အမေရိကန်-ဖိလစ်ပိုင် ပူးပေါင်းစစ်ရေးလေ့ကျင့်- ဧပြီ ၁၁ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ဒေသတွင်းမှာ တရုတ်ရဲ့ ရန်လိုမှုတွေကို တန်ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ အကြီးဆုံး စစ်ရေး ပူးပေါင်း လေ့ကျင်မှုတွေကို ဧပြီ ၁၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။

ရက်သတ္တပတ် ၂ ပတ်ကြာ ဖိလစ်ပိုင်မှာ လေ့ကျင့်မယ့် ဒီစစ်ရေး လေ့ကျင်မှုမှာ စစ်သည်အင်အား ၁၈ဝဝဝ ကျော်ပါဝင်မှာ ဖြစ်ပါတယ်။

ကြည်းနဲ့ ရေပူးပေါင်းတပ်ဖွဲ့တွေ ကျွန်းကို ပြန်လည် သိမ်းပိုက်တာ၊ တောင်တရုတ် ပင်လယ်မှာ စစ်သင်္ဘောတွေနဲ့ တပြိုင်နက် တိုက်ခိုက်မှုတွေ စတင်တာတွေ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ် အန်ဒရေး ဆန်တီနိုက ဒေသတွင်းမှာ မနီလာနဲ့ ဝါရှင်တန်တို့ အတူတွဲ အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။

‘ပူးပေါင်းဆောင်ရွက်တာနဲ့ လက်တွဲဖော်ဆက်ဆံရေးတွေ ပိုကောင်းမွန်တိုးတက်လာရင် ပူးပေါင်းကာကွယ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ သဘာဝဘေးအန္တရာယ် တွေကို တုံ့ပြန်ဖို့ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တာကို ပိုအဆင့်မြင့် ဆောင်ရွက်နိုင်ရုံသာမက အင်ဒိုပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက်လည်း ပိုမိုဆောင်ရွက်နိုင်မှာပါ’လို့ သူက ပြောသွားပါတယ်။

ဖိလစ်ပိုင်မှာ ဖာဒီနန် မားကိုစ့် ဂျူနီယာ သမ္မတ ဖြစ်လာပြီးတဲ့နောက် အမေရိကန်ဘက်ကို ပိုမို နီးစပ်လာတယ်လို့ ဆိုပါတယ်။

ဒီစစ်ရေး လေ့ကျင်မှုကို အရင်ကတည်းက စီစဉ်ထားပြီး ဖြစ်ပေမဲ့ ထိုင်ဝမ်အနီးမှာ စစ်ရေး လေ့ကျင်တာတွေ ပြီးဆုံးပြီလို့ တရုတ်က ကြေညာခဲ့ပြီးတဲ့နောက် အခုလို လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်မှာ လုပ်ငန်းတွေ ဆက်လုပ်မလုပ် ကုလ ရွေးချယ်ရမယ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အာဖဂန်နစ္စတန်မှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့မှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်ကို တာလီဘန် တွေက တားမြစ်ခဲ့ပြီးတဲ့နောက် ဒီနိုင်ငံမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်မလုပ် ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂက ရွေးချယ်ရဖို့ ရှိနေတယ်လို့ ထုတ်ပြန်လာပါတယ်။

ကုလသမဂ္ဂရဲ့ ဒီထုတ်ပြန်ချက်ထဲမှာ အာဖဂန် ပြည်သူတွေကို အထောက်အပံ့တွေ ပေးဖို့အတွက် ဆက်နေဖို့နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဆက်လက်ကိုင်စွဲရမယ်ဆိုတဲ့ မူအကြားမှာ ပဋိပက္ခ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဖဂန်လူထုအတွက် အနုတ်သဘောဆောင်တဲ့ အကျိုးဆက်တွေအတွက် တာလီဘန်တွေမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ အာဖဂန် မစ်ရှင်အကြီးအကဲက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအားလုံးကို ပြန်လည် သုံးသပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေမှာ ဘဏ်တိုးနှုန်းတွေ ပြန်ကျမယ်လို့ အိုင်အမ်အက်ဖ်ခန့်မှန်း

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေမှာ ဘဏ်အတိုးနှုန်းတွေက ကိုဗစ်ကပ်ရောဂါ ကာလ မတိုင်မီ အခြေအနေကို ပြန်ရောက်သွားမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ငွေကြေးစျေးကွက်မှာ ငွေချေးတာကြောင့် ပေးရတဲ့ အတိုးနှုန်း မြင့်တက်တာက အမြဲတမ်း အပြောင်းအလဲ တရပ်မဟုတ်တာကြောင့် ငွေကြေးဖောင်းဖွမှုကို ထိန်းနိုင်ရင် ပြန်ကျမယ် လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘယ်တော့ ဒီလို ဖြစ်မလဲဆိုတာကိုတော့ IMFက အတိအကျမပြောထားပါဘူး။ ကမ္ဘာတဝန်းမှာရှိတဲ့ ဗဟိုဘဏ်တွေက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ အတိုးနှုန်းကို မြှင့်ခဲ့ကြပါတယ်။

ဒီငွေကြေးဖောင်းပွမှုဖြစ်ရတာက ကိုဗစ်ကပ်ရောဂါနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တာကြောင့်ဆိုပြီး ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

အငြင်းပွားနေတဲ့ မုယောစပါး ကုန်သွယ်မှု သြစတြေးလျနဲ့တရုတ် ဖြေရှင်းဖို့ သဘောတူညီ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

သြစတြေးလျနဲ့တရုတ်တို့အကြားမှာ မုယောစပါး တင်ပို့ဖို့ အငြင်းပွားနေတဲ့ ကိစ္စကို ဖြေရှင်းဖို့ သဘောတူညီမှုရသွားပြီလို့ သြစတြေးလျက ပြောပါတယ်။

ဒီနှစ်နိုင်ငံအတွင်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်ပေါင်းများစွာ အခက်အခဲတွေ ရှိနေပေမဲ့ ဒါက ပြန်လည်ကောင်းမွန်လာတဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။

သြစတြေးလျရဲ့ နိုင်ငံရေး ရပ်တည်ချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျက တင်ပို့လာတဲ့ မုယောစပါးတွေကို ၂ဝ၂ဝခုနှစ်မှာ အခွန် ၈ဝ ရာခိုင်နှုန်းအထိ တရုတ်က ကောက်ခံခဲ့ပါတယ်။

အခုတော့ ဒီအခွန်တွေကို ပြန်လည် သုံးသပ်ဖို့ ဘေဂျင်းက သဘောတူညီခဲ့တယ် လို့လည်း သြစတြေးလျက ပြောပါတယ်။

အပြန်အလှန်အနေနဲ့ ဒီအခွန်နဲ့ပတ်သက်ပြီး ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကို တင်ပြထားတာကို သြစတြေးလျက ဆိုင်းငံ့လိုက်ပါတယ်။

ပါကစ္စတန်က တာလီဘန်တွေရှိတဲ့ အဆောက်အအုံကို ဝင်စီးမှု ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပါကစ္စတန် တာလီဘန်တွေရှိတယ်ဆိုတဲ့ အဆောက်အအုံတခုကို ဝင်ရောက်စီးနင်းရာမှာ ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားပါတယ်။

တာလီဘန် တပ်မမှူးတဦး ဒီအဆောက်အအုံထဲမှာ ပုန်းနေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းကြောင့် ဝင်ရောက်စီးနင်းရာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

အဲဒီတပ်မမှူးလည်း တိုက်ပွဲအတွင်းမှာ သေဆုံးသွားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လူ ၄ ဦးသေဆုံးပြီး ၂ဝ ဒဏ်ရာရခဲ့တဲ့ ဗုံးနဲ့တိုက်ခိုက်မှုအပြီး နာရီပိုင်းမှာပဲ ဒီလို စီးနင်းခဲ့တာ ဖြစ်ပါတယ်။

လွတ်မြောက်သွားတဲ့ စစ်သွေးကြွတွေကို ရှာဖွေဖို့ တာဝန်ရှိသူတွေက နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

ဘာလိုချစ်စတန်ခရိုင်မှာ စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေ အခုရက်ပိုင်းအတွင်းမှာ ပိုမို များလာနေပါတယ်။