တာလီဘန်နဲ့ စစ်ကောင်စီ ၂ နှစ်ဆက်ပြီး ကိုယ်စားပြုခွင့် မအောင်မြင်

ကုလခုံနေရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေမယ်

ဓာတ်ပုံ ရင်းမြစ်, Myanmar Mission

ဓာတ်ပုံ ပုံစာ, ကုလခုံနေရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေမယ်
ရေးသားခဲ့သည်။

ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ အာဖဂန်နစ္စတန်က တာလီဘန် အဖွဲ့နဲ့ မြန်မာနိုင်ငံက စစ်ကောင်စီတို့ လျှောက်ထားကြမှုတွေကို ဒီနှစ်မှာလည်း ဆုံးဖြတ်ချက်မချပဲ ထပ်မံ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါ့ကြောင့် ရှိလက်စ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာခုံနေရာမှာ လာမယ့်နှစ် ကုလသမဂ္ဂ အထွေထွ ညီလာခံ ကျင်းပမယ့် အချိန်အထိ၊ ၉ လ အနည်းဆုံး ဆက်လက် ရှိနေမှာ ဖြစ်ပါတယ်။

 အာဖဂန်နစ္စတန်နဲ့ မြန်မာ တို့ရဲ့ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတာဟာ နှစ်နှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပြီး၊ ဒီနှစ်မှာတော့ ကိုယ်စားလှယ် အပြိုင် လျှောက်ထားမှု ရှိလာတဲ့ လစ်ဗျား နိုင်ငံရဲ့ ခုံနေရာ အတွက်လည်း  ရွှေ့ဆိုင်းထားပါတယ်။

 သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ မူဝါဒ သဘောထားတွေကို ထင်ဟပ်ပြီး ကုလသမဂ္ဂ မျက်နှာစာမှာ လှုပ်ရှား ဆောင်ရွက် နေတာဖြစ်တာကြောင့်၊ လက်တွေ့သဘော ဒီဖက်တိုအရ NUG ရဲ့ ကိုယ်စားလှယ် ကုလသမဂ္ဂမှာ ရှိနေတာ ဖြစ်တယ်လို့ မြန့်မာ့အရေး  စောင့်ကြည့် အကဲခတ်သူတွေက ဘီဘီစီကို ပြောပါတယ်။ 

ကုလဆိုင်ရာ မြန်မာသံအမတ် နေရာနဲ့ အနာဂတ် ဒီမိုကရေစီ အရေး ဘယ်လို ချိတ်ဆက်နေလဲ

ကုလအေဂျင်စီအားလုံးမှာရော မြန်မာကို ကိုယ်စားပြုခွင့် တပြေးညီ ရှိလာနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Myanmar Mission

ဓာတ်ပုံ ပုံစာ, ကုလအေဂျင်စီအားလုံးမှာရော မြန်မာကို ကိုယ်စားပြုခွင့် တပြေးညီ ရှိလာနိုင်မလား

အခုလို သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ  မြန်မာ သံအမတ်ကြီး အဖြစ် ဆက်ရှိ နေနိုင်တာဟာ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားရုန်းကန်မှုတွေ အပေါ် ဘယ်လိုပုံစံမျိုးတွေ သက်ရောက်လာစေနိုင်ပါသလဲ ...

မြန်မာ့နိုင်ငံရေးမှာ ၁၉၈၈ ခုနှစ် ကစလို့ ဘီဘီစီ သတင်းထောက် အနေနဲ့ အနီးကပ်ရှိနေခဲ့ပြီး၊  ကုလသမဂ္ဂမှာ နှစ်ရှည် တာဝန်ထမ်းပြီးတဲ့နောက် လက်ရှိမှာလည်း တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက် အဖွဲ့ MAP ကို ဦးဆောင် လှုပ်ရှားနေသူ ခရစ္စတိုဖာ ဂန်းနက်စ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ။ ခရစ္စရေ ... နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ဘာတွေ ဖြစ်ပျက်နေလဲလို့ သိထားရလဲ။

ခရစ္စတိုဖာဂန်းနက်စ်။ ။ ကုလသမဂ္ဂမှာ ထဲထဲဝင်ဝင် လှုပ်ရှား နေကြတဲ့ သံတမန်း အသိုင်းအဝိုင်းထဲက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ၊ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ခွင့်ကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လက်ထဲကနေ လုယူဖို့  စစ်တပ်ရဲ့ ကြိုးစားမှုဟာ လုံးဝ ရှုံးနိမ့်သွားပါတယ်။

NUG ကို ကိုယ်စားပြုပြီး လှုပ်ရှားဆောင်ရွက် နေတဲ့ လက်ရှိ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားနိုင်ဖို့ရာ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တဲ့ စစ်တပ်က ကုလသမဂ္ဂ မျက်နှာစာမှာ လုပ်ဆောင်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်က သူတို့ရဲ့ ကိုယ်စားလှယ်ကို လက်ခံဖို့ လျှောက်ထားခဲ့မှု အပေါ်   ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အဖွဲ့ဝင် နိုင်ငံတွေက လက်မခံ ခဲ့ပါ ဘူး။ နယူးယောက်မြို့မှာ ရှိတဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုအရ ကျွန်တော် နားလည်ရတာ ကတော့ NUG ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာကို ကိုယ်စားပြုတဲ့ ခုံနေရာမှာ ဆက်ရှိနေစေဖို့ တညီတညွတ်တည်း သဘောထားတွေ​ ရှိနေကြပါတယ်။

ဒါဟာ မြန်မာ့ဒီမိုကရေစီ အရေးမှာ အင်မတန် ကောင်းမွန်တဲ့ ရလဒ် ဖြစ်ပါတယ်။ သံတမန်ရေး အရ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်ပွဲအဖြစ် သင်္ကေတ ဆောင်နေသလို၊ လက်တွေ့ အရ အကျိုး ဖြစ်ထွန်းနိုင်တာတွေလည်း ရှိနေပါတယ်။

အထွေထွေညီလာခံဟာ ကုလသမဂ္ဂ တစ်ခုလုံးရဲ့ ပင်မ မိခင် အဖွဲ့အစည်း ဖြစ်ပါတယ်။ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ကျန် ကုလသမဂ္ဂ အဖွဲ့အစည်း အမျိုးမျိုး အတွက် လမ်းညွှန်သဖွယ် ကိုးကားရမှာ ဖြစ်ပါတယ်။

ဒီတော့ လူ့အခွင့်အရေးကောင်စီလို၊ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ လို ကျန်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့လည်း အထွေထွေညီလာခံ ဆုံးဖြတ်တဲ့အတိုင်း NUG ကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ပေးလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှု ရှိလာပြီဆိုရင်၊ အထွေထွေညီလာခံကနေ ဘယ်လို ဆုံးဖြတ်ထားသလဲ ဆိုတာကို ရည်ညွှန်း ကိုးကားပြီး လိုက်လံ လုပ်ဆောင်သင့်တယ် ဆိုတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်လည်း ၁၉၆၀ ပြည့်ကျော် နှစ်တွေ ကတည်းက  ရှိနှင့် နေပြီး ဖြစ်ပါတယ်။

 အခု မြန်မာ့ အရေးမှာလည်း အာဏာသိမ်းဖို့ ကြိုးစားတဲ့ စစ်တပ်ရဲ့  လျှောက်ထားမှုကို လက်မခံဘူး၊ NUG ရဲ့ ကိုယ်စားပြုခွင့်ကို လက်ခံတယ် ဆိုတဲ့ အထွေထွေညီလာခံရဲ့ သဘောထားကို ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။

 

MAP အဖွဲ့ကို ထူထောင်ပြီး မြန့်မာ့အရေး လှုပ်ရှားနေသူ ခရစ္စတိုဖာ ဂန်းနက်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, MAP အဖွဲ့ကို ထူထောင်ပြီး မြန့်မာ့အရေး လှုပ်ရှားနေသူ ခရစ္စတိုဖာ ဂန်းနက်စ်

ဘီဘီစီ။ ။  ကျွန်တော့် အနေနဲ့ ရှင်းအောင်လို့ တစ်ခု မေးချင်ပါတယ် ... ခရစ္စရေ ... အခု ကိုယ်စားပြုခွင့် အပြိုင် လျှောက်ထားမှုတွေကို လက်ခံတာ ငြင်းပယ်တာနဲ့ ပတ်သက်ပြီး၊ စစ်တပ်ရဲ့ ရှုံးနိမ့်မှု အဖြစ် ခရစ္စက ပုံဖော် ပြောဆိုပါတယ်။ ဦးကျော်မိုးထွန်းကို မြန်မာခုံနေရာမှာ ဆက်ရှိ နေစေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တကယ်ပဲ NUG ရဲ့ ကိုယ်စားလှယ် အဖြစ် လက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး တပါတည်း သက်ရောက် စေလားခင်ဗျ။

ခရစ္စတိုဖာဂန်းနက်စ်။ ။ ဒါဟာ အင်မတန် ကောင်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ အထွေထွေညီလာခံရဲ့ အဖွဲ့ဝင် တစ်နိုင်ငံချင်းစီရဲ့ ရပ်တည်မှုကို ကြည့်ရင် NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြု လက်ခံတာမျိုး မပြုလုပ်ကြသေးတဲ့ နိုင်ငံတွေ ရှိနေပါတယ်။ ဒါပေမယ့်၊ အထွေထွေ ညီလာခံကြီး တစ်ခုလုံး အနေနဲ့ စုပေါင်းပြီး ဦးကျော်မိုးထွန်းကို သူ့ရဲ့ ခုံနေရာမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်တာဟာ၊   NUG ကို ကိုယ်စားပြုနေသူကို ကုလသမဂ္ဂမျက်နှာစာမှာ ဒီဖက်တို လို့ ခေါ်တဲ့ လက်တွေ့သဘော တကယ် လှုပ်ရှား ဆောင်ရွက်ခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက်အဖြစ် ကျွန်တော် ရှုမြင်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဦးကျော်မိုးထွန်း အနေနဲ့ အဲဒီ ရာထူးနေရာကို အသုံးပြုပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံကို စာရေးသား တောင်းဆိုတာ၊ တင်ပြတာတွေ ပြုလုပ်နိုင်ပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ခြောက်ချားဖွယ်ရာ အခြေအနေမှန်တွေကို ကုလသမဂ္ဂ အစည်းအဝေးတွေမှာ တင်ပြ ဆွေးနွေးခွင့် ဆက်ရနေမှာ ဖြစ်ပါတယ်။

သူဆောင်ရွက်နေတာတွေဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီ ၅၅ သန်းသော ပြည်သူတွေ ရွေးကောက်တက်မြှောက်ထားတာကနေ ပေါ်ပေါက်လာတဲ့ NUG ကို ကိုယ်စားပြု ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်၊ NUG ရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။

 ဘီဘီစီ။ ။ မြန်မာရဲ့ ကိုယ်စားပြုခွင့် နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချပဲ ရွှေ့ဆိုင်းတဲ့ နည်းလမ်းနဲ့လည်း  ဦးကျော်မိုးထွန်းဟာ မြန်မာကို ကိုယ်စားပြုတဲ့ ခုံနေရာမှာ ဆက်ရှိ နေနိုင်မှာ ဖြစ်ပေမယ့်၊ အဲဒီလို လုပ်မယ့် အစား NUG ကိုယ်စားလှယ် အနေနဲ့ လက်ခံပါ ဆိုပြီး ဆော်ဩနေခဲ့ကြသူတွေထဲ ခရစ္စလည်း ဦးစီးဦးဆောင် ပါဝင်သူ ဖြစ်တယ် ဆိုတာ ကျွန်တော် သတိ ထားမိပါတယ်။  အဓိကကတော့ ခရစ္စ ပြောခဲ့သလို ကုလသမဂ္ဂရဲ့ တခြား အဖွဲ့အစည်းတွေမှာပါ မြန်မာကို ကိုယ်စားပြုခွင့် အရှုပ်အထွေး ဖြစ်နေတာတွေ ပြေလည်သွားစေဖို့ ဖြစ်တယ်လို့ ခရစ္စလည်း အခုနက ပြောခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော အဲဒီလို NUG ရဲ့ ကိုယ်စားလှယ်တွေကို တခြား UN အဖွဲ့အစည်းတွေမှာပါ လက်ခံလာနိုင်ဖွယ် ရှိလား။ ဘယ်လောက် မျှော်လင့်နိုင်လဲခင်ဗျ။

ခရစ္စတိုဖာဂန်းနက်စ်။ ။ ကျွန်တော့်ရဲ့ နားလည်မှုနဲ့  ကျွန်တော့်အဖွဲ့ ဖြစ်တဲ့ တာဝန်ခံမှု​ရှိစေရေး မြန်မာ ပရောဂျက် မက်ပ် (MAP)  အဖွဲ့ အနေနဲ့ အစဥ်တစိုက် ထောက်ပြ တောင်းဆိုနေမှုတွေ အရသာမက၊ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ တကယ့် လက်တွေ့ လုပ်ထုံးလုပ်နည်းတွေ အရပါ ပြောရမယ်ဆိုရင် ...ကုလသမဂ္ဂရဲ့ တခြား အေဂျင်စီ အဖွဲ့ အားလုံး အနေနဲ့ NUG ရဲ့ ကိုယ်စားလှယ်တွေကို လက်ခံရမှာ ဖြစ်ပါတယ်။

ကျွန်တော် ရှေ့မှာ ပြောထားသလို ဒီ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ရင် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ရှိနှင့်ပြီး ဖြစ်ပါတယ်။  ကာလ အတန်ကြာက ဆုံးဖြတ်ချက် ဖြစ်ပေမယ့်၊ ဆက်လက် အကျုံးဝင်နေဆဲ၊ ကိုးကား လိုက်နာ နေရမြဲ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ရင် အထွေထွေညီလာခံရဲ့ သဘောထားကို ကြည့်ရမယ် လို့ ရှင်းရှင်းလင်းလင်း ဆိုထားတဲ့ အတွက် ကျန် ကုလအဖွဲ့အစည်းတွေ မှာလည်း NUG ရဲ့  မြန်မာကို ကိုယ်စားပြုခွင့်အပေါ် အသိအမှတ်ပြု ရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အခုလို ကုလသမဂ္ဂ မျက်နှာစာကို ကြည့်ရင် ဖြစ်ဖြစ်၊ အမေရိကန် အစိုးရနဲ့ NUG နဲ့ကြား ဆက်ဆံရေးကို ကြည့်ရင် ဖြစ်ဖြစ် အခု ကာလတွေမှာ တိုးတက် ဖြစ်ထွန်းမှုတွေ ဆက်တိုက် တွေ့နေရပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်မှာ NUG နိုင်ငံခြားရေးရုံးခန်း ဖွင့်တာကစလို့၊ ကာကွယ်ရေး ဘတ်ဂျက်ဆိုင်ရာ ဥပဒေထဲမှာ ဘားမားအက် တစ်ခုလုံးကို ထည့်သွင်းတာမျိုးတွေကို မြင်တွေ့နေရပါတယ်။ ဥရောပဘက်ကို ကြည့်ရင်ရော ... ဗြိတိန်နဲ့ အီးယူတို့ အနေနဲ့ အလားတူ ထပ်တူညီတဲ့ လုပ်ဆောင်မှု၊ ဒါမှမဟုတ် ဟန်ချက်မျှတဲ့ ဆောင်ရွက်မှုတွ လုပ်ဆောင်တာ တွေ့ရပါသလား ခရစ္စရေ ... ။

ခရစ္စတိုဖာဂန်းနက်စ်။ ။ ဒါဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ရပ်တည်မှုလို့ ကျွန်တော်တို့ ပြောပြီ ဆိုရင် ကမ္ဘာ့ နိုင်ငံ ၁၉၄ နိုင်ငံစလုံး ပါဝင်တဲ့ အဖွဲ့အကြီး ရဲ့ ရပ်တည်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီ ကမ္ဘာ့နိုင်ငံစုံ စုပေါင်းထားတဲ့ ဘုံသဘောထား အနေနဲ့ NUG ကို ကိုယ်စားပြုထားသူကို မြန်မာနိုင်ငံရဲ့ ခုံနေရာမှာ ဆက်ရှိနေခွင့် ပေးလိုက်ပြီးတဲ့နောက်၊ တစ်နိုင်ငံချင်းစီ အနေနဲ့ ဘယ်လို လိုက်လံ ဆောင်ရွက် လာမလဲ ဆိုတာ ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ်ကို သံတမန် ရေး အရ ပိုပြီး အထီးကျန် ဖြစ်လာစေမှာလား၊ NUG ကို အသိအမှတ်ပြု ဆက်ဆံရေးကို တနိုင်ငံချင်းစီ အနေနဲ့ ပိုပြီး တိုးမြှင့် လုပ်ဆောင်လာမလား စတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

လက်ရှိ အချိန်မှာ အမေရိကန် အစိုးရရော၊ ဥရောပ အစိုးရတွေကပါ  NUG အပေါ် အလေးပေး တိမ်းညွတ်တဲ့ သဘောထားရပ်တည်မှုတွေ အထင်အရှားပြသပြီး ထိတွေ့ ဆက်ဆံမှုတွေလည်း အဆက်မပြတ် ဖော်ဆောင် နေပါတယ်။ အခုလို အထွေထွေညီလာခံရဲ့ ရပ်တည်မှု သဘောထား ထွက်ပေါ်လာပြီးနောက်မှာတော့ တခြားနိုင်ငံတွေ အနေနဲ့လည်း တစ်နိုင်ငံချင်းစီ အလိုက် NUG ကို အသိအမှတ်ပြု ဆက်ဆံတာတွေ ဖော်ဆောင် ထားရှိကြဖို့ တွန်းအား ဖြစ်လာစေပါတယ်။

မြန်မာကို ကိုယ်စားပြုတဲ့ အစိုးရ အဖွဲ့အစည်း အနေနဲ့ NUG ကို အသိအမှတ်ပြု ဆက်ဆံဖို့ရာ အရေးကြီးတဲ့ အကြောင်း ကျွန်တော် အမြဲပဲ ထောက်ပြ ပြောဆို နေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ယဥ်ကျေးတဲ့ လူ့ဘောင်က အသိအမှတ်ပြု ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ စံနှုန်းတန်ဖိုးတွေကို စစ်တပ်က ဘာတစ်ခုမှ အသိအမှတ် မပြုပါဘူး။ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားတွေ အကြိမ်ကြိမ်ချိုးဖောက် ကျူးလွန်ပါတယ်။

NUG ကတော့ နိုင်ငံတကာရဲ့ စံနှုန်း တန်ဖိုးတွေကို လိုက်နာ တန်ဖိုး ထားတဲ့ အကြောင်း၊ ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ အညီ ရပ်တည်ကြောင်း ပြသနေပါတယ်။ ဒီတော့ အခု အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် နောက်ပိုင်း NUG အပေါ် ဆက်ဆံရေး ဆိုတဲ့ လမ်းကြောင်းဟာ အရှိန် တစ်ခု ရလာစေပြီး ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံချင်းစီအပေါ်  တွန်းအားပေး သက်ရောက် စေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။