ဇူလိုင်လ ၁၃ ရက်ထိပ်တန်းသတင်းများ - ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဒွန်တို့ လွတ်လပ်စွာဆွေးနွေးခဲ့တယ်လို့ဆို

ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းတို့ကို လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့် ပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြောလာပါတယ်။

ကာယကံရှင်တွေရဲ့ သဘောတူညီချက်နဲ့ အခုလိုတွေ့ဆုံခဲ့တာဖြစ်ပြီး ‌တွေ့ဆုံချိန် ၁ နာရီခွဲနီးပါးကြာမြင့်တယ်လို့ ဆိုပါတယ်။

''တစ်ယောက်ချင်းလွတ်လွတ်လပ်လပ်တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သူဆွေးနွေးလိုတဲ့ အချက်တွေကို လွတ်လွတ်လပ်လပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်တည်းတွေ့ဆုံဆွေးနွေးတာဖြစ်လို့ဆွေးနွေးချက်တွေကိုတော့ အသေးစိတ်မသိပါဘူး။ ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့မြင်ချက်အရတော့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်ကြောင်း သိရှိရပါတယ်'' လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်းဟာ ၂ နှစ်ခွဲ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးတွေ့ခွင့်ရတဲ့ ပြည်ပအစိုးရတစ်ရပ်ရဲ့ အရာရှိကြီးဖြစ်ပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျ အင်ဒိုနီးရှားနိုင်ငံက ဘက်ပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးမှု ၁၀၀ ကျော် ပြုလုပ်ထားတယ်လို့ ပြောဆိုအပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်‌တော်ကို တိတ်တဆိတ် ခရီးစဥ် ထွက်ပေါ်ခဲ့တာပါ။

မြန်မာ့အရေးအတွက် ထိုင်းအိမ်စောင့်အစိုးရက အခုလိုတက်တက်ကြွကြွခြေလှမ်းနေတာနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ရဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့မှာ ပါဝင်တဲ့ အကြံပေးတစ်ဦးက အခုလိုသုံးသပ်ပြပါတယ်။

‘‘အင်ဒိုနီးရှားနယ်စပ်၊ စင်ကာပူနယ်စပ်မှာ ပြေးရှောင်တဲ့မြန်မာတွေမရှိဘူး။ ဒါက ထိုင်းနယ်စပ်မှာပဲရှိတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ နေ့စဥ်သေဆုံးနေကြတယ်။ ဒါတွေကို မြင်နေရတဲ့ ထိုင်းဘက်က ဒါကို ရပ်တန့်စေချင်ပြီ၊ ကူညီချင်တယ်။ ထိုင်းနိုင်ငံထဲမှာငွေရှာကြပြီး မြန်မာပြည်ကတိုက်ခိုက်မှုတွေကို ထောက်ပံ့နေကြတာတွေကိုလည်း ရပ်တန့်ချင်တယ်။ အခုလိုလုပ်တာကလည်း အကြမ်းဖက်မှုတွေရပ်ဖို့၊ လူသားချင်းစာမှု အကူအညီတွေပေးဖို့ဆိုတဲ့အာဆီယံ ဘုံသဘောတူညီချက်ထဲက အချက်တွေကို ထောက်ပံ့ရာ ထောက်ပံ့ကြောင်းဖြစ်စေဖို့ ထိုင်းက မြန်မာ့အရေးဝင်ရတာဖြစ်ပါတယ်’’ လို့ သူ့အမြင်ကို သီးခြားပြောပြပါတယ်။

မြန်မာ့အရေးဘုံသဘောတူညီချက်တွေကို အာဆီယံပြန်သုံးသပ်ဖို့ရှိနေ

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုကိုအပိုင်းကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်သုံးသပ်ဖို့ရှိနေတယ်လို့ အင်ဒိုနီးရှားဘက်ကနေ လာတဲ့သတင်းတွေအရ သိရပါတယ်။

ဒီလိုသုံးသပ်ဖို့ရှိနေချိန်မှာပဲ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ သြစတေးလျနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဒီနေ့ ဆက်ပြီးကျင်းပနေပါတယ်။

ဒီအစည်းအ‌ဝေးပွဲတွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတို့လည်း အာဆီယံမိတ်ဖက်၊ ဆွေးနွေးဖက်နိုင်ငံတွေအနေနဲ့ တက်ရောက်ဖို့ရှိနေပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲအစီအစဥ်ထဲမှာတော့ မြန်မာ့အရေးဟာ အဓိကဆွေးနွေးနေကြတဲ့ခေါင်းစဥ်ဖြစ်နေပါတယ်။

အစည်းအဝေးပွဲကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြုလုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီကတော့ မြန်မာ့အရေးမှာပါဝင်ပတ်သက်သူတွေအားလုံး အကြမ်းဖက်မှုတွေ လျှော့ချပြီး ဆွေးနွေးပြောဆိုတာတွေ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်ဖမ်းဆီးမှုခံရသူ ဆယ်ချီနဲ့ လက်နက်ကြီးပစ်ခတ်မှုရှိနေတယ်လို့ KNU ပြော

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲမှာ ၅ ရက်အတွင်းဖမ်းဆီးခံရသူ အယောက် ၂၀ ရှိလာပြီး ၁၈ ယောက်က ထောင်ချခံရဖို့ရှိနေတာကို သိရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒေသခံတွေဖြစ်ပြီး ဇူလိုင် ၆ ရက် ကနေ ၁၁ ရက်အတွင်း ကျောက်တံခါးမြို့ ကို စားနပ်ရိက္ခာသွားဝယ်ကြချိန် စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မိသားစုဝင်တွေရဲ့ အပြောအရ ဖမ်းဆီးခံရသူတွေကို ကျောက်တံခါးရဲစခန်းမှာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ပဒဲကောကျေးရွာသား တစ်ဦးကိုပဲ ပြန်လွှတ်ပေးခဲ့တာကြောင့် ကျန်တဲ့ သူတွေက ထောင်ကျခံရမယ်လို့သိရကြောင်း ကေအဲန်ယူ ဘက်ကပြောပါတယ်။

တဖက် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာလည်း ဒီကနေ့မနက်ပိုင်း က စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြစ်အရှေ့ဘက်ကမ်းက ကျောက်ကြီးမြို့နယ် ဘက် ကို စစ်ရှောင်လာသူ ရာကျော်ရှိလာပြီလို့ ကျောက်ကြီး ဒေသခံတချို့က ပြောပါတယ်။

ကျောက်ကြီးမြို့နယ် အပါအဝင် ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ဘေးတိမ်းရှောင်ရသူ တစ်သိန်းခွဲကျော်အထိ ရှိလာကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။

ဒုက္ခသည်စခန်းဗုံးကြဲခံရလို့ ထိုင်းဘက်ထွက်ပြေးသူတွေဆက်ရှိ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က မနေ့ ဇူလိုင်လ ၁၂ ရက် မနက်အစောပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာသူတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လလယ်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေကြားမှာဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတာဖြစ်ပြီး အခုဆို စစ်ရှောင်ဦးရေ ၅၀၀၀ ကျော်အထိမြင့်တက်လာပါတယ်။

စစ်ကောင်စီတပ်က ဇူလိုင်လ ၁၂ ရက် မနက်အစောပိုင်း ည ၁ နာရီဝန်းကျင်မှာ ထိုင်း-မြန်မာနယ်စပ်၊ ဒေါနိုးကူ စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦးသေဆုံးပြီး အဲဒီမတိုင်ခင် နာရီပိုင်းတုန်းကလည်း ဖားဆောင်းမြို့နယ်ထဲက ကျောက်စုကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ပါတယ်။

ဒီအနေအခြေအနေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်တဲ့ ကရင်နီစစ်ဘေးရှောင်တွေလည်း ထပ်တိုးလာနေပါတယ်။