အောက်တိုဘာ ၂၁ ရက် ထိပ်တန်းသတင်းများ - စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ရလမ်းတစ်ခုဖြစ်တဲ့ ကျောက်မျက်ရတနာပြပွဲ စတင်

ရေးသားခဲ့သည်။

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ရလမ်းတစ်ခုဖြစ်တဲ့ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို နေပြည်တော်မှာ မနေ့က စတင်လိုက်ပြီး ကိုးရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ပုလဲအတွဲပေါင်း (၃၀၀)၊ ကျောက်မျက်အတွဲပေါင်း (၁၆၀) နဲ့ ကျောက်စိမ်းအတွဲပေါင်း (၄၀၂၅) တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

ပုလဲအတွဲ နဲ့ ကျောက်မျက်အတွဲတွေကို အမေရိကန်ဒေါ်လာနဲ့ ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိတဲ့ ပြည်ပရတနာကုန်သည်တွေအနေနဲ့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ နဲ့ လည်းပေးချေခွင့် ပြုထားပါတယ်။

ပြည်တွင်းရတနာကုန်သည်တွေကိုတော့ အမျိုးအစားအလိုက် ကျပ်ငွေနဲ့ ပေးချေဝယ်ယူနိုင်ဖို့ ခွင့်ပြုထားပါတယ်။

ကျောက်စိမ်းအတွဲပေါင်း လေးထောင်ကျော်ကို အုပ်စု သုံးစုခွဲခြားထားပြီး ကျောက်စိမ်းတွဲ နှစ်ထောင်ကျော်ပါဝင်တဲ့ ကျောက်စိမ်းအတွဲအုပ်စု (အေ) နဲ့ (ဘီ) ကို နိုင်ငံခြားငွေရရှိဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

အုပ်စု (အေ) အဆင့်သတ်မှတ်ထားတဲ့ ကျောက်စိမ်းအတွဲ (၅၀၀) ကို နိုင်ငံခြားငွေနဲ့ပဲ ပေးချေဖို့ သတ်မှတ်ထားပါတယ်။

ပြည်တွင်းရတနာကုန်သည်တွေအနေနဲ့လည်း အုပ်စု (အေ)က ကျောက်စိမ်းတွဲ တွေဝယ်ချင်ရင် နိုင်ငံခြားငွေနဲ့ပဲ ပေးချေဝယ်ယူရမှာ ဖြစ်ပါတယ်။

အုပ်စု (ဘီ) က ကျောက်စိမ်းအတွဲ (၁၇၃၃) တွဲကို ပြည်တွင်းရတနာကုန်သည်များအနေနဲ့ ကျပ်ငွေ ဒါမှမဟုတ် နိုင်ငံခြားငွေနဲ့ ပေးချေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အုပ်စု (စီ) က ကျောက်စိမ်းအတွဲ (၁၇၉၂) ကိုပဲ ကျပ်ငွေ နဲ့ ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်တွင်းရတနာကုန်သည်တွေ ကျပ်ငွေနဲ့ ပေးချေဝယ်ယူ နိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက နေပြည်တော်မှာ လုပ်ခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲ ၂၉၀ ၊ ကျောက်မျက်အတွဲ ၇၇ တွဲ နဲ့ ကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ ရောင်းချနိုင်ခဲ့တယ် လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနက စာရင်းတွေအရ သိရပါတယ်။

ရေးတံတားဂိတ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ လက်နက်တွေသိမ်းဆည်းရမိတယ်လို့ PDF ပြော

မွန်ပြည်နယ်‌၊ ရေးမြို့နယ်က ရေးတံတားဂိတ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား မနေ့တုန်းက တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီရဲ့ လက်နက်တွေသိမ်းဆည်းရမိတယ်လို့ PDF တွေက ထုတ်ပြန်လာပါတယ်။

မနေ့ အောက်တိုဘာ ၂၀ ရက်မှာ သုံးနာရီကြာတိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အင်အား ၁၀၀ နီးပါးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ (ဒေါနစစ်ကြောင်း) ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အထိအခိုက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိခိုက်သူတွေကို ဆေးခန်းပို့ဆောင်ဖို့ သွားချိန် ကျုံလောင်းရွာနဲ့ ဝဲပေါင်ရွာကြားက ရာဘာခြံမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ နီးပါးသေဆုံးကြောင်းထုတ်ပြန်ထားပြီး ဘီဘီစီကတော့ သေဆုံးစာရင်းကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

စစ်ကောင်စီရဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ကျုံလောင်းရွာဟောင်းကနေ ပြန်လည်ထွက်ခွာသွားကြပြီလို့ ဖော်ပြပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်ကတော့ ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ရှမ်းမြောက်နဲ့ ကချင်က စစ်ကောင်စီစခန်းနှစ်ခု ကေအိုင်အေသိမ်းပိုက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့က စစ်ကောင်စီ နမ့်ကွတ်တပ်စခန်း နဲ့ ဝိုင်းမော်မြို့၊ နမ်ဆန်ယန်ရွာအနီးက စစ်ကောင်စီရဲ့အောင်ဂျာယန်စခန်းကို ကေအိုင်အေက သိမ်းပိုက်ခဲ့တယ် လို့ စစ်ကောင်စီကရော ကေအိုင်အေဘက်ကပါ အတည်ပြုပါတယ်။

မုံးကိုးမြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာက နမ့်ကွတ်စခန်းကို ကချင်လွတ်လပ်ရေးတပ် တပ်မဟာ ၆ လက်အောက်ခံ၊ တပ်ရင်း ၃၆ နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့တဲ့အကြောင်း စစ်ကောင်စီကရော ကေအိုင်အေဘက်က အတည်ပြုပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၆ နာရီခွဲခန့်ကစလို့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ နေရာ ၃ နေရာခွဲပြီး ဝင်ရောက်တိုက်တာကြောင့် ညနေ ၄ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းက ဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီ နမ့်ကွတ်စခန်းကို ဒီကနေ့အထိ သိမ်းပိုက်ထားနိုင်ဆဲလို့ ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကိုပြောပါတယ်။

"ဒီစခန်းက စစ်ကောင်စီအတွက် အရေးပါတဲ့ ဗျူဟာကျတဲ့ စခန်းလို့ပြောရမှာပေါ့။ တရုတ်နယ်စပ်နဲ့လည်းနီးတယ်လေ။ ကြူကုတ် (ပန်းဆိုင်)နဲ့ နီးနေတဲ့နေရာလည်းဖြစ်ပါတယ်။ တရုတ်နယ်စပ်တကြောကို ကေအိုင်အေက ထိန်းချုပ်ထားနိုင်တယ်လို့ ပြောဖို့စောပါသေးတယ်" လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒီလို စခန်းသိမ်းပိုက်ခံရတာ‌ကို တုံ့ပြန်ဖို့ ကေအိုင်အေ တပ်မဟာ ၆ တပ်စခန်းနေရာကို လေကြောင်းပစ်ကူ၊ အမြှောက်ပစ်ကူတွေ တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြသလို ‌ကေအိုင်အေဘက်ကလည်း တပ်မဟာဌာနချုပ်နေရာတွေ တိုက်ခိုက်ခံရကြောင်း ဆိုပါတယ်။

တန်ပြန်တိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်ဖွဲ့ဝင်တွေသေဆုံးပြီး လက်နက်တွေသိမ်းဆည်းခဲ့ရကြောင်း စစ်ကောင်စီထုတ်ပြန်ပြီး ကေအိုင်အေဘက်ကတော့ အသေးစိတ်မသိရှိရသေးကြောင်းနဲ့ ထိခိုက်မှုအချို့ရှိနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၀ ရက်တုန်းကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ နမ်ဆန်ယန်ရွာအနီးမှာရှိတဲ့ အောင်ဂျာယန် တပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအိုင်အေက ထုတ်ပြန်သလို စစ်ကောင်စီကလည်း စခန်းလက်လွှတ်ရကြောင်း ထုတ်ပြောပါတယ်။

စစ်ကောင်စီအခေါ် လဲလုံစခန်းကို ရရှိဖို့ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်အကြား သီတင်းပတ်နဲ့ ချီ တိုက်ပွဲတွေဖြစ်နေခဲ့ပြီး အပြန်အလှန်စခန်းသိမ်းပိုက်နေတဲ့ အခြေအနေလို့ ကနဦးသတင်းတွေအရ သိရပါတယ်။

မနေ့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရတော့ ဇူလိုင် ၈ ရက်ကစလို့ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကေအိုင်အေဘက်က ဗန်းမော်-ဝိုင်းမော် ကားလမ်းကိုထိန်းချုပ်ထားတဲ့ လဲလုံစခန်းကို ၈၁ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။