နျူကလီးယား ဓာတ်အားပေး စက်ရုံကို ကာကွယ်ဖို့ ကုလအကြီးအကဲပြော - မတ်လ ၂၉ ရက် ညနေခင်းသတင်းများ

အနူမြူမတော်တဆမှု ဖြစ်မှာ စိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလ အနူမြူအေဂျင်စီ ဆိုင်ရာ အကြီးအကဲ ရက်ဖယား ဂရော့စီ ဇက်ပိုရေးရှားမြို့ကို ရောက်လာ
ရေးသားခဲ့သည်။

ယူကရိန်းက နျူကလီးယား ဓာတ်အားပေးစက်ရုံရှိရာ ဇာပိုယီးရှား မြို့ကို ကုလ အနုမြူအေဂျင်စီ အကြီးအကဲ ရောက်လာပါတယ်။

ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း သူ့ရဲ့ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။

မနှစ်တုန်းကတော့ ဒီစက်ရုံမှာ ကုလသမဂ္ဂ ဆိုင်ရာ အရာရှိတွေ လာရောက် အခြေစိုက်ပြီး စစ်ဆေးခွင့်ပြုဖို့ သဘောတူညီမှု ရထားတာပါ။

လက်ရှိမှာ အခြေအနေဟာ ဒီသဘောတူညီမှု ပျက်လုဆဲဆဲ ဖြစ်နေတယ်လို့ Rafael Grossi က ပြောပါတယ်။

သူ့အနေနဲ့တော့ နျူကလီးယား မတော်တဆမှု အတက်နိုင်ဆုံး လျော့နည်းအောင် အစစအရာရာကို ကိုင်တွယ် လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။

ဒီစက်ရုံဟာ အရင်က အမြောက်ဒုံးကျည်တွေနဲ့ အကြိမ် တော်တော်များများ ထိခိုက်ခံခဲ့ရသလို အန္တရယ်ရှိလောက်အောင် လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်၀မ်သမ္မတ နိုင်ငံတကာ ခရီးစဉ်အတွင်း အမေရိကန်ကို ၀င်ရောက်ကာ အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့မယ်

တရုတ်က ထိုင်၀မ်ကို သူတို့တိုင်းပြည်ရဲ့ တစိတ်တဒေသ အဖြစ်မှတ်ယူထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်၀မ်သမ္မတ ပြည်ပခရီးမှာ အမေရိကန်ကို ၀င်ဖို့ ရှိ

တရုတ်နဲ့အမေရိကန်ကြားဆက်ဆံရေးယိုယွင်းလာတာနဲ့အတူ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းကလည်း နိုင်ငံတကာ ခရီးစဉ်တွေ စီစဉ်နေပါတယ်။

သူဟာ ခရီးစဉ်အတွင်း အမေရိကန်မှာ တထောက်နားပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ထိုင်ဝမ်ကို သူတို့ရဲ့ တစိတ်တဒေသအဖြစ် တရုတ်က မှတ်ယူထားပြီး နိုင်ငံတကာ အရာရှိတွေနဲ့ တွေ့ဆုံမှုကို သဘောမတူပါဘူး။

ထိုင်ဝမ်သမ္မတ မစ္စတာ မက်ကာသီနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ရန်စတဲ့လုပ်ရပ်သာဖြစ်တယ်လို့ တရုတ်အစိုးရကပြောပါတယ်။

သူ့ခရီးစဉ် မစခင်တုန်းကတော့ မစ္စဆိုင်အင်ဝမ်းက သူ့အနေနဲ့ နိုင်ငံတကာ ဖိအားတိုးလာမယ့် ကိစ္စတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားတာ ဖြစ်ပါတယ်။

သူဟာ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး ရှိတဲ့ ဂွာတီမာလာနဲ့ ဘေလိဇ် နိုင်ငံ တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားစစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း အင်ချွန်းလေဆိပ်မှာ အဖမ်းခံရ

ပတ်ဂွမ်ဟေး လက်ထက် မာရှယ်လော ထုတ်တဲ့ ထောက်လှမ်းရေး အရာရှိ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Incheon International Airport မှာ တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိဟောင်း အဖမ်းခံရ

တောင်ကိုရီးယား စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း တယောက် အဖမ်းခံခဲ့ရပါတယ်။

စစ်အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်းတဲ့ အစီအစဉ်မှာ ညွှန်ကြားခဲ့သူလို့ စွပ်စွဲခံရပြီးနောက် ၅ နှစ်ကြာ ထွက်ပြေးနေရာက တိုင်းပြည်ကို ပြန်အလာမှာ အဖမ်းခံရတာပါ။

အခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ စစ်ထောက်လှမ်းရေးဌာနအကြီးအကဲ Cho Hyun-chun ဟာ အမေရိကန်ကနေ ပြန်အလာ အင်ချွန်းနိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

၂ဝ၁၇ တုန်းက သမ္မတဟောင်း ပတ်ဂွမ်ဟောင်းကို စွဲချက်တင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဖယောင်းတိုင်ထွန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို နှိမ်နင်းရာမှာ သူအမိန့်ပေးခဲ့တယ်လို့ သံသယထင်ခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာချိုဟာ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေး ဥပဒေကြေညာပြီး အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို နှိပ်နင်းခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ယူနက်စကိုအမွေအနှစ် အော်သိုဒေါ့စ် ဘုန်းကြီးကျောင်းမှာ နေသူတွေကို ယူကရိန်းအစိုးရပြောင်းရွှေ့ခိုင်း

ယူနက်စကို သမိုင်းအမွေအနှစ်ဘုရားကျောင်းက လူတွေကို ဖယ်ရှားပစ်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မော်စကိုနဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး အော်သိုဒေါ့စ် ဘုန်းကြီးကျောင်းမှာနေသူတွေကို ယူကရိန်းက ရွှေ့ခိုင်းပြီ

ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က ရာနဲ့ချီတဲ့ အော်သိုဒေါ့စ်ခရစ်ယာန်တွေဟာ သူတို့နေအိမ်တွေ ဖျက်ဆီးရွှေ့ပြောင်းမခံရခင် ဘုန်းကြီးကျောင်းမှာ စုဝေးခဲ့ကြပါတယ်။

ဒီနေ့ဟာ သူတို့အိမ်ရာအဆောက်အအုံတွေ ဖျက်ပေးရမယ့် နောက်ဆုံးရက် ဖြစ်ပေမဲ့ သူတို့အနေနဲ့ အချိန်ရသလောက် ဒီနေရာမှာ ဆက်နေသွားမယ်လို့ Kyiv-Pechersk Lavra က ဘုန်းကြီးတွေက ပြောပါတယ်။

အော်သိုဒေါ့စ် ထိပ်ပိုင်းအဖွဲ့ဝင်တွေက ရုရှားရဲ့ကျူးကျော်မှုကို ရှုတ်ချထားပေမယ့် သူတို့ကို ရုရှားနိုင်ငံ မော်စကိုမြို့က အော်သိုဒေါ့စ် တွေနဲ့ ဆက်လက်အဆက်အသွယ် ရှိတယ်လို့ ယူကရိန်းအစိုးက သံသယရှိနေတာ ဖြစ်ပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနစ်အဖြစ် သတ်မှတ်ထားတဲ့ ဒီကျောင်းတော်ကြီးမှာ ရာနဲ့ချီတဲ့ ဘာသာရေးအကြီးအကဲတွေ ၊ ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေ နေထိုင်နေကြတာပါ။

ယူကရိန်းအစိုးရကတော့ သူတို့ကို အင်အားသုံးဖယ်ရှားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။