အောက်တိုဘာ ၃၁ ရက်ထိပ်တန်းသတင်းများ - DMG သတင်းထောက်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ နဲ့ အမှုဖွင့်

ရေးသားခဲ့သည်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့က ဖမ်ဆီးခံလိုက်ရတဲ့ ရခိုင်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG ရဲ့ သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်လိုက်ပြီလို့ သိရပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၅ ကတော့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ရင်အရေးယူနိုင်တဲ့ပုဒ်မအဖြစ်ဆက်သွယ်ရေးဥပဒေမှာဖော်ပြထားပါတယ်။

သတင်းထောက်ကိုထက်အောင်ကို စစ်တွေမြို့မရဲစခန်းကနေ အောက်တိုဘာ ၃၀ ရက်နေ့မနက်ပိုင်းမှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ကနေခေါ်ယူစစ်ဆေးခဲ့ပြီး မနေ့ကညမှာ ရဲစခန်းကိုပြန်လည်ပို့ဆောင်ပေးခဲ့ကာ ဒီကနေ့အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းမှာတော့ စစ်တွေမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခဲ့တာလို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နဲ့အမှုဖွင့်ရမန်ယူတာနဲ့ပတ်သက်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပေမယ့် ဘာကိစ္စကြောင့် အဲဒီပုဒ်မနဲ့အမှုဖွင့်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ကိုထက်အောင်ရဲ့ မိခင်က ပြောပါတယ်။

သီတင်းကျွတ်လပြည့်နေမနက်ပိုင်းက စစ်တွေမြို့ဝင်္ကဘာကွင်းမှာ စစ်ကောင်စီကပြုလုပ်နေတဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ဓါတ်ပုံသွားရောက်ရိုက်ကူးနေချိန် ကိုထက်အောင်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီး DMG သတင်းဌာနရုံးကို အဖွဲ့ပေါင်းစုံပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး ရုံးပိုင်ပစ္စည်းတွေကိုသိမ်းဆည်းကာ ရုံးစောင့်တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ရှမ်းမြောက်တိုက်ပွဲကြောင့် အရပ်သား ၇ ဦးသေဆုံး

စစ်ရှောင် ၇၀၀၀ နီးပါးအထိရှိလာ

အောက်တိုဘာ ၂၇ ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အရပ်သား ၇ ဦး အထိသေဆုံးထားပြီး အဲဒီထဲ ကလေးသူငယ် နှစ်ဦး ပါဝင်တဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၀ ရက် စာတမ်းအရ သိရပါတယ်။

ဒါအပြင် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၉ ဦး အထိ ထိခိုက်ဒဏ်ရာရထားပြီး သေဆုံးဒဏ်ရာရသူတွေဟာ ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုး နဲ့ နမ့်ခမ်း မြို့နယ်တွေကလို့ ဖော်ပြပါတယ်။

ရှမ်းမြောက်တခွင်က စစ်ရှောင်ဦးရေ အရေအတွက်လည်း အယောက် ၆၂၀၀ ကျော် အထိရှိနေပြီး ချင်းရွှေဟော်မြို့က စစ်ရှောင် ခန့်မှန်းအယောက် ၅၀၀ လောက်ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ခိုလှုံနေကြတယ်လို့ ကုလရဲ့ စစ်တမ်းအရ သိရပါတယ်။

ဒါအပြင် တရုတ် - ‌မြန်မာနယ်စပ် မြောက်ပိုင်းဘက်ကနေ လားရှိုးမြို့ကိုလာနိုင်တဲ့ ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာလို့မရသလို လားရှိုးလေဆိပ်ကိုလည်း တိုက်ပွဲစတင်တဲ့နေ့ကစလို့ လာမယ့်နိုဝင်ဘာ ၃ ရက်နေ့အထိ ပိတ်ထားတာကြောင့် စစ်ရှောင်တွေ ပိတ်မိနေတယ်လို့လည်း ကုလ က ထောက်ပြပါတယ်။

ပြည်တွင်းမှာ စစ်တိမ်းရှောင်နေရတဲ့ စစ်ရှောင်ထောင်နဲ့ချီဟာ တောတောင်တွေထဲနဲ့ နီးစပ်ရာဘာသာရေးအဆောက်အအုံတွေမှာ စစ်တိမ်းရှောင်ခိုလှုံနေကြရပြီး ရှမ်းမြောက်တကြောမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် စစ်‌ရှောင်အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အခုလို ရွှေ့ပြောင်းဒုက္ခသည်အသစ်တွေကို ကူညီထောက်ပံ့နိုင်ဖို့ အခြေခံစားနပ်ရိက္ခာနဲ့ အခြားလိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ထောက်ပံ့ပေးနေပြီး ရှမ်းမြောက်က ကုလနဲ့ ဆက်စပ်အဖွဲ့အစည်းတွေမှာ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ချက်ချင်းကူညီနိုင်ဖို့ အသင့်ပြင်ထားတယ်လို့ ‌ပြောပါတယ်။

လေဆိပ်ပြည်ဝင်ခွင့်တံဆိပ်တုံးအတုနဲ့မြန်မာ ၂၀ ဦးကို ထိုင်းဖမ်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်အရာရှိတွေက ထုပေးထားတဲ့ ပြည်ဝင်ခွင့် တံဆိပ်တံဆိပ်တုံးအတုနဲ့နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာ ၂၀ ဦးကို ထိုင်းက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

အောက်တိုဘာလ ၂၉ ရက်မှာ မလေးရှားနယ်စပ်အနီးက ဟတ်ရိုင်မြို့မှာ အုပ်စုဖွဲ့ထိုင်နေတဲ့ သူတို့ကို ထိုင်းရဲက မေးခွန်းမေးမြန်းချိန်မှာ သူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေမှာ ထုထားတဲ့ပြည်ဝင်ခွင့်လက်မှတ်တွေ အတုဖြစ်တယ်ဆိုတာကို ရဲက တွေ့ရှိခဲ့တာပါ။

ဖမ်းဆီးခံရသူတွေကတော့ သူတို့ဟာ နိုင်ငံကူးလက်မှတ်မှာ အခုလိုတုံးထုဖို့နဲ့ မလေးရှားနိုင်ငံထဲ ရောက်ဖို့ ပွဲစားကို ထိုင်းဘတ်ငွေ ၁၂၀,၀၀၀ ပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။

ပြည်ဝင်ခွင့်တုံးထုဖို့ ပွဲစားကို သူတို့ရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်တွေပေးခဲ့ရတယ်ဆိုပြီး ပြောကြတယ်လို့လည်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာဖော်ြပပါတယ်။

ဒီလူ ၂၀ ဟာ ကန်ချနဘူရီနယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို လမ်းညွှန်အကူအညီနဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ဘန်ကောက်မြို့ကနေတဆင့် မလေးရှားနယ်စပ်ကိုသွားဖို့ ကားစောင့်နေချိန်မှာ ရဲက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အခုတော့ သူတို့ဟာ ဟတ်ယိုင်မြို့က လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ဆောင်ခံရပြီး တရားမဝင်ပြည်ဝင်မှု၊ ပြည်ဝင်ခွင့်အတုပြုလုပ်မှုတွေနဲ့ တရားစွဲခံထားရပါတယ်။

ဝိုင်းမော်၊ ဂန်ဒေါင်ယန်စခန်း ကေအိုင်အေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂန်ဒေါင်ယန်တပ်စခန်းကို ဒီကနေ့ မနက်အစောပိုင်းမှာ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေဆီက သိရသလို NUG ဝန်ကြီး ဒေါက်တာတူခေါင်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တရားဝင်ရေးသားဖော်ပြထားပါတယ်။

"ဂန်ဒေါင်ယန်စခန်းက မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ စခန်းကြီးတစ်ခုပဲ" လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလမ်းမကြီးပေါ်မှာပဲရှိတဲ့ စစ်ကောင်စီရဲ့ မလိယန်စခန်းကိုလည်း ကေအိုင်အေတပ်ဖွဲ့ဝင်တွေ ဒီကနေ့မနက်တပြိုင်နက်တိုက်ခိုက်သိမ်းပိုက်နေကြောင်း စစ်ရေးအခြေအနေသိရှိသူတွေဆီက သိရပါတယ်။

ဒီလို တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီရဲ့ လေယာဉ်တွေ ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့အပေါ်ကို ပျံဝဲနေကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောကြသလို လိုင်ဇာဌာနချုပ်ဘက်ကို စစ်ကောင်စီလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ၁၀၂၇ စစ်ဆင်ရေး တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေလည်း သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေ ဦးဆောင်တိုက်ခိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ တရားဝင်ထုတ်ပြန်ချက်အရ စစ်‌ကောင်စီရဲ့ ခါယာစခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရက္ခိုင့်တပ် AA တပ်စခန်းတွေအနီး နဲ့ မုန်လိုင်ခတ် အနီး ကျရောက်ပေါက်ကွဲနေတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်း စစ်ကောင်စီ ဂန်ဒေါင်ယန်စခန်းသိမ်း တိုက်ပွဲအကြောင်းအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ကေအိုင်အေ ပါဝင်မှု အခြေအနေသိရှိနိုင်ဖို့ ‌‌ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာသာမက ကချင်၊ စစ်ကိုင်း အပါအဝင် အခြားမဟာမိတ်တွေရှိရာ နေရာဒေသတွေ၊ စစ်ဆင်ရေးရဲ့ အရေးကြီးတဲ့နေရာတွေ နဲ့ စစ်ဆင်ရေးကို အထောက်အပံ့ ဖြစ်စေတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ မနေ့ အောက်တိုဘာ ၃၀ ရက်ကတည်းက မြောက်ပိုင်းမဟာမိတ်တွေက တရားဝင်ထုတ်ပြန်ထားပါတယ်။