါ" လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ ကင်းဗျားရွာ‌ကဒေသခံတွေလို့သာသိရပြီး သူတို့အကြောင်းအသေးစိတ်ကိုတော့ ဘီဘီစီအနေနဲ့ စုံစမ်းလို့မရသေးပါဘူး။

အဲဒီနောက် မနေ့ညနေပိုင်းမှာပဲ ကင်းဗျားရွာကို စစ်ကောင်စီတပ်တွေ ပြန်ဝင်သွားခဲ့ပြီး ကျေးရွာကနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့မနက်မှာတော့ ကင်းဗျားရွာတဝိုက် ကင်းတွေချကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားလာနေတယ်လို့ ဆိုပါတယ်။

တခါ ရွှေဘိုမြို့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းကို ဖြတ်သန်းသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Black Wolf Army ကနေဇွန်လ ၁၆ ရက်တုန်းကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရတာတွေရှိတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မဘိမ်းမှာ ကျေးရွာတွေမီးရှို့မခံရအောင် ငွေပေးနေရတယ်လို့ ဒေသခံတွေပြော

ပြီးခဲ့တဲ့ သီတင်းပတ်က မဘိမ်းကျေးရွာတွေ မီးရှို့ခံရတဲ့ မြင်ကွင်း။

ဓာတ်ပုံ ရင်းမြစ်, CJ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ထဲက ကျေးရွာတွေကို မေလကုန်ပိုင်းကစလို့ ဒီကနေ့ အချိန်အထိ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေ မီးရှို့မခံရအောင် ငွေသိန်းဆယ်နဲ့ ချီပေးနေရတယ်လို့ မဘိမ်းဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့ရွာဆိုအိမ်ခြေ ဆယ်ဂဏန်းပဲရှိတော့ သိန်း ၂၀ ပေးရတယ်။ တရွာလုံးစုပေးရတော့ ကျွန်တော်ဆို ၁ သိန်းပေးရတယ်။ မိုးလုံးရွာလို ရွာကြီးတွေဆို သိန်း ၃၀၀ လို့ သတင်းထွက်နေတာ။ ဒီကနေ့ဆိုလည်း ပင်ကြိမ်ရွာမှာ ရပ်မိရပ်ဖတွေနဲ့ ဗိုလ်ကြီးတွေဆွေးနွေးနေတယ်တဲ့၊ ပိုက်ဆံကောက်ပေးဆိုကောက်ပေးပါမယ်လို့ ပြောကြမယ်လို့ သိရတယ်" လို့ မဘိမ်းရွာသားတစ်ဦးက ပြောပါတယ်။

ပင်ကြိမ်ရွာဘေးက ဘုရားကုန်းကိုလည်း ‌မနေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လယ်၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး သုံးလုံး လာကြဲသွားသလို အခုမနက်မှာလည်း ပင်ကြိမ်ရွာဘက်ကနေ လက်နက်ကြီးပစ်သံတွေကြားနေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မဘိမ်းမြို့နယ်ထဲက ရမ်ဘိုရွာကိုလည်း အခုလစပိုင်းမှာ လေကြောင်းနဲ့လာတိုက်ခဲ့သလို ရွှေတုန်း၊ ခွေးဟောင်တုန်းရွာတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ ဒါကြောင့် ရွှေလီမြစ်ကမ်းဘေးက ကျေးရွာ ငါးရွာထက်မနည်းက ဒေသခံတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ စစ်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အခုလို ငွေကြေးကောက်ခံတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို မေးမြန်းဖို့ကြိုးစားပေမဲ့ လက်ကိုင်ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း ဒီမဘိမ်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့လယ်ပိုင်းအထိ တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ခင်ဦးက ကျေးရွာတွေ စစ်ကြောင်းထိုးခံရ၊ လူထောင်ချီထွက်ပြေးနေရ

“ယာတော်နဲ့ ကျွန်းတောကြီး ဒီနေ့မနက်အစောပိုင်းမှာဝင်တယ်၊ ယာတော်မှာမီးခိုးမြင်ရတယ်။ ဘာဆက်ဖြစ် နေလဲဆိုတာကို အတိအကျမသိရသေးဘူး”

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကျေးရွာတွေထဲက ဒေသခံ ၄၀၀၀ ကျော် ဒီကနေ့ မနက်အစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ယာတော် နဲ့ ကျွန်းတောကြီး ရွာတွေထဲကို ဒီကနေ့မနက်အစောပိုင်းက တည်းက စစ်ကောင်စီတပ်သားတွေပစ်ခတ်ဝင်ရောက်ကာ စီးနင်းလာတာကြောင့် အဲဒီကျေးရွာတွေအပြင် နီးစပ်ရာရွာက ဒေသခံတွေပါ စစ်ဘေးရှောင်နေရတယ်လို့ ခင်ဦးဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

အခုစစ်ကြောင်းကြောင့် ယာတော်၊ သရက်ပင်စု၊ ကားဆိပ်၊ မြင်းဒေါင်း၊ မကျည်းအုပ်၊ မြင်းကျ၊ ကျွန်းတောကြီး၊ ဥယျာဥ်စတဲ့ ကျေးရွာတွေထဲက ဒေသခံ ၄၀၀၀ ကျော် ဒီကနေ့ မနက်အစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“ယာတော်နဲ့ ကျွန်းတောကြီး ဒီနေ့မနက်အစောပိုင်းမှာဝင်တယ်၊ ယာတော်မှာမီးခိုးမြင်ရတယ်။ ဘာဆက်ဖြစ် နေလဲဆိုတာကို အတိအကျမသိရသေးဘူး” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ယာတော်ရွာကိုလှမ်းမြင်သိရှိရသူဒေသခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်သား ၁၂၀ ကျော်က မနက်အစောပိုင်း ၅ နာရီလောက်ကတည်းက အဲဒီကျေးရွာတွေရဲ့ မူးမြစ်တဖက် ကမ်း ရေဦးမြို့နယ်ကနေ မူးမြစ်ကို ခြေလျင်ကူးပြီး ရွာတွေကိုစီးနင်းလာတာလို့ ဒေသခံတွေ ထံကသိရပါ တယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၁၄ ရက် နေ့အထိတုန်းကလည်း ခင်ဦးမြို့နယ်တစ်ခုလုံးကို အလားတူ စစ်ကြောင်းထိုးခဲ့ပါသေးတယ်။

အဲဒီစစ်ကြောင်းထိုးတဲ့အချိန်မှာ ကံသစ်ရွာကို ၂ ကြိမ်၊ ရွာသစ်၊ သာဂရ၊ မိုးနက်၊ ရေအေးကုန်း၊ ကျီးအိုင် စတဲ့ ကျေးရွာ ၆ရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ အိမ်ခြေရာကျော်မီးလောင်ပျက်စီးခဲ့ ပေမယ့် အတိအကျကိုတော့ စာရင်းပြုစုနေတယ်လို့ သိရပါတယ်။

အဲဒီအချိန်က အမျိုးသားတစ်ဦး သတ်ဖြတ်မီးရှို့သတ်ခံရသလို အသက် ၆၀ ကျော် သက်ကြီး ၂ ဦးလည်း စစ်ဘေးရှောင်ရင်း သေဆုံးခဲ့တယ်လို့ အဲဒီစစ်ဘေးရှောင်တွေထံကသိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူ ၈ ဦးထက်မနည်းရှိခဲ့ပြီး ဒီနေ့အထိပြန်လွတ်တာမရှိသေးဘူးလို့ သိရပါတယ်။

မယ်စဲ့တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်အထိရှိလာ၊ အရေးပေါ်အကူအညီလိုအပ်
မယ်စဲ့တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်အထိရှိလာ၊ အရေးပေါ်အကူအညီလိုအပ်

ဓာတ်ပုံ ရင်းမြစ်, KNWO

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကစလို့ ကယား (ကရင်နီ) ပြည်နယ်၊ ဘော်လခဲခရိုင်ထဲက မယ်စဲ့မြို့မှာ ကရင်နီပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်လာရာကနေ အဲ့ဒီဒေသတဝိုက်က ဒေသခံ ၄၀၀၀ ကျော်စစ်တိမ်းရှောင်နေကြရပြီလို့ ကူညီကယ်ဆယ်ပေးနေသူတွေဆီက သိရပါတယ်။

"ဒီးမော့ဆို၊ ဖရူဆိုတို့ဘက်ကနေလည်း မယ်စဲ့ဘက်ကို စစ်တိမ်းရှောင်နေကြသူတွေလည်းရှိတော့ နဂိုရှိပြီးသားရော အခုမယ်စဲ့မြို့ပေါ်ကနေ ပြေးကြရသူတွေရောပါဆို လူဦးရေ ၄၀၀၀ ကနေ ၅၀၀၀ ကြားရှိနေပါပြီ။ ထိုင်းနိုင်ငံဘက်ကို ပြေးသူတွေ၊ ထိုင်း - မြန်မာနယ်စပ်တကြောမှာ ရှောင်သူတွေလည်းရှိပါတယ်" လို့ ကရင်နီလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဦးဆောင်သူ ကိုဗညားက ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲက မြို့နယ် သုံးခုလောက်ကို ဒေသခံတွေအသီးသီးရှောင်တိမ်းကြရပြီး နယ်စပ်ဖြတ်ကျော်လက်မှတ်ကိစ္စ၊ ဆက်သွယ်ရေးအခြေအနေတွေကြောင့် ထိထိရောက်ရောက်မကူညီပေးနိုင်သေးဘူးလို့ သိရပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ ထုတ်ပြန်ထားချက်အရလည်း ထိုင်း - မြန်မာနယ်စပ်မှာရောက်နေတဲ့ စစ်ရှောင်တွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေဆဲဖြစ်ပြီး အမိုးအကာ၊အစားအသောက်တွေအပါအဝင် အမျိူးသမီးနဲ့ ကလေး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အတွက် အဟာရအစားအစာ အသုံးအဆောင်ပစ္စည်းတွေ ထပ်မံလိုအပ်နေပါတယ်။

ဒေသခံတွေ စစ်တိမ်းရှောင်ခဲ့ကြတဲ့ တဖက်ထိုင်းနိုင်ငံရဲ့ မူဝါဒအရလည်း စစ်ပြေးဒုက္ခသည်တွေကို ရေရှည်လက်ခံထားတာမျိုးမရှိဘဲ တိုက်ပွဲပြီးရင် နေရပ်ပြန်ခိုင်းမယ့်အနေအထားမှာရှိတယ်လို့လည်း ကိုဗညားက ပြောပါတယ်။

မနေ့ကအထိတော့ မယ်စဲ့၊ ဖားဆောင်းတကြောမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဖားဆောင်းသံလွင်အရှေ့ဖက်ခြမ်းကို ပြည်သူတွေမသွားလာဖို့လည်း ဖားဆောင်း PDF က သတိပေးထားပါတယ်။

ထိုင်း ကမကထလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို NUG ကန့်ကွက်

ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ၂၂ ရက်ကလုပ်ခဲ့တဲ့ မြန်မာစစ်ကောင်စီဝန်ကြီးတွေ ပါဝင်ခဲ့တဲ့ ထိုင်းရဲ့  မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Thailand

ဒီကနေ့ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အလွတ်သဘောဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိတ်ကြားဖို့ စီစဉ်ထားတဲ့အတွက် စိတ်ပျက်မိပြီး ကန့်ကွက်တယ်လို့လည်း NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က တုံ့ပြန်လာပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ယုတ္တိမတန်တဲ့ အဆင်သင့်မဖြစ်သေးတဲ့ အခုအစည်းအဝေးကို ဖျက်သိမ်းဖို့နဲ့ ဆွေးနွေးပွဲကို တက်ဖို့ ဖိတ်ကြားခံရတဲ့ နိုင်ငံတွေအနေနဲ့လည်း အဲဒီအစည်းအဝေးကို မတက်ရောက်ဖို့ NUG က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံထဲက ဆိုးရွားနေပြီးသား အကြောင်းအရာတွေကို အခုထက်ပိုပြီး ဆိုးအောင်မလုပ်ဖို့၊ စစ်အုပ်စုရဲ့ လူထုအပေါ် အကြမ်းဖက်မှုနဲ့ စစ်ပွဲဆင်နေတာကို ဆက်လုပ်နိုင်မယ့် အားပေးအားမြောက် ထောက်ခံတာတွေပါ မပြုလုပ်ဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။

အခုအစည်းအဝေးဟာ အာဆီယံမူတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ လက်မခံနိုင်စရာလုပ်ရပ်လို့ မြန်မာလူထုက ရှုမြင်ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံရေး ပြဿနာရပ်တွေကို အဖြေရှာနိုင်မှာ မဟုတ်တဲ့အပြင် ပြဿနာတွေကို ပိုပြီး ခက်ခဲ ရှုပ်ထွေးစေနိုင်သလို ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်အုပ်စုကို အသိအမှတ်ထောက်ခံရာ ရောက်ကာ မိမိအိမ်နီးချင်းပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မြန်မာ့နိုင်ငံရေးပြဿနာကို မြန်မာတိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအားလုံးရဲ့ ပါဝင်မှုနဲ့သာ အဖြေရှာနိုင်မယ်လို့လည်း NUGက ထည့်ပြောပါတယ်။

ဒါအပြင် ထိုင်းအစိုးရအနေနဲ့ လူထုရဲ့ ဆန္ဒကို အလေးထားပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရှိဖို့အတွက် ကြိုးပမ်းနေတဲ့ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး နယ်စပ်ဒေသလုံခြုံတည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူတွေ အေးချမ်းသာယာရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားပေးဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံနဲ့ မြန်မာကြား ခေါင်းဆောင်အဆင့် ပြန်ဆက်ဆံဖို့လိုတယ်ဆိုတဲ့ ဆွေးနွေးချက်ကို ထောက်ပြပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အလွတ်သဘောဆွေးနွေးပွဲကို ကမကထ လုပ်လာတာဖြစ်ပြီး ဘီဘီစီကနဦး သိရှိထားချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ တက်ဖို့ရှိနေပါတယ်။