ဒီဇင်ဘာ ၃၀ ရက်ထိပ်တန်းသတင်းများ-မန္တလေးအောင်မြေသာစံမှာ ကျုးကျော် ဆိုပြီး နေအိမ်အလုံးတစ်ရာခန့် အဖျက်ခံရပြန်
မန္တလေးအောင်မြေသာစံမှာ ကျုးကျော် ဆိုပြီး နေအိမ်အလုံးတစ်ရာခန့် အဖျက်ခံရပြန်

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေး အောင်မြေသာစံမြို့နယ်မှာ နှစ်ရက်ဆက်တိုက် နေအိမ်ပေါင်း တစ်ရာဝန်းကျင်ကို ကျူးကျော်နေထိုင်လို့ဆိုကာ အဖျက်ခံရကြောင်း ဒေသခံတွေကပြောပါတယ်။
အိုးဘို အကျဉ်းထောင်အနီး သံလမ်းဘေးရှိ နေအိမ်တွေကို ကြိုတင်အကြောင်းကြားတာ မရှိဘဲ ဒီဇင်ဘာ ၂၈ ရက်ကစတင်ပြီး ဘူဒိုဇာ ၃ စီးနဲ့ ဖျက်နေတာလို့ ဒေသခံတွေကဆိုပါတယ်။
တိုင်းကျူးရှင်းလင်းရေးအဖွဲ့က မန္တလေးမြို့က မြို့နယ် ၆ ခုလုံးမှာ ကျူးကျော်နေထိုင်တာတွေ ဖယ်ရှားဖို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာကတည်းက နိုင်ငံပိုင်သတင်းစာတွေမှာထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်ပြီး အဖျက်ခံရမယ့် ရပ်ကွက်တွေထဲမှာလည်း အများသိအောင် လိုက်လံကြေညာထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နေအိမ်အဖျက်ခံရတဲ့ဒေသခံအများစုကတော့ ခုလို နေအိမ်တွေကိုဖျက်ဖို့ လုံလောက်တဲ့သတင်းအချက်အလက်နဲ့ ကြိုတင်ပြင်ဆင်ချိန်မရခဲ့ဘူးလို့ ဘီဘီစီကိုပြောပါတယ်။
အခု အောင်မြေသာစံမြို့နယ် အိုးဘို သံလမ်းအနီးက ကျူးအိမ်အဖြစ် အဖျက်ခံရတဲ့ နေအိမ်တွေဟာ နှစ်ပေါင်း ၂၀ ဝန်းကျင် နေထိုင်ခဲ့သူတတွေလည်းပါဝင်သလို အခိုင်အမာတည်ဆောက်ထားတဲ့အုတ်ခံနေအိမ်ကြီးတွေလည်း သံလမ်းနဲ့ မလွတ်လို့ အဖျက်ခံရတာလို့ သိရပါတယ်။ မန္တလေးက မြို့နယ် ၆ ခုလုံးမှာ ကျူးကျော်နေအိမ်သတ်မှတ်ပြီး အဖျက်ခံရတဲ့ နေအိမ်ပေါင်းဟာ တစ်နှစ်ကျော်အတွင်း နေအိမ်အလုံးပေါင်း သောင်းဂဏာန်းထိရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှမိုးအောင် အပါအဝင် တိုင်းအဖွဲ့ရအဖွဲ့ဝင် အားလုံးနီးပါးကို စစ်ကောင်စီ ပြန်လွှတ်

ဓာတ်ပုံ ရင်းမြစ်, MOI
NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှမိုးအောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်ဟောင်း အားလုံးနီးပါးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရကြောင်း NLD ပါတီဘက်က အတည်ပြုပါတယ်။ ဦးလှမိုးအောင်ဟာ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ နုတ်ထွက်သွားတဲ့နောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အသက် (၅၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးလှမိုးအောင်ဟာ စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး မြန်အောင် မဲဆန္ဒနယ်တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မြန်အောင်မဲဆန္ဒနယ်ကပဲ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့ပါတယ်။
သူဟာ ဝန်ကြီးချုပ်တာဝန်မထမ်းဆောင်မီ တိုင်းလွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်း နဲ့ သယံဇာတရေးရာကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းတဲ့အချိန် ဦးလှမိုးအောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အားလုံးနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနေအိမ်အကျယ်ချုပ်နဲ့ ထိမ်းသိမ်းခံခဲ့ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနောက် အစိုးရနေအိမ်တွေကနေ တခြားနေရာတစ်ခုထံ ရွှေ့ပြောင်းခြင်းခံခဲ့ရပြီး ထိန်းသိမ်းထားစဥ်ကာလအတွင်း ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့ပေမဲ့ပုဒ်မတပ်ပြီး တရားစွဲဆိုခဲ့တာမရှိဘူးလို့ ဖြစ်စဥ်ကိုသိရှိသူ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်နီးပါးရှိလာချိန်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပြင် ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ စိုက်ပျိုးရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းဌေး၊ စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စတဲ့ အစိုးရအဖွဲ့တစ်ဖွဲ့လုံးနီးပါး ဆက်တိုက် ပြန်လွတ်လာပေမဲ့ တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရသူလည်းဖြစ်၊ လူမှုရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာလှမြတ်သွေးကတော့ ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာမပါဝင်သေးဘူးလို့ NLD ပါတီဘက်ကပြောပါတယ်။
"အမ လှမြတ်သွေးကို ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ တရားစွဲတင်လိုက်ပြီလို့ သိရပါတယ်။ အစ်မတစ်ယောက်ပဲမလွတ်ဘဲကျန်ခဲ့တာပေ့ါ။ သိရသလောက် ၂၀၂၁ မတ်လ ဒါမှမဟုတ် ဧပြီလလောက်ဖြစ်မယ်။ အစ်မက သူ့ဝန်ကြီးဌာနအနေနဲ့ စီဒီအမ်တွေနဲ့ပတ်သက်တဲ့ ကြေညာချက်တစ်စောင်ထုတ်လိုက်တာရှိပါတယ်။ အဲဒီအတွက် ခေါ်ယူစစ်ဆေးခံရတာလည်းရှိခဲ့တယ်။ စစဖမ်းတည်းကတော့နေအိမ်အကျယ်ချုပ်ပါပဲ။ အခု နှစ်ရက်ဆက်တိုက်ပြန်လွှတ်ပေးတဲ့အထဲအစ်မမပါလာဘူး။ ဝန်ကြီးချုပ်ကိုတော့ မြေပြင်သတင်းတွေအရ သူ့အိမ်ကိုမနေ့က စစ်ကား ၃ စီးနဲ့ ပြန်လာပို့သွားပါတယ်" လို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်က ဘီဘီစီကို ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိအမှုတွေနဲ့ စွဲဆိုထားမှု ဒီနေ့အမိန့်ချဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Chair NLD
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ အဂတိအမှု ငါးမှုကို ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။
အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့အမှုပေါင်း ၁၄ မှုနဲ့ လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံရထားပြီးဖြစ်ပြီး နေပြည်တော်အချုပ်ထောင်တွင်းမှာ အကျဥ်းချခံထားရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး ပထမဆုံး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားသူတွေအားလုံးပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။
မူလက ဒီအဂတိမှုငါးမှုနဲ့ပတ်သက်လို့ ဇန်နဝါရီလမှသာ အပြီးသတ်အမိန့်ချနိုင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အခုတော့ ဒီနေ့မှာ အပြီးသတ်အမိန့်ချဖို့ ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ စွဲဆိုထားတဲ့အမှုတွေအားလုံး ပြီးပြတ်သွားမှာြဖစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ လာမယ့် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဥ်းသားတွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်သလို၊ ဒီအထဲ ဒေါ်အောင်ဆန်းစုကြည်ပါလာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။









