ရွှေကုက္ကိုလ်ဘက်က စစ်ဘေးရှောင်တချို့ အိမ်ပြန် နိုင်ပေမဲ့ မြဝတီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေ

Cobra Column

ဓာတ်ပုံ ရင်းမြစ်, Cobra Column Facebook

ဓာတ်ပုံ ပုံစာ, Cobra စစ်ကြောင်းက BGF တို့ရဲ့ စခန်းကုန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ ဆို
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရွှေကုက္ကိုလ် မြို့ဘက်မှာ ကရင် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပါဝင်တဲ့ Border Guard Force – BGF တပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် အဲဒီအရပ်တွေဘက်မှာ တိုက်ခိုက်တာတွေ လောလောဆယ် ငြိမ်သက်သွားပေမဲ့ မြဝတီမြို့နယ်အတွင်းမှာ နှစ်ဘက်အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကော့ကရိတ် - မြဝတီ - မဲဆောက် အာရှလမ်းမကြီးဘေးက မြဝတီမြို့နဲ့ အဲဒီ လမ်းမကြီးရဲ့ တောင်ဘက် အခြမ်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် - KNLA နဲ့ ပူးပေါင်းတပ်တွေက တဘက်၊ စစ်ကောင်စီတပ်တွေနဲ့ BGF တပ်တွေက တဘက် ဧပြီလ ၁၁ ရက် နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

မြဝတီမြို့နယ်ထဲက BGF တို့ရဲ့ စခန်းကုန်းတခုဖြစ်တဲ့ သိန်းတန်ကုန်းကို ဧပြီလ ၁၂ ရက်နေ့မှာ သူတို့ စစ်ကြောင်းက စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ Cobra စစ်ကြောင်း က သတင်းထုတ်ပြန်ထားကာ တိုက်ပွဲအတွင်း BGF ဘက်က ၁၀ ယောက် သေဆုံးပြီး လက်နက် ၁၀ လက်ကျော်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

Cobra စစ်ကြောင်းက ဧပြီလ ၁၃ ရက်မှာ ကျောက်မိုင်း BGF စခန်းကုန်းက သူတို့ အဆို စစ်ကောင်စီ လက်အောက်ခံ ၃ ယောက်ကို ပစ်ခတ် ရှင်းလင်း နိုင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ပါတယ်။

ဒေသတွင်း ရင်းမြစ်တွေအရ အဲဒီဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်နေကြောင်း အတည်ပြုနိုင်ပေမယ့် သူတို့ ထုတ်ပြန်ခဲ့သလို စခန်းကုန်းရတာ၊ လက်နက်တွေရတာ စတဲ့ အသေးစိတ်တွေကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ဧပြီလ ၁၁ ရက်နေ့က လာရောက်ပစ်ခတ်ခဲ့တယ်လို့ Cobra စစ်ကြောင်းကပြောသလို ဧပြီ ၁၂ ရက် မနက် ၁ နာရီ ကျော်လောက်ကနေ စပြီး မြဝတီမြို့ပေါ် အထိ စစ်ကောင်စီ တိုက်လေယာဉ်တွေ ပျံနေတဲ့အသံတွေကို ဒေသခံတွေက နီးနီးကပ်ကပ်ကြားခဲ့ ကြရပြီး မနက် ၅ နာရီ လောက်ကစလို့ တစ်နေ့လုံးနီးပါး မြဝတီ အာရှ လမ်းမတစ်လျှောက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

KNU

ဓာတ်ပုံ ရင်းမြစ်, Google

ဓာတ်ပုံ ပုံစာ, KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် (ကားလမ်းတောင်ဘက်) နဲ့ တပ်မဟာ (၇) ဘားအံခရိုင် (ကားလမ်းမြောက်ဘက်) တို့ကို အာရှလမ်းမကြီးက ပိုင်းခြားထား

မြဝတီမြို့ အရှေ့တောင်ဘက်က အတွင်းမဲကနယ်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက ဧပြီ ၁၁ နဲ့ ၁၂ ရက်တွေမှာ ဝင်ရောက်ခဲ့တယ်။ စစ်လေယာဉ်နဲ့ လာပြီး ဗုံးကြဲခဲ့တယ်။ ဒါ့အပြင် လက်နက်ကြီးဒဏ်တွေနဲ့ အဲဒီစစ်တပ်တွေက မီးရှို့တာတွေကြောင့် ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းနဲ့ နေအိမ်ပေါင်း ၃၀ လောက် မီးလောင်ခဲ့ရတယ် ဆိုတဲ့ သတင်းတွေလည်း ပုံတွေနဲ့ အတူ Karen Information Centre (KIC) ရဲ့ သတင်းမှာ တွေ့ရပါတယ်။

အဲဒီဘက်က ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေ အနီးအနားက တခြား ခိုလှုံရာ နေရာတွေဆီကို စစ်ဘေးရှောင်ပြီး ထွက်ပြေးနေကြရပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတကြောမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ဧပြီလ ၇ ရက်နေ့ကစလို့ ဧပြီလ ၂၁ ရက်နေ့အထိ အသွားအလာ မလုပ် ကြဖို့ အခု Cobra စစ်ကြောင်း၊ Lion Battalion စစ်ကြောင်းတို့နဲ့အတူ တခြား ကရင့် လက်နက်ကိုင် စစ်ကြောင်းတွေ၊ PDF တပ်တွေ ပူးပေါင်းပြီး အများပြည်သူကို အရင် ရက်ပိုင်းက သတိပေးချက် ထုတ်ပြန် ထားတာကိုလည်း တွေ့ရပါတယ်။

ရွှေကုက္ကိုလ်စစ်ရှောင်တချို့ အိမ်ပြန်နိုင်

အာရှလမ်းမကြီး မြောက်ဘက် ရွှေကုက္ကိုလ်မြို့ဘက်မှာ ဧပြီ ၅ ရက်နဲ့ ၆ ရက်တွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ဘေးကင်းရာ ထိုင်းနိုင်ငံဘက်ခြမ်းကို သောင်ရင်းမြစ် ဖြတ်ပြီး ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေထဲက တချို့ ဟာ တိုက်ပွဲတွေ ပြန်ငြိမ်သက်သွားတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အိမ်ပြန်နိုင်ခဲ့ကြပါတယ်။

ထိုင်းဘက်ခြမ်းက နေရာ ၁၀ နေရာကျော်ကို ရွှေကုက္ကိုလ်ဘက်က ဒုက္ခသည်ပေါင်း ၁၀,၀၀၀ နီးပါး ရောက်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး အခု ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ပြန်သွားကြပြီလို့ ဒုက္ခသည်အရေး ကူညီနေသူတစ်ယောက်က ပြော ပါတယ်။

“တဘက်ကမ်းမှာ စိတ်ချရပြီလို့ မဆိုနိုင်ပေမဲ့ ထိုင်းဘက်ကလည်း သူတို့ကို တာရှည် လက်ခံမထားချင်ဘူး။ သူတို့ (ဒုက္ခသည်တွေ) ကလည်း ဒီမှာ နေရတာက အနေ ဆင်းရဲ၊ အစားအစာကလည်း ပူရဆိုတော့ နည်းနည်း အေးဆေးတာနဲ့ ပြန်ကြတာပါ” လို့ သူက ပြောပါတယ်။

Maesot

ဓာတ်ပုံ ရင်းမြစ်, CJ

ရှုပ်ထွေးတဲ့ KNU တပ်မဟာ (၇) နယ်မြေနဲ့ ရွှေကုက္ကိုလ်တိုက်ပွဲ ဇာတ်လမ်း

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

BGF တွေ အခြေစိုက်ထားတဲ့ ရွှေကုက္ကိုလ်ကို တိုက်တဲ့ ဧပြီလ ၅ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဘက်က တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးတယ်လို့ ဝင်တိုက်ခဲ့တဲ့ ကရင့် လက်နက်ကိုင်တွေနဲ့ ပူးပေါင်းတပ်တွေ ဘက်ကနေ ဦးဆောင်ခဲ့တဲ့ Lion Battalion စစ်ကြောင်းက ကြေညာခဲ့ပါတယ်။

နောက်ရက်ပိုင်းမှာပဲ အဲဒီတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ Lion Battalion စစ်ကြောင်း က ခေါင်းဆောင်ပိုင်းတွေ အဲဒီ ဒေသထဲမှာ ပိတ်မိ သွားတယ်၊ ရဲဘော် တချို့ သေဆုံး သွားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ဒါတွေက KNUရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တချို့ကြောင့် ဖြစ်ရတာ ဆိုတဲ့ စွပ်စွဲမှုတွေ အွန်လိုင်းစာမျက်နှာ တွေ ပေါ်မှာ တက်လာပါတယ်။

KNU က အဲဒီ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

ကော့ကရိတ် - မြဝတီကားလမ်း မြောက်ဘက်ခြမ်းကို KNUက တပ်မဟာ (၇) ဘားအံခရိုင် အဖြစ် သတ်မှတ်ထားပြီး အဲဒီဒေသတွင်းမှာ ယခင် KNU က ခွဲထွက် သွားပြီး စစ်ကောင်စီနဲ့ အပစ်ရပ် တခြား ကရင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ BGF ၊ KNU/KNLA (Peace Council) စတဲ့အဖွဲ့တွေလည်း အခြေစိုက် လှုပ်ရှားနေတာပါ။ စစ်ကောင်စီ တပ်တွေလည်း အဲဒီနယ်မြေတွင်းမှာ ရှိနေပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း KNU နယ်မြေအတော်များများမှာ စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေ အများအပြားဖြစ်ခဲ့ပေမဲ့ ဒီဒေသမှာ ထူးခြားချက်က တိုက်ပွဲတွေ မဖြစ်ခဲ့ပါဘူး။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ဘားအံမြို့ ရေကစား မဏ္ဍပ်ဖွင့်ပွဲမှာ KNU ဘားအံ ခရိုင် ဥက္ကဋ္ဌက စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရ ဝန်ကြီး တစ်ယောက် နဲ့အတူ ယှဉ်တွဲထိုင်ပြီး အခမ်းအနားတက်နေတဲ့ ဓာတ်ပုံတောင် လူမှု မီဒီယာတွေမှာ တွေ့နေရ ပါတယ်။

ဒီ ရွှေကုက္ကိုလ်တိုက်ပွဲ ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာလည်း KNU က အရင်သူတို့ အဖွဲ့အစည်းကနေ ထုတ်ပယ်ထားပြီး ဖြစ်တဲ့ ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေ လွတ်မြောက်‌‌ရေးတပ် (KTLA) ကို တပ်မဟာ ၇ နယ်မြေ (ဘားအံခရိုင်) အတွင်းမှာ လှုပ်ရှားခွင့် မပြုဘူးလို့ စာထုတ်ကာ ကန့်သတ်လိုက်ပါတယ်။

BGF

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, BGF တပ်တွေက မြဝတီ၊ ရွှေကုက္ကိုလ်တို့ အပြင် ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံ မြို့နယ်တွေမှာလည်းရှိ

KTLA မှာ ရွှေကုက္ကိုလ်တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ Lion Battalion စစ်ကြောင်းမှူး ဗိုလ်စောဆေးဝါးက ပါဝင်တာမို့ သူ့ရဲ့ အဲဒီခွင်အတွင်း တိုက်ပွဲလုပ်ခဲ့မှုအပေါ် ကန့်ကွက် တားမြစ်တာလည်းဖြစ်ပါတယ်။

ရွှေကုက္ကိုလ်တိုက်ပွဲက ဘာ့ကြောင့် စဖြစ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။ ဒါပေမဲ့ Lion Battalion စစ်ကြောင်းမှာ တိုက်ပွဲအတူဝင်ကြတဲ့ PDF က ရဲဘော် ၃ ယောက် ထိုင်းနိုင်ငံဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတယ်၊ အဲဒီရဲဘော်တွေကို ထိုင်းစစ်တပ်က BGF ကိုလွှဲတယ်၊ BGF က သူတို့ကို စစ်ကောင်စီ လက်ထဲကို အပ်လိုက်တယ် စတဲ့ သတင်းတွေ ပေါ်လာပြီး မကြာခင်မှာ ဖြစ်တဲ့ တိုက်ပွဲလို့ ဒေသတွင်း စစ်ရေး အခြေအနေကို စောင့်ကြည့်သူ တွေက ပြောကြပါတယ်။

ဒီလို လှုပ်ခတ်တဲ့ ဖြစ်စဉ်တွေနဲ့ အတူ KTLA အောက်က Venom စစ်ကြောင်းဟာ ဧပြီလ ၆ ရက်နေ့မှာပဲ KNU ရဲ့ KNLA က တပ်မှူးတစ်ယောက်ဖြစ်တဲ့ ဗိုလ်ဒါဘော ဦးဆောင်တဲ့ Cobra စစ်ကြောင်းမှာ ပူးပေါင်းလိုက်တဲ့ အတွက် Cobra စစ်ကြောင်း ဟာ စစ်ကြောင်း ၂ ခု ဖွဲ့ကာ လှုပ်ရှားနေပါပြီ။ အစပိုင်းက ‌ပြောခဲ့တဲ့ မြဝတီက တိုက်ပွဲတွေမှာ သူတို့ပါဝင် နေပါတယ်။

Lion Battalion စစ်ကြောင်း ဦးဆောင်တပ်တွေနဲ့ BGF တို့ကြား ရွှေကုက္ကိုလ် တိုက်ပွဲတွေရဲ့ အကျိုးဆက်အဖြစ် ဒေသတွင်းက BGF နဲ့ KNU/KNLA (Peace Council) တို့အကြားမှာလည်း ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း KNU/KNLA (Peace Council) က ထိပ်တန်း တပ်မှူးတစ်ယောက် သေဆုံးခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းက စိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာလို့ သူ့အဖွဲ့ အစည်းက တာဝန်ရှိသူ တယောက်က ဧရာဝတီ သတင်းဌာနမှာ ထုတ်ဖော် ပြောထားပါတယ်။

အဲဒီတပ်မှူးရဲ့ အဆုံးစီရင်တဲ့ ရုပ်သံဖိုင်ဆိုပြီး လူမှုကွန်ရက်မှာလည်း ဧပြီ ၁၃ ရက်ကစလို့ပျံ့နှံ့လာခဲ့ပြီး ရုပ်သံမှာတော့ အုတ်ခုံလေးတစ်ခုပေါ်မှာ ထိုင်နေတဲ့ လူတစ်ဦးက လက်ပစ်ဗုံးနှစ်လုံးကို စနက်တံဖြုတ်ပြီး သူ့ခြေထောက်တွေအောက်ပစ်ချလိုက်တဲ့နောက် စက္ကန့်ပိုင်းအကြာမှာ ပေါက်ကွဲသွားတာကိုတွေ့ရပါတယ်။ ဒါပေမဲ့အဲဒီရုပ်သံဖိုင်နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရွှေကုက္ကိုလ်တိုက်ပွဲနဲ့ ပတ်သက်လို့ KNU အမြဲတမ်းဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေး တာဝန်ခံ ပဒို စောတောနီးက “တော်လှန်ရေးတစ်ခုလုံးအတိုင်းအတာနဲ့ ပြောရမယ် ဆိုရင် လှုပ်ရှားမှု တစ်ခုတည်းနဲ့၊ ကဏ္ဍတစ်ခုတည်းနဲ့ တဖက်စောင်းနင်း လုပ်လို့ မရပါဘူး။ အားလုံးက ဟန်ချက်ညီညီ တစုတစည်းတည်း လုပ်ဖို့လိုတယ်။ ဗျူဟာ ကျကျ လုပ်ဖို့လိုတယ်။ အမိန့်စီးဆင်းမှုတွေ၊ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုတယ်။ စစ်ရေးလှုပ်ရှားမှု တစ်ခုတည်းနဲ့ မရသလို နိုင်ငံရေး ကဏ္ဍတွေ၊ သံတမန်‌ ရေးတွေ၊ စီးပွားရေး တိုက်ပွဲတွေ ဘက်ပေါင်းစုံက လုပ်ဖို့လိုတယ်” လို့ ဘီဘီစီကို ပြောပါတယ်။