စက်တင်ဘာ ၄ ရက် ထိပ်တန်းသတင်းများ - အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဂျာကာတာမှာတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဒီနေ့ စက်တင်ဘာလ ၄ ရက်စလို့ တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ပါတယ်။
ဒါဟာ ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ကျင်းပတဲ့နောက်ဆုံးအစည်းအဝေးဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးတွေကတော့ အာဆီယံခေါင်းဆောင် တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ ကြိုတင်ဆွေးနွေးတာတွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို ဦးဆောင်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ‘’အာဆီယံအနေနဲ့ မြန်မာ့ အရေးကို ဖြေရှင်းနိုင်မှသာ အင်ပြည့်အားပြည့်နဲ့ ရှေ့ဆက်နိုင်မှာဖြစ်တယ်’’လို့ ဆွေးနွေးပွဲအကြို အဖွင့် မိန့်ခွန်းမှာပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု အပိုင်းကို ပြန်လည်သုံးသပ်ပြီး အကြံပြုချက်တွေကို နိုင်ငံ့ခေါင်းဆောင်တွေကို တင်ပြကြမှာဖြစ် ပါတယ်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကိုဖမ်းမိမှ ဒေါ်ညိုအေး အမှုကို စစ်မယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Western News
ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို ဖမ်းမိမှ ရခိုင်အမျိုးသမီး ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးရဲ့ အမှုကို စစ်ဆေးမယ်ဆိုပြီး စစ်တွေမြို့နယ် တွဲဖက်တရားရုံးကနေ သိရတယ်လို့ ကာယကံရှင်မိသားစုက ဘီဘီစီကိုပြောပါတယ်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြုလုပ်တဲ့ စစ်တွေမြို့ဆန်ပြဿနာနေ့ ၆၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ဒေါ်ညိုအေးကို စစ်ကောင်စီက ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (ခ)နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကတော့ အမှုတွဲအနေနဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် ရုံးထုတ်တဲ့နေ့မှာ ဒေါ်ညိုအေးနဲ့သမီးဖြစ်သူတို့တွေ့ခွင့်ရခဲ့ပေမဲ့ အစောင့်အကြပ်တွေရှိနေတဲ့အတွက် အမှုကိစ္စနဲ့ပတ်သက်လို့ တစ်စုံတရာ ပြောဆိုမေးမြန်းနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ သမီးဖြစ်သူ ဒေါ်စောမြသန္တာကပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမှုကိုလက်ခံခဲ့တဲ့ စစ်တွေမြို့နယ်တွဲဖက်တရားရုံး တရားသူကြီးကတော့ ဒေါ်ညိုအေးအမှုမှာ ပါဝင်တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက တာဝန်ရှိသူ ၃ ဦးကို ထပ်မံဖမ်းဆီးဖို့ရှိနေသေးပြီး သူတို့ကိုဖမ်းဆီးပြီးမှ အမှုကိုစစ်ဆေးနိုင်မယ်လို့ ပြောဆိုကြောင်း ပြောပါတယ်။
အခမ်းအနားကို ဦးဆောင်ကျင်းပသူတွေဖြစ်တဲ့ ကျောင်းသားတွေကိုဖမ်းဆီးဖို့လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေတဲ့အတွက် ကျောင်းသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အခုလို အခမ်းအနားတက်ရောက်ခဲ့သူ ဒေါ်ညိုအေးကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဩဂုတ်လ ၁၃ ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီရဲ့ တရားစီရင်ရေးဟာ တရားမျှတမှုမရှိတဲ့အတွက် ရခိုင်ပြည်သူတရပ်လုံးနဲ့ကျောင်းသားထုတွေအနေနဲ့ အယုံအကြည်မရှိ သပိတ်မှောက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ကျောင်းသားသမဂ္ဂဘက်ကတော့ စစ်တွေဆန်ပြဿနာနေ့ဖြစ်ချိန် သူငယ်စဥ်တုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတွေကို လူငယ်တွေကို အောက်မေ့ဖွယ်နေ့တုန်းက ပြောပြခဲ့တာပဲရှိပြီး တခြားနိုင်ငံရေးဆက်နွယ်တာတွေကို ပြောဆိုခဲ့တာမရှိဘူးလို့ ဘီဘီစီကို အစောပိုင်းမှာ ပြောထားဖူးပါတယ်။
ဒေါ်ညိုအေးကိုတော့ ချုပ်ရက် ရမန်ယူပြီး လာမယ့် စက်တင်ဘာလ ၁၂ ရက်မှာ ရုံးချိန်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမှာ တိုက်ပွဲ ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, ဒီးမော့ဆို PDF
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ စက်တင်ဘာလ ၄ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
ဒီမောဆို၊ ဒေါငံခါး၊ စံပြ ၆ မိုင်ရွာကနေ မိုးဗြဲဘက်ကို ထွက်တဲ့ လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲနေတဲ့ရွာတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၂ ရက်မှာ နယ်မြေရှင်းလင်းတာတွေလုပ်ခဲ့အပြီးမှာ အခုတိုက်ပွဲတွေ ထွက်ပေါ်လာတာပါ။
စစ်ကောင်စီအခြေချနေရာတွေကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ သေဆုံးတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားခဲ့ရပြီးတဲ့နောက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
‘‘တိုက်ပွဲဖြစ်ကတည်းက ဗုံးကြဲတာတွေ ဆက်ရှိနေတယ်။ ဒီနေ့ နေ့ခင်းပိုင်းအထိတော့ ဗုံးကြဲတာမရှိပေမဲ့ ကင်းထောက်လေယာဥ်တွေ ပျံဝဲနေလို့ ထပ်ကြဲမယ့်ပုံရှိတယ်’’ လို့ မြေပြင်က ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ရွာတွေဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲထားတဲ့ရွာတွေဖြစ်ပြီး မီးရှို့ခံထားရလို့ ဒေသခံတွေ ရွှေ့ပြောင်းထွက်ပြေးနေတဲ့ရွာတွေလည်းဖြစ်ပါတယ်။
အခုတော့ အဲဒီအချိန်ကတည်းက ဝင်ရောက်နေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ စက်တင်ဘာလ ၂ ရက်ကနေစတင်တဲ့ ဒီးမော့ဆိုက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်အခြေချတဲ့စခန်း ၂ ခုကို တိုက်ခိုက်ချိန် စစ်ကောင်စီတပ်သားအချို့နဲ့ လက်နက်ခဲယမ်း တွေကို ဖမ်းဆီးသိမ်းဆည်းရမိထားတယ်လို့ ဖော်ပြနေပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီးမော့ဆိုက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မြဝတီထွေအုပ်ရုံးတိုက်ခိုက်ခံရမှု - ၅ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ကရင်ပြည်နယ်၊ မြဝတီမြို့က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး ဒရုန်းနဲ့ ဗုံးပစ်ချ တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရထားတယ်လို့ မြဝတီမှာရှိတဲ့ဘီဘီစီ သတင်းရင်း မြစ်တွေက ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်ညပိုင်းမှာ ဒရုန်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခံရမှုဖြစ်ပြီးတဲ့နောက် မြဝတီမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ချိန် လူ ၃ ဦး၊ သေဆုံးပြီး နောက်ထပ် ၂ ဦးသေဆုံးတာကြောင့် စုစုပေါင်း ၅ ဦးသေဆုံးတာကို အတည်ပြုထားနိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
မြဝတီခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူကတော့ သေဆုံးသူ ၅ ဦးဟာ ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲအုပ်တစ်ဦး၊ ထွေအုပ်ဝန်ထမ်း ၂ ဦးတို့ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်ခံရမှုကို အတည်ပြုပြီး ထိခိုက်သေဆုံးသူရှိတယ်လို့ပဲထုတ်ပြန် ပြောဆိုထားပါသေးတယ်။
ခရိုင်ထွေအုပ်ရုံး အစည်းအဝေးခန်းမမှာ အစည်းအဝေးပွဲပြုလုပ်ချိန် ဗုံးချ တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီဖြစ်စဥ်ကို ခရိုင်ရဲမှူးနဲ့အဖွဲ့က လာရောက်စစ်ဆေးချိန်မှာ ဒုတိယအကြိမ် ဗုံးချ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။
အခုတော့ မြဝတီခရိုင်ရဲမှူးအပါအဝင် ၆ ဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ဆေးကုသခံယူနေရတယ်လို့ မဲဆောက်မှာရှိတဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါ့အပြင် မြဝတီပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ ရဲတပ်သား ၃ ဦးကိုတော့ ဒဏ်ရာပြင်းထန်တာကြောင့် သင်္ဃန်းညီနောင်က စစ်ဆေးရုံကိုလွှဲပြောင်းကုသနေရတယ်လို့ သတင်းရင်းမြစ်ကအတည်ပြုပါတယ်။
အခုတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်ပြောခွင့်ရ စောခင်မောင်မြင့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ ‘’အခမ်းအနားတက်နေတာကြောင့် ဖုန်းဖြေကြားဖို့ အဆင်မပြေသေးပါဘူး’’ လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
မြဝတီထွေအုပ်ရုံးတိုက်ခိုက်ခံရမှု - ခရိုင်ရဲမှူးအပါအဝင် ၆ ဦး မဲဆောက်ဆေးရုံတင်ထားရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ကရင်ပြည်နယ်၊ မြဝတီမြို့က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မနေ့ညပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံချိန် ဒဏ်ရာရခဲ့တဲ့ ခရိုင်ရဲမှူးအပါအဝင် ၆ ဦးဟာ မြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးကုသခံနေရတယ်လို့ မဲဆောက်သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
အစည်းအဝေးပွဲကျင်းပနေတဲ့ခရိုင်ထွေအုပ်ရုံးဗုံးကြဲခံရမှုကို စစ်ဆေးနေချိန် နောက်ထပ် ဗုံး ၂ လုံး ထပ်မံကြဲချခံရတာကြောင့် ခရိုင်ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ ထိခိုက် ဒဏ်ရာရခဲ့တာလို့ လူမှုကွန်ရက်ပေါ် ပေါက်ကြားလာတဲ့ရဲကြေးနန်းအရ သိရပါတယ်။
အဲဒီရဲကြေးနန်းအရဆိုရင် ဒဏ်ရာရသူတွေထဲမှာ ခရိုင်ထွေအုပ်အရာရှိ၊ ခရိုင်ရဲမှူး၊ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း ယာယီတပ်ရင်းမှူး၊ ဒုရဲမှူး၊ ရဲအုပ်၊ ရဲတပ်သားတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေပါဝင်ပါတယ်။
စာထဲမှာတော့ ထွေအုပ်ဝန်ထမ်း ၂ ဦးသေဆုံးတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာတော့ အစည်းအဝေးပွဲလုပ်ချိန် အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပေမဲ့ အခုဖြစ်စဥ်ဟာ အာဏာသိမ်းပြီးနောက် မြဝတီမြို့မှာ စစ်ကောင်စီအရာရှိကြီးတွေထိခိုက်မှုများတဲ့ ပထမဆုံးဖြစ်စဥ်ဖြစ်လာပါတယ်။
ပုဂံဘုရားတွေခြေရင်းအထိ ရေကြီးရေလျှံမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ပုဂံမှာ မနေ့ စက်တင်ဘာ ၃ ရက်က မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် ရွှေစည်းခုံ၊ အာနန္ဒာနဲ့ စူဠာမဏိ အပါအဝင်ပုဂံဘုရားတော်တော်များများရဲ့ ပရ၀ုဏ်တွေအထိရေကြီးရေလျှံဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသအခြေစိုက်လူမူကူညီရေးအသင်းတွေက ဘုရားတွေထဲကရေတွေကိုရေစုပ်စက်တွေသုံးပြီးရေတွေကုန်အောင်ဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
'' မနေ့ မနက် လေးနာရီလောက်ကနေ ညနေလောက်အထိအဆက်မပြတ်မိုးရွာတော့ ဘုရားတွေမှာ ရေဝပ်သွားကြတယ်။ ရေပြင်ကြီးဖြစ်နေတာပေါ့။ ဒီနေ့တော့နေပွင့်လာပြီ။တချို့ဘုရားတွေရေတွေနည်းနည်းကျန်နေသေးတယ်။ အကုန်တော့မဆင်းသေးဘူး။ တချို့ဘုရားတွေမှာတော့ ရေစုပ်စပ်တွေနဲ့ စုပ်ထုတ်တော့ ကုန်သွားပါတယ် ''
ဘုရားဝင်းတွေထဲမှာရှိတဲ့ ရေဆင်းပေါက်တွေပိတ်ပြီးအခုနောက်ပိုင်း ပုဂံမှာ မိုးများတာ ၊ ချောင်းရေလျှံတာတွေဖြစ်တာနဲ့ ပုဂံတခွင်လုံးရေကြီးရေလျှံတာတွေ၊ ဘုရားခြေရင်းတွေအထိနာရီနဲ့ချီကြာအောင်ရေလျှံတာတွေမကြာခဏဖြစ်နေတယ်လို့ ဒေသအခြေစိုက် ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ဖြစ်လာတဲ့ရေဝပ်မှုတွေကို မထိန်းနိုင်တဲ့အတွက်နှစ်သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ အုတ်ချပ်တွေနဲ့ ကမ္ဘာ့အမွေအနှစ်ဘုရားတွေရဲ့ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်တွေထိခိုက်မှာကိုလည်း ပုဂံကိုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်နေတဲ့ အရပ်ဘက်ပညာရှင်တွေကတောက်လျှောက်ထောက်ပြနေတာပါ။
၂၀၂၀ နောက်ပိုင်းကာလ ကနေ လက်ရှိ ၂၀၂၃ ခုနှစ်မှာတော့ ထင်ရှားတဲ့ အာနန္ဒာ၊ သဗ္ဗညု နဲ့ စူဠာမဏိစေတီတွေလို ထင်ရှားတဲ့ ဘုရားပရဝဏ်တွေသာမက ပုဂံယဥ်ကျေးမှုနယ်မြေတွေထဲ အထိ ရေဝပ်၊ ရေကြီးတဲ့ ပြဿနာကို အဆိုးဆုံးရင်ဆိုင်နေရပါတယ်။
ရေနုတ်မြောင်း ၊ ရေထွက်ပေါက်ကို ဂရုမပြုဘဲ အဆောက်အဦတွေပိတ်ဆောက်တာ၊ အုတ်တံတိုင်းတွေခတ်တာနဲ့ လယ်မြေယာမြေလို ရေစီးဆင်းရမယ့်နေရာတွေမှာ ဘုန်းကြီးကျောင်းလို ဇရပ်လို သာသနိက အဆောက်အဦတွေဆောက်လုပ်လိုက်တာဟာ ရေထွက်ပေါက်ပိတ်လာစေတဲ့ အဆိုးရွားဆုံး ပြဿနာလို့ ပုဂံဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
ရှေးဟောင်းသုတေသနပုဂံဌာနခွဲ ဘက်ကတာဝန်ရှိသူတွေကတော့ အီတလီနိုင်ငံသား ရှေးဟောင်းရေစီမံခန်ခွဲမှုဆိုင်ရာပညာရှင်ရဲ့ အကြံပြုချက်နဲ့အညီရေစီးရေလာကောင်းမွန်ရေးလုပ်ဆောင်နေတယ်လို့ တုံ့ပြန်ထားသလို ရေစီးရေလာကောင်းမွန်ရေးနဲ့ ရေမဝပ်ဖို့အတွက်ရေမြောင်းတွေတူးဖော်နေတယ်လို့ ပြောပါတယ်။








