နိုဝင်ဘာ ၃၀ ရက် ထိပ်တန်းသတင်းများ - ထီးချိုင့်မှာ ဒီနေ့ည ၉ နာရီကျော်မှာ လေကြောင်းကနေ တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေ ပြော

ရေးသားခဲ့သည်။

ထီးချိုင့်မှာ ဒီနေ့ည ၉ နာရီကျော်မှာ လေကြောင်းကနေ တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေ ပြော

ထီးချိုင့်၊ စစ်ကိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အလယ်တောရွာ မီးရှို့ခံရပြီးမြင်ကွင်း

ရွာအတွင်းပိတ်မိသူတချို့လည်းရှိနေတယ်လို့ ဆို

 

 စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာတွေကို ဒီနေ့ နိုဝင်ဘာ ၃၀ ရက် ည ၉ နာရီကျော်မှာ လေကြောင်းနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဆက်သွယ်ပြောကြားလာပါတယ်။ အခု လေကြောင်းကနေ ပစ်ခတ်မှုကို အလယ်တောရွာ၊ လေသာရွာ၊ အင်းတိန်ရွာ၊ အင်ကြင်းကုန်းရွာတွေတဝိုက် ပစ်ခတ်နေတာဖြစ်ပြီး လေသာရွာမှာ ရွာသားတချို့ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လေယာဥ်ပျံသန်းတဲ့အသံတွေကို မန္တလေးမြို့ပေါ်ကနေလည်း  ဒီနေ့ ည ၉ နာရီခန့်မှာ ကြားရတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

အခုလို ထီးချိုင့်ဘက်က ကျေးရွာတွေကို ညပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

ဒီနေ့ ညနေ ၃ နာရီကျော်မှာလည်း လေသာရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ပြီး အဲဒီနောက် ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တို့ ထိတွေ့မှု ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မနေ့ည နိုဝင်ဘာ ၂၉ ရက်နေ့မှာ အင်းတိန်ရွာ၊ နိုဝင်ဘာ ၂၈ရက်နေ့မှာ အလယ်တောရွာနဲ့ အင်ကြင်းကုန်းရွာ၊ နိုဝင်ဘာ ၂၅ရက်နေ့က ဆူးပုတ်ချောင်ရွာ စတဲ့ ထီးချိုင့်မြို့နယ်တွင်းက ကျေးရွာတွေ နေ့စဉ်ဆက်တိုက် မီးရှို့ခံရတယ်လို့ သိရပါတယ်။

အခုအခါ စစ်ရှောင်ပြည်သူတွေ ထီးချိုင်းမြို့နယ်မှာတင် သောင်းဂဏာန်းရှိနေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်တယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မီးရှို့ခံရတာကြောင့် အလယ်တော ကျေးရွာက နေအိမ် ၇၅ လုံး၊ ဆူးပုတ်ရွာက နေအိမ် ၃၇ လုံး၊ အင်ကြင်းကုန်းက နေအိမ် ၇၀ နီးပါးနဲ့ စပါးတင်းထောင်ချီ မီးထဲပါသွားခဲ့ပြီးပြီလို့ ဒေသခံတွေကပြောပါတယ်။

 ဒီနေ့ညနေ သုံးနာရီခန့်မှာ အလယ်တောရွာ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tigyaing Revolution -TR

ဓာတ်ပုံ ပုံစာ,  ဒီနေ့ညနေ သုံးနာရီခန့်မှာ အလယ်တောရွာ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းက ရွာစဥ်ဝင်ရောက် မီးရှို့နေတာ ၃ ရက်ဆက်တိုက်ရှိလာပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီနေ့မှာ လေသာကျေးရွာကို မီးရှို့နေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒီနေ့ ညနေပိုင်းအထိ ထိတွေတိုက်ပွဲဖြစ်နေတယ်လို့လည်း သိရပါတယ်။

“အင်းတိမ်၊ အလယ်တော၊ ဆူးပုတ်ရွာတွေကို ရှို့ပြီးပြီ။ ဒီနေ့လည်း လေသာမှာ ဝင်ရှို့လို့ တပ်ပေါင်းစုတွေက လက်နက်အင်အား မမျှပေမဲ့ သည်းမခံနိုင်ဘဲ တိုက်ကြတာ။ အကုန်လုံးက စပါးသိမ်းလက်စတွေ၊ တိုက်(စပါးကျီ)ထဲ ထည့်ထားသူတွေဆိုရင်လည်း မီးရှို့ခံရလို့ အကုန်ကုန်ပြီ။ ဒီအတိုင်းသာဆိုရင် ရက်ပိုင်းအတွင်း (ထီးချိုင့်)မြောက်ပြင်ဘက်တစ်ခြမ်းလုံး ပြာကျတော့မယ်’’ လို့ ဒေသကာကွယ်ရေးတပ်ပေါင်းစုနဲ့ နီးစပ်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မီးရှို့ခံရတာကြောင့် အလယ်တော ကျေးရွာက နေအိမ် ၇၅ လုံး၊ ဆူးပုတ်ရွာက နေအိမ် ၃၇ လုံး၊ အင်ကြင်းကုန်းက နေအိမ် ၇၀ နီးပါးနဲ့ စပါးတင်းထောင်ချီ မီးထဲပါသွားခဲ့ပြီးပြီလို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်ဘက်က လေယာဥ်တွေသုံးပြီး လေကြောင်းကနေ ပစ်ခတ်တာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ တိုက်ပွဲမှာ နှစ်ဖက်အထိအခိုက်အကျအဆုံး မသိရသေးပေမဲ့ ထီးချိုင့်မြို့မြောက်ပိုင်းက ကျေးရွာ ၁၀ ရွာနီးပါး က ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ရပ်နားခံထားရတဲ့ စစ်တွေ-ပေါက်တော-မင်းပြားလိုင်းရေယာဉ်ပြေးဆွဲခွင့်ရ

Rakkhine State

ဓာတ်ပုံ ရင်းမြစ်, ရွှေပြည်တန်အမြန်ရေယာဥ်လိုင်း

ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီ ပိတ်ထားတဲ့ ရေကြောင်းပို့ဆောင်ရေးလိုင်းတွေထဲက စစ်တွေ-ပေါက်တော-မင်းပြားလိုင်းကို အမြန်ရေယာဉ်တွေပြေးဆွဲခွင့် ထပ်မံခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

 

ဒါကြောင့် မနက်ဖြန် ဒီဇင်ဘာ၁ ရက် ကြသပတေးနေ့ကစလို့ အဲဒီယာဥ်လိုင်းက အမြန်ရေယာဉ်တွေ ပြေးဆွဲကြတော့မှာဖြစ်တယ်လို့ ရွှေပြည်တန်အမြန်ရေယာဉ် ခရီးသည်ပို့ဆောင်ရေးကနေသိရပါတယ်။

အဲဒီရေကြောင်းလိုင်းကို လွန်ခဲ့တဲ့ တစ်လခန့်အကြာ တစ်ကျော့ပြန်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အတွင်း စစ်ကောင်စီကနေ ရပ်နားထားခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်တွေကတော့ စစ်တွေကနေ ပေါက်တောနဲ့မင်းပြားကို နံနက်ပိုင်းတစ်ကြိမ် ၊ နေ့လယ်ပိုင်းတစ်ကြိမ် အသွားအပြန်ပြေးဆွဲသွားမှာဖြစ်သလို ပေါက်တောနဲ့စစ်တွေကိုလည်း တစ်နေ့နှစ်ကြိမ် အသွားအပြန်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ရပ်နားခံထားရတဲ့ ရေကြောင်းပို့ဆောင်ရေးလိုင်းတွေထဲက ဘူးသီးတောင်-ရသေ့တောင်-စစ်တွေလိုင်းကို ပြန်လည်ဖွင့်ပေးခဲ့ပြီး ဒါဟာ စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်ခတ်ရပ်စဲရေးသဘောတူလိုက်ပြီးနောက်မှာ စစ်ကောင်စီဘက်က ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ပိတ်ဆို့ခံထားရတဲ့ လမ်းတွေထဲက စစ်တွေ-မြောက်ဦးရေလမ်းကြောင်း၊ အငူမော်-မောင်တောကားလမ်းနဲ့ မောင်တောမြောက်ပိုင်းကားလမ်းကိုသာ ဖွင့်ပေးထားပြီး ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ ပုဏ္ဏားကျွန်း-စစ်တွေလမ်းပိုင်းနဲ့ ပုဏ္ဏားကျွန်းရသေ့တောင်လမ်းကိုတော့ ပြန်လည်ဖွင့်ပေးတာမရှိသေးပါဘူး။ 

မြန်မာကို ထိုင်းက ဗီဇာမလိုဘဲနေထိုင်ခွင့် ၄၅ ရက်အထိတိုးပေး

မြန်မာကို ထိုင်းက ဗီဇာမလိုဘဲနေထိုင်ခွင့် ၄၅ ရက်အထိတိုးပေး

ဓာတ်ပုံ ရင်းမြစ်, CJ

ထိုင်းနိုင်ငံကိုလာရောက်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က ပြည်ဝင်ခွင့်ဗီဇာမလိုဘဲနေထိုင်ခွင့် ကာလကို ၄၅ ရက်အထိ တိုးပေးလိုက်ပြီလို့ သိရပါတယ်။

ဒီမတိုင်ခင်တုန်းကတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေကို ဗီဇာမလိုဘဲ နေထိုင်ခွင့် ၁၄ ရက်ပဲပေးခဲ့တာပါ။

ထိုင်း -မြန်မာ နှစ်နိုင်ငံ နားလည်မှုအရ ဗီဇာမလိုဘဲ နေထိုင်နိုင်ခွင့် ၄၅ ရက်အထိ တိုးပေးဖို့ ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အောက်တိုဘာလဆန်းမှာ ကြေညာထားပါတယ်။

ဒါပေမဲ့ ၄၅ ရက်ကြာနေထိုင်ခွင့် ဗီဇာတုံး ထုပေးတာကိုတော့ အခုရက်ပိုင်းအတွင်းမှ ရရှိတာလို့ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးသူတွေက ပြောပါတယ်။

ဗီဇာမလိုဘဲ နေထိုင်ခွင့် သက်တမ်း ၄၅ ရက် တိုးပေးတဲ့အစီအစဥ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကရော၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကရော တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

အရင်က ထိုင်းနိုင်ငံသား နိုင်ငံခြားသားတွေကို ဗီဇာမလိုဘဲနေထိုင်ခွင့် ရက်ပေါင်း ၃၀ ပေးထားချိန်မှာ မြန်မာနိုင်ငံသားတွေကိုတော့ ၁၄ ရက်ပဲ နေထိုင်ခွင့်ပေးခဲ့တာစ်လို့ အဲဒီထက်ကြာကြာနေထိုင်မယ့် မြန်မာနိုင်ငံသားတွေဟာ ရက်ပေါင်း ၆၀ ရတဲ့ ခရီးသွားဗီဇာကို လျှောက်ခဲ့ကြရတာဖြစ်ပါတယ်။

ပလမြို့မှာ အုပ်ချုပ်ရေးမှူးအိမ် ဗုံးခွဲခံရပြီးနောက် မြို့ခံ ၁၄ ဦးထက်မနည်းဖမ်းဆီးခံရ

ဖောက်ခွဲခံရပြီးနောက် မြင်တွေ့ရတဲ့ နေအိမ်အတွင်းပိုင်းအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ဖောက်ခွဲခံရပြီးနောက် မြင်တွေ့ရတဲ့ နေအိမ်အတွင်းပိုင်းအခြေအနေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက ပလမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးခွဲခံရပြီးတဲ့နောက် အဲဒီဖြစ်စဥ်မှာ မသင်္ကာခံရပြီး မြို့ခံ ၁၄ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်တုန်းက ပလမြို့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးခွဲခံခဲ့ရအပြီးမှာ ပလမြို့ရဲစခန်းမှာရှိတဲ့ ရဲနဲ့စစ်သားတွေက မြို့ခံ ၂၀ နီးပါးကို ၂ ရက်ဆက်တိုက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ထဲက အချို့ ပြန်လွတ်လာပြီး ဖမ်းဆီးခံရသူ ၁၄ ဦးနီးပါးဟာ မြိတ်အကျဥ်းထောင်ကို ခေါ်ဆောင်ခံသွားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အဲဒီဖမ်းဆီးမှုတွေကြောင့် ပလမြို့ခံအတော်များများဟာ မြိတ်မြို့ပေါ်တဲ့ တခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

‘‘ရဲစခန်းတဝိုက်ဆို စခန်း အရှေ့ဘက်အခြမ်းက လူနေ အိမ်တွေလောက်ပဲ လူရှိတော့တယ်။ ဆေးရုံရှိတဲ့ အောက်ပိုင်းအခြမ်းဆို အိမ်တွေ အကုန်လုံး တံခါးပိတ်ထားတာတွေချည်းပဲ။ ဘယ်သူမှ ပြန်မလာသေးဘူး။ သူတို့(စစ်တပ်)ကတော့ ရပ်ကွက်ထဲက လမ်တွေအထိလိုက်ပြီး ကိုယ့်အိမ်ကိုယ်ပြန်လာဖို့ လိုက်ပြောခိုင်းနေတာတွေ့တယ်။ စိုးရိမ်စိတ်ကြောင့် အတော်များများ မပြန်လာသေးဘူး’’ လို့ ပလမြို့ခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့   ဗုံးခွဲခံရတဲ့အိမ်ဟာ အုပ်ချုပ်ရေးမှူးအိမ်လို့ မပြောထားသလို လာတိုက်ခိုက်တဲ့ ပီဒီအက်ဖ် ၁၀ ဦးခန့်ဟာ ဖောက်ခွဲမှုမလုပ်ခင် အိမ်ထဲက လူတွေကို နေအိမ်ထဲက ထွက်ခိုင်းအပြီးမှာ ဖောက်ခွဲခဲ့တာဖြစ်သလို ရွှေ ၁၆ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၃၀ ကိုလည်း ယူဆောင်သွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်တထောင်ဘုရားရှေ့ လူကူးခုံးကျော်တံတားအနီး ပစ်ခတ်မှု ဖမ်းဆီးခံရသူ အချို့ရှိ

ဒီနေ့ မနက်ပိုင်းမှာ လသာမြို့နယ်ထဲ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒီနေ့ မနက်ပိုင်းမှာ လသာမြို့နယ်ထဲ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ထဲက ဗိုလ်တထောင်ဘုရားအနီး လူကူးခုံးကျော်တံတားအနီးမှာ ဒီနေ့ နိုဝင်ဘာလ ၃၀ ရက် နေလယ်ပိုင်းမှာ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပြီး ဖမ်းဆီးခံရသူ အချို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားအရှေ့ လူကူးခုံးကျော်တံတားအနီးမှာ နေ့လယ် ၁၂ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီခုံးကျော်တံတားအနီးမှာ မသင်္ကာသူ လူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးဖို့ လုပ်ရာကနေ ပြန်ခုခံတာကြောင့် ပစ်ခတ်မှု ပြုလုပ်ချိန်  ၁ ဦး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ ၄ ဦးစလုံးကို ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာဖော်ပြနေပါတယ်။

ဖမ်းမိချိန်မှာ လက်လုပ်ဗုံး ၂ လုံးကိုလည်း သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားစစ်ဘက်ကိုယ်စားလှယ်တွေ နေပြည်တော်ရောက်

ရုရှားစစ်ဖက်ကိုယ်စားလှယ်တွေ နေပြည်တော်ရောက်နေ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ရုရှားစစ်တပ်က စစ်ဦးစီးချုပ်ရုံးအရာရှိချုပ်လည်းဖြစ်၊ ကြည်းတပ်ဒုတိယတပ်ဦးစီးချုပ်လည်းဖြစ်တဲ့ Colonel – General Kim Alexey Rostislavovich ဦးဆောင်တဲ့အဖွဲ့တွေ နေပြည်တော်ကို ရောက်ရှိနေပါတယ်။

အဲဒီအရာရှိနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ မနေ့ နိုဝင်ဘာလ ၃၀ ရက်တုန်းက တွေ့ဆုံခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

ရုရှားနဲ့မြန်မာစစ်တပ်ကြား ကာကွယ်ရေးနဲ့ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့ အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း ရုရှားသမ္မတ ပူတင်ဖွဲ့စည်းပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအဖွဲ့ တခုဖြစ်တဲ့ ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်းအဖွဲ့က တာဝန်ရှိသူတချို့ နဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင် တချို့ နေပြည်တော်ကို လာရောက်ထားပါတယ်။

ဒီအခြေအနေတွေဟာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ သံတမန်စင်မြင့်မှာ အထီးကျန်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာကြောင့် နိုင်ငံတကာသံတမန်စာမျက်နှာမှာ ဝေဖန်ရှုတ်ချခံနေရတဲ့ရုရှားတို့ နီးကပ်လာတဲ့ဆက်ဆံရေးတစ်ခုအဖြစ် သုံးသပ်သူတွေက ရှုမြင် ထားကြပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးလှုပ်ရှားမှု ပြည်တွင်းက မြင်ကွင်း

ပြည်တွင်းက မြန်မာအမျိုးသမီးတွေ ဖိနှိပ်မှုကြုံနေရဆဲလို့ဆို

ဓာတ်ပုံ ရင်းမြစ်, KWO

ဓာတ်ပုံ ပုံစာ, ပြည်တွင်းက မြန်မာအမျိုးသမီးတွေ ဖိနှိပ်မှုကြုံနေရဆဲလို့ဆို

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ကမ္ဘာတဝှန်းမှာ စတင်နေပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၃၀ ရက်ကတော့ အဲဒီ ၁၆ ရက်လှုပ်ရှားမှုမှာ ၆ ရက်မြောက်ဖြစ်ပါတယ်။

 ဒီလှုပ်ရှားမှုကို စစ်ကောင်စီရဲ့ လူငယ်ပြန် ဝန်ကြီးဌာနကလည်း လုပ်ဆောင်နေတာတွေ့ရသလို  တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေ၊ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းတဲ့ဒေသတွေနဲ့ မြန်မာ-ထိုင်းနယ်စပ်က စစ်ရှောင်စခန်းတွေမှာ ပြုလုပ်နေကြတာကိုတွေ့ရပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးလှုပ်ရှားမှု ပြည်တွင်းက မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, KWO

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုနဲ့ ကပ်ရောဂါဘေး နှစ်ထွေဒုက္ခကြား မြန်မာအမျိုးသမီးတွေ ဖိနှိပ်မှုတွေ ကြုံနေရ

စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပုံစံမျိုးစုံနဲ့ ဆက်ရှိနေတယ်လို့ အမျိုးသမီးနဲ့ကလေးသူငယ်တွေအရေး တက်ကြွလှုပ်ရှားသူတွေက ပြောသလို အကူအညီအညီပေးရေးအပိုင်းတွေမှာ အကန့်အသတ်တွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။

အမျိုးသမီးတွေအပေါ်မှာရော၊ ကလေးသူငယ်တွေအပေါ်မှာပါ အကြမ်းဖက်မှု မရှိရေး တိုင်းရင်းသားနယ်တွေက လှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, KWO

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေအပေါ်မှာရော၊ ကလေးသူငယ်တွေအပေါ်မှာပါ အကြမ်းဖက်မှု မရှိရေး တိုင်းရင်းသားနယ်တွေက လှုပ်ရှားမှု

စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပုံစံမျိုးစုံနဲ့ ဆက်ရှိနေတယ်လို့ အမျိုးသမီးနဲ့ကလေးသူငယ်တွေအရေး တက်ကြွလှုပ်ရှားသူတွေက ပြောသလို အကူအညီအညီပေးရေးအပိုင်းတွေမှာ အကန့်အသတ်တွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။

မီးပြတ်ချိန်တိုးလာတဲ့ မြန်မာ လူထုဒုက္ခ

Yangon

ဒီရက်ပိုင်း ရန်ကုန်မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းဒေသတချို့ နာရီနဲ့ချီ လျှပ်စစ်မီးပြတ်တောက်နေတာတွေကြောင့် လူမှုဒုက္ခအခက်အခဲတွေကြုံတွေနေရကြောင်း ဘီဘီစီကို ဒေသခံတွေက ဆက်သွယ်ပြောကြားလာကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအကြာ ပြီးခဲ့တဲ့နှစ်ကစလို့ ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းဒေသအများစုမှာ အချိန်ပိုင်းပြတ်တောက်တာတွေ ရှိလာခဲ့တဲ့နောက် အလှည့်ကျစနစ်နဲ့မီးပေးတာ အုပ်စု A B C သတ်မှတ်ပြီးမြို့နယ်ရပ်ကွက်အလိုက် လေးနာရီလာ လေးနာရီပြတ်စနစ်နဲ့ မီးပေးတာတွေ ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့မိုးတွင်းရာသီမှာလည်း မီးပြတ်ချိန်အရင်ထက်ပိုများခဲ့တာကြောင့် မိုးအလွန် နွေကာလရောက်ရင် လျှပ်စစ်မီး ပြဿနာကို အခုထက်ပိုပြီးကြီးကြီးမားမားကြုံရနိုင်တယ်လို့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ အလှည့်ကျစနစ်နဲ့မီးပေးတာကိုအချိန်အတိုင်းအတာတစ်ခုထိသာ စီစဥ်ထားတာဖြစ်ပြီး ပုံမှန် ပြန်ပေးနိုင်အောင် လုပ်မယ်လို့ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားချက်တွေရှိခဲ့ပြီး အဲဒီနောက် အလှည့်ကျမီးပေးတဲ့စနစ်ဖြစ်တဲ့ လေးနာရီလာ လေးနာရီပြတ် မရှိတော့ဘဲ မီးလာချိန် ပိုများတဲ့ကာလတချို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့အောက်တိုဘာလကစလို့ ဇောတိက ၊ ရတနာ ကမ်းလွန် စတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေအပြစ်ဖြစ်တာ ၊ ယိုစိမ့်တာ၊ တာဝါတိုင်တွေပျက်စီးတာ စတာတွေကြောင့် လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ကြေညာခဲ့ပြီး မီးပြတ်ချိန် ပြန်များလာခဲ့ပါတယ်။ အခုလည်း YESC က နိုဝင်ဘာ ၁၀ ရက်နောက်ဆုံးကြေညာထားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကို ပို့လွှတ်ထားတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း စုစုပေါင်း (433)MW ခန့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းနေပြီး ဝန်အားလျှော့ချတာတွေရှိမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ နာရီအပိုင်းအခြားနဲ့ မီးဖြတ်မယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားတာတော့မတွေ့ရပါဘူး။

နိုင်ငံတကာ ပုံမှန်လေယာဥ်ခရီးစဥ်နဲ့ဝင်လာသူတွေ ကိုဗစ်စစ်ဆေးဖို့ မလိုတော့

နိုင်ငံတကာ ပုံမှန်လေယာဥ်ခရီးစဥ်နဲ့ဝင်လာသူတွေ ကိုဗစ်စစ်ဆေးဖို့ မလိုတော့

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ငံတကာပုံမှန်လေယာဥ်ခရီးစဥ်နဲ့ ဝင်လာတဲ့ ခရီးသွားတွေအနေနဲ့ မြန်မာပြည်တွင်းကို ဝင်ရောက်လာတဲ့အခါ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးဖို့ မလိုတော့ဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာလာပါတယ်။

နိုင်ငံတကာ ပုံမှန်ခရီးသွားတွေဟာ လာမယ့် မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်‌နေ့ကစတင်ပြီး ကိုဗစ် စစ်ဆေးဖို့ မလိုတဲ့ ဖြေလျှော့တာလုပ်လိုက်ပြီလို့ စစ်ကောင်စီဘက်က ကြေညာလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းကူးစက်မှုနဲ့ နိုင်ငံတကာပုံမှန်လေယာဥ် ခရီးစဥ်တွေ ဝင်လာတဲ့ ခရီးသည်တွေကို ကိုဗစ်ပိုးတွေ့ရှိမှုဟာ ၁ ရာခိုင်နှုန်း အောက်ကို ကျဆင်းသွားတာကြောင့်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ ပြန်လည်ဝင်ရောက်လာတဲ့သူတွေကတော့ ဒီဖြေလျှော့မှုမှာ အကျုံးဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံကနေ ကူးစက်မှုစတင်တဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့ ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ကတည်းက နိုင်ငံတကာလေကြောင်းလိုင်းနဲ့ ပြည်ပခရီးသည်လာရောက်တာကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ နိုင်ငံတကာခရီးသည်လေယာဥ်တွေ ပြေးဆွဲမှုကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ရခိုင်မှာ အပစ်ရပ်ပေမဲ့ လမ်းတချို့ ဆက်ပိတ်ထားလို့ ဒေသခံတွေအခက်ကြုံ

Rakkhine State

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူတွေအသုံးပြုမှုအများဆုံးလမ်းတွေဖြစ်တဲ့ ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်းနဲ့ ပုဏ္ဏားကျွန်း-စစ်တွေလမ်းပိုင်းတွေ ပြန်လည်သွားလာခွင့်မရသေးတဲ့အတွက် ဒေသခံတွေ ဆက်လက်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားအပစ်ခတ်ရပ်စဲလိုက်ပြီးနောက်ပိုင်းမှာတော့ ဆက်သွယ်သွားလာရေး လမ်းတချို့ကိုဖွင့်လှစ်ပေးခဲ့ပေမဲ့ ဒီလမ်းနှစ်လမ်းကတော့ လုံးဝသွားလာလို့မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကတော့ စစ်ကြောင့် ဒေသခံပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ခတ်ရပ်စဲခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခုလို လမ်းတချို့ကိုဆက်လက်ပိတ်ဆို့ထားတဲ့အတွက် အဲဒီလမ်းတွေကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ကားသမားတွေ လုပ်ငန်းပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးသလို လမ်းတစ်လျှောက်မှာရှိကြတဲ့ ကျေးရွာသားတွေအတွက်လည်း သွားလာရေးအပြင် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့အတွက်လည်း အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောဆိုကြပါတယ်။

မြန်မာ-တရုတ်နယ်စပ်မှာ စစ်တပ်နဲ့MNDAA တိုက်ပွဲဖြစ်

ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေ

မြန်မာ-တရုတ်နယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ချင်းရွှေဟော်မှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်-ကိုးကန့်(MNDAA) နဲ့ စစ်ကောင်စီတပ်တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်လာပါတယ်။

ချင်းရွှေဟော်မှာရှိတဲ့ ကိုးကန့်တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ လာရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အင်အားရာချီ ဖြန့်က်အသုံးပြုနေပြီး ၂၈ ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးကာ နောက်ထပ် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ MN

DAA က ထုတ်ပြန်တဲ့ တိုက်ပွဲဖြစ်ပွားချိန်ကို ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံတွေကို ကြားနေရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကိုးကန့်တပ်နဲ့ အခုဖြစ်တဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။